မုန်းမြို့နယ်အတွင်း ဗုံး ၂ လုံး ပေါက်ကွဲ

မုန်းမြို့နယ်အတွင်း ဗုံး ၂ လုံး ပေါက်ကွဲ

ဇွန် ၃

ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ မုန်းမြို့ရဲ့အရှေ့ဘက်မှာရှိတဲ့ ၊ ရေအိုးစင်ရွာထိပ်နဲ့ ကောပြင်းရွာပြင်ဆိုင်းပုဒ်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ 

မနေ့က ဇွန်လ ၂ ရက်နေ့ မနက်ပိုင်း ၇ နာရီ ၅၂ မိနစ်ခန့်မှာ ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရွာနှစ်ရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီ ခလရ - ၅၉၀ တပ်ရင်း ရှိတယ်လို့သိရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး မကြာခင်မှာ စစ်ကောင်စီ ခလရ - ၅၉၀ တပ်ရင်းက လာရောက်စစ်ဆေးတာတွေ၊ ဒေသခံတွေရဲ့ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီဒေသခံကပြောပါတယ်။ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဲ့ဒီဒေသတွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်း - ၈ စိုးမိုးနယ်မြေတစ်ခုလဲဖြစ်ပါတယ်။ 

လက်ရှိအခြေအနေတွေအရ ဗုံးခွဲခဲ့သူတွေဟာ ပျူစောထီးအဖွဲ့တွေလို့ ယူဆကြောင်းပြောပါတယ်။ "ကေအန်ယူစိုးမိုးနယ်မြေဆိုတော့ ရွာထဲမှာ ပြောနေကြတာတော့ ဒီဘက်မှာက ပျူစောထီးဆိုတဲ့ အဖွဲ့တွေလဲ ဖွဲ့ထားတာရှိတော့ ဒီအဖွဲ့ ကလုပ်ကြတယ်လို့ သတင်းတွေကြားနေရတယ်လို့ ဒေသခံကပြောပြပါတယ်။ 

အဲ့ဒီဒေသမှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ထိတွေ့တိုက်ပွဲတွေမရှိသေးပေမယ့် နှစ်ဘက် ပြင်ဆင်မှုတွေ ပိတ်ဆို့မှုတွေတော့ ပြုလုပ်လာတာတွေ့ရတယ်လို့ ဒေသခံကဆိုပါတယ်။ခုလိုပေါက်ကွဲမှုဖြစ်တာက မုန်းမြို့အနီးမှာ ပထမဆုံးအကြိမ်ပေါက်ကွဲခဲ့တာပါ။   ဒီကနေ့ ဇွန်လ ၃ ရက်မှာတော့ အဲ့ဒီဗုံးပေါက်ကွဲရာ နေရာတွေမှာ စစ်ဆေးတာတွေ မရှိဘူးလို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly