စစ်ကောင်စီတပ် အကာအကွယ်မပေးနိုင်သဖြင့် ဒလံများအတွက် အဖွဲ့ကိုတည်ထောင်ရကြောင်း ပျူစောထီး ပြောရေးဆိုခွင့်ရှိသူပြောကြား 

စစ်ကောင်စီတပ် အကာအကွယ်မပေးနိုင်သဖြင့် ဒလံများအတွက် အဖွဲ့ကိုတည်ထောင်ရကြောင်း ပျူစောထီး ပြောရေးဆိုခွင့်ရှိသူပြောကြား 
ဓါတ်ပုံ- စစ်အာဏာမသိမ်းခင်က တပ်မတော်ထောက်ခံသူများဟုဆိုသူများ လှည့်လည်အင်အားပြရာတွင် တန်ပြန် ကန့်ကွက်ကြောင်း သင်္ကေတပြသူတစ်ဦးကို တွေ့ရစဉ်

ဇွန်လ ၃ ရက်

စစ်ကောင်စီ၏တပ်များက အကာအကွယ်မပေးနိုင်သဖြင့် ဒလံဟု စွပ်စွဲခံရသူများအတွက် ပျုစောထီးအဖွဲ့ကို တည်ထောင်ထားခြင်းဖြစ်ကြောင်း စစ်သွေးကြွအဖွဲ့တစ်ခုဖြစ်သော ပျူစောထီး၏  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့မှ အတွင်းရေးမှူး ကိုသူရက ပြောသည်။

" နိုင်ငံတော်အာဏာထိန်းပြီးနောက်ပိုင်း နှစ်လကျော်၊ သုံးလလောက်အထိ ဒလံလို့စွပ်စွဲခံရတဲ့သူတွေမှာ အသတ်ခံရတဲ့သူတွေနဲ့ ဒဏ်ရာပြင်း ထန်စွာရတဲ့သူတွေ၊ ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေ စသဖြင့်ကြောက်ရွံ့မှုတွေ ဖြစ်နေတယ်။ ဒီလူတွေကို ကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။ တပ်မတော်ကလည်း ဒီလူတွေကို လုံခြုံရေးအရပဲ တာဝန်ယူနိုင်တယ်။ ရဲတပ်ဖွဲ့ကလည်း လာမကယ်ဘူး။ တခြားအဖွဲ့အစည်းတွေကလည်း လာမကယ်ဘူး။ အဲ့လူတွေက ကယ်တင်ယူရမယ့် ဘဝဖြစ်နေတယ်။ အဲ့အတွက် ဒုက္ခရောက်တဲ့သူတွေကို ကယ်ဖို့အတွက် မဖြစ်မနေထွက်လာတာပါ'' ဟု ၎င်းက ပျုစောထီးအဖွဲ့ဖြစ်ပေါ်လာပုံကို ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကိုထောက်ခံသော ပျုစောထီး၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့ တာဝန်ခံ ဆိုသူသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက " ပျုစောထီးက နစကနဲ့ ပူးပေါင်းရမှာလား ၊ NUGနဲ့ ပူးပေါင်းရမှာလား" ဟု ၎င်း၏ ဖေ့ဘွတ်မှတဆင့် ရေးသားခဲ့သည်။

အဆိုပါ စာအောက်တွင် သဲသဲဆိုသူ အကောင့်တစ်ခုက " လိုင်းပေါ်ခြိမ်းခြောက်ခံရလို့ တိုင်တာ ပျူစောထီးကော စစ်တပ်ကော ဘာမှ မလုပ်ပေးကြဘူး။ ငါးရက်ရှိပြီ လာသတ်မယ့်နေ့ကို စောင့်နေ ရတယ်။ ညဘက်တွေလဲ မအိပ်ရဲဘူး ကျီးလန့်စာစားနေရတယ်''ဟု မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။

ပျူစောထီးအဖွဲ့တွင် သာမန်လူများ၊ ဝန်ထမ်းများ၊ စစ်ခေါင်းဆောင်များ၏မဟာမိတ်နိုင်ငံရေး ပါတီများ၊ အစိုးရဝန်ထမ်းများနှင့် စစ်မှုထမ်းအငြိမ်းစားများပါဝင်ပြီး မြို့နယ်အလိုက်အဖွဲ့ဝင်များရှိကာ ရန်ကုန်တွင် အဖွဲ့ဝင်ပေါင်း ၅၀၀ခန့်ရှိသည့်အနက် အမာခံအဖွဲ့ဝင် ၃၀၀ ကျော်ရှိသည်ဟု ကိုသူရက ပြောသည်။

ဆက်လက်၍ ပျုစောထီးအဖွဲ့တွင် ပြန်ကြားရေးပိုင်း၊ စစ်ဆေးရေးအပိုင်းများနှင့် တိုက်ခိုက်ရေး အပိုင်းဟူ၍ အသီးသီးရှိပြီး စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု ကိုသူရက ပြောသည်။

"နယ်မြေခံစစ်သားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ကျွန်တော်တို့ကတော့ သတင်းနဲ့ပတ်သက်တာကို ပိုဦးစားပေးဆောင်ရွက်ပါတယ်။ သတင်းရယူတာတွေ ရရှိတဲ့ သတင်းနဲ့ပတ်သက်ပြီး နယ်မြေခံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ပါတယ်။ပြီးတော့ တိုင်ထားတဲ့အမှုတွေကို လက်ခံစီစစ်တယ်။ သတင်းစုံ စမ်းတယ်။ နယ်မြေဒေသခံ ပျူအဖွဲ့ဝင်တွေ ပေးပို့တာ ကို ပြန်ပြီး အတည်ပြုတယ်။ အတည်ပြုစိစစ်ပြီးရင် နယ်မြေခံ စစ်ကြောင်းတွေ ချိတ်ဆက်ပြီး လုပ်ပါတယ်''ဟု  ပျူစောထီးအဖွဲ့၏ လုပ်ဆောင်ချက်အချို့ကို ပြောသည်။.

စစ်သွေးကြွ ပျုစောထီးတိုက်ခိုက်ရေးအဖွဲ့ကို နိုင်ငံတော်အကြီးအကဲများ၏ ခွင့်ပြုချက်နှင့် ၎င်းတို့လိုအပ်ပါက စစ်တပ်၏ အရံအဖြစ် ထောက်ပံ့ပေးသွားမည်ဟု ကိုသူရ ဆက်လက်ပြောသည်။

"တိုက်ခိုက်ရေးအဖွဲ့တွေကတော့ ဖွဲ့ပါတယ်။ အရေးပေါ် ပြည်သူ ဒုက္ခရောက်ရင် ရှေ့တန်းကနေ မားမားမတ်မတ်ရပ်နိုင်အောင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ အဖွဲ့အစည်းတစ်ဖွဲ့ထဲထွက် ပြီး ရပ်မှာ မဟုတ်ဘူး။ နိုင်ငံတော်အကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ပြီးတော့ သူတို့ တကယ်ပဲ လိုအပ်လာရင် တပ်မတော်နဲ့ ပူးပေါင်းပြီး တပ်မတော်ရဲ့ အရံအဖြစ် တပ်မတော်ကို အထောက်အပံ့ပေးနိုင်အောင်ပါ''ဟု ၎င်းက ဆက်လက်ပြောသည်။

ပျူစောထီးအဖွဲ့များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်ဖွဲ့စည်းထားကြောင်း ရန်ကုန်မြို့နေ အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောခဲ့ဖူးသည်။ 

မေလ ၃၁ ရက်နေ့က ကချင်ပြည်နယ် ဖားကန့် အေးမြသာယာ မနကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်စိုးကို လုပ်ကြံသတ်ဖြတ်သူများမှာ ပျူစောထီးတို့လက်ချက်ဖြစ်သည်ဟု စွပ်စွဲမှုများရှိနေသည်။

 စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူဖြစ်ပြီး NLD ပါတီဝင်လည်းဖြစ်သော ဦးတင်စိုးသည် တိမ်းရှောင်နေရာက နေအိမ်သို့ခေတ္တပြန်လာရာတွင် ဆိုင်ကယ်စီးနင်းလာသော သေနတ်သမားက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။  

ပျူစောထီးတပ်ဖွဲ့များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ဆန္ဒပြသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တိုက်ခိုက်ရန်နှင့် ၎င်းတို့အဆိုအားဖြင့် " တန်ပြန်အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိုင်ရန်" မေလလယ်က စတင်ဖွဲ့စည်းထားခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်သူများ၏ ကိုယ်ရေးအချက်အလက်၊ နေရပ်လိပ်စာများကို စုံစမ်းသတင်းပေးရသော အလုပ်များလည်း လုပ်ရကြောင်း မဇ္ဈိမက သိရှိထားသည်။

ပျူစောထီးအဖွဲ့ဟူ၍ မပေါ်ပေါက်ခဲ့စဉ်က အလားတူအစုအဖွဲ့မျိုးဖြင့် တပ်မတော်ထောက်ခံသူများဟုဆိုကာ အာဏာသိမ်းမှုမတိုင်မီ ဆန္ဒပြလုပ်ဆောင်လေ့ရှိကြပြီး ဓါး၊ လေးဂွစသည့် လက်နက်များ ကိုင်ဆောင်လေ့ရှိခဲ့ကြပြီး ၎င်းတို့ကိုကန့်ကွက်သူများကို အုပ်စုဖွဲ့ ရန်မူလေ့ရှိကြသည်။
 စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း အာဏာသိမ်းမှုဆန့်ကျင်သူများ၏ နေအိမ်တွင်း သံပုံးတီးခြင်းအပါအဝင် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုများပျက်ပြားစေရေးအတွက် ခြိမ်းခြောက်လုပ်ဆောင်မှုများပြုခဲ့သလို ဆန္ဒပြသူများကိုဖမ်းဆီးနိုင်ရေး လက်ထောက်ချသတင်းပေးခြင်းများလုပ်ခဲ့ကြသည်။

အင်တာနက်တွင်ပေါက်ကြားခဲ့သော ပျူစောထီးဗဟို၏ညွှန်ကြားချက်တွင် ဆန့်ကျင်ဘက်အဖွဲ့အစည်းများအတွင်း အသွင်ယူရန်၊ လူမှုကွန်ရက်စာမျက်နှာအကောင့်များကို နာမည်ရင်း၊ ပုံရင်းမသုံးဘဲ လျို့ဝှက်စွာနေရန်၊ အသွင်ယူရင်းဖမ်းဆီးခံရပါက ပျူစောထီးဗဟိုအဖွဲ့ကို ခြောက်နာရီအတွင်း အကြောင်းကြားရန်တို့ပါဝင်သည်။

ပျူစောထီးအဖွဲ့ဝင်များ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားချက်များသည် အစွန်းရောက်အဖွဲ့စည်းတစ်ခုဖြစ်သည့် မဘသကဲ့သို့ပင် NLD အစိုးရတက်လျှင် မွတ်ဆလင်နိုင်ငံဖြစ်သွားမည်ဆိုခြင်းနှင့် မီဒီယာများကိုမုန်းတီးသော အရေးအသားများကိုလည်း တွေ့ရများသည်။
ပျူစောထီးအကောင့်များတွင် စစ်တပ်အရာရှိဟောင်းတချို့၏ ထောက်ခံရေးသားသော ကွန်မင့်များလည်း တွေ့ရတတ်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly