တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို ငွေထုတ်ချေးရန် လမ်းဖွင့်ထား

တရုတ်ကျောထောက်နောက်ခံ AIIB ဘဏ်က မြန်မာအာဏာသိမ်းစစ်အုပ်စုကို ငွေထုတ်ချေးရန် လမ်းဖွင့်ထား
Photo - AFP

ဇွန် ၃

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ဆီ ပြန်သွားခြင်း မရှိသေးလျင်တောင်မှ မြန်မာနိုင်ငံရှိ ပရောဂျက်များအတွက် ငွေကြေးထောက်ပံ့ပေးရန် လမ်းဖွင့်ပေးထားကြောင်း ပေကျင်းအခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ပြောကြားခဲ့သည်။

AIIB ဘဏ်အနေဖြင့် မြန်မာနိုင်ငံအတွက် ထည့်သွင်းစဉ်းစားထားသည့် ပရောဂျက်အသစ် မရှိသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီကို ‘de facto government’ (တရား၀င်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော အစိုးရ) အဖြစ် သတ်မှတ်ညှိနှိုင်းဆောင်ရွက်နိုင်သည့် မူဘောင်တစ်ရပ် ရှိကြောင်း AIIB ၏ ဒုဥက္ကဋ္ဌ ဂျောင်ချင်မ် ဗွန် အမ်စဘာ့ဂ်က Financial Times သတင်းစာကို ပြောသွားခဲ့သည်။

“အစိုးရ ပုံစံအမျိုးအစားနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကြည့်ရှုမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ရဲ့ စိစစ်ဆောင်ရွက်မှု စာရင်းကနေပဲ သွားမှာပါ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး၀င်းမြင့် ဦး‌ဆောင်သော ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ အာဏာသိမ်းယူကာ ဆန္ဒပြသူများကို လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့သည်။ အာဏာသိမ်းစစ်တပ်နှင့် အဆက်အသွယ်ဖြတ်တောက်ရေးအတွက်  မြန်မာနိုင်ငံတွင် အကျိုးစီးပွားများ ရှိနေသည့် အခြားသော အစိုးရများ၊ ကုမ္ပဏီများအပေါ် ဖိအားများ တိုးမြင့်ကျရောက်နေစဉ် ယခု AIIB ၏ ထုတ်ဖော်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူများ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်အဖြေပေးသည့်အနေဖြင့် အနောက်အုပ်စု စွမ်းအင်လုပ်ငန်းစုများဖြစ်သည့် Total နှင့် Chevron တို့သည် ပြီးခဲ့သည့်အပတ်က မြန်မာ၏ နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီထံ အစုပေါ်အမြတ် ငွေသားများ ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားခဲ့သည်။

ထို့ပြင် ဂျပန်ဘီယာလုပ်ငန်းစု ကီရင်နှင့် တောင်ကိုရီးယား သံမဏိလုပ်ငန်း ပေါ်စကို တို့သည်လည်း မြန်မာရှိ စစ်တပ်ထိန်းချုပ်သော လုပ်ငန်းစုများနှင့်အကြား ဖက်စပ်လုပ်ငန်းများကနေ ထွက်ခွာမည့် အစီအစဉ်များကို ကြေညာထားခဲ့သည်။

AIIB ၏ စိစစ်ဆောင်ရွက်မှုစာရင်း၌ de facto government တစ်ရပ်တွင် နယ်မြေပိုင်နက်ဆိုင်ရာ ထိရောက်သော ထိန်းချုပ်မှု ရှိသလား ဆိုသည့် အချက်နှင့်အတူ၊ အခြားဘဏ္ဍာရေး တာ၀န်၀တ္တရားများကို နိုင်ငံ၏ အသိအမှတ်ပြုမှု၊ အိမ်နီးချင်းနိုင်ငံများ၏ ရပ်တည်ချက်နှင့် ဖြစ်နိုင်ခြေရှိ ဘဏ္ဍာရေး အန္တရာယ်များ စသည်တို့နှင့်ပတ်သက်ပြီး အကဲဖြတ်ခြင်းများ ပါ၀င်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ထူထောင်ခဲ့သည့် AIIB ကို တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးမားသော ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း အခြေခံအဆောက်အအုံစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားခဲ့ရသည်။ ထို့နောက်မှစ၍ AIIB သည် ပရောဂျက် ၁၂၃ ခုအတွက် ဒေါ်လာ ၂၄ ဘီလီယံကျော်ရှိ ငွေထုတ်ချေးမှုများကို အတည်ပြုပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required