နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂ ဇွန် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂ ဇွန် ၂၀၂၁)
(Photo:  : CJ - ဇွန်လ ၂ ရက်၊ သရက်ချောင်းမြို့နယ်(သင်းကျွန်းရွာ)  စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး  ညနေ့ပိုင်းတွင် ဆိုင်ကယ်သပိတ်မြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာတွင် ယမန်နေ့ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ဖြစ် ပွားခဲ့သည်။ ယနေ့နံနက် ၃ နာရီကျော်ကလည်း မင်္ဂလာတောင်ညွန့်၊ ၁၂၅ လမ်းရှိ သပြေကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီးတွင်လည်း ပေါက်ကွဲမှုဖြစ်ခဲ့ကာ လူထိခိုက်မှု မရှိခဲ့သော်လည်း အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ မှန်များ ပျက်စီးခဲ့သည်။

• လှိုင်သာယာမြို့နယ် (၇) ရပ်ကွက်နေ တွဲကားမောင်းသူတစ်ဦးအား ယမန်နေ့ည ၁၁ နာရီခန့်တွင် စစ်အုပ်စုလက်နက်ကိုင် များက ၎င်း၏ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးကာ လက်ကိုင်ဖုန်းများ သိမ်းယူသွားခဲ့ပြီး သတင်းပေးတိုင်ကြားခံရမှုကြောင့် စွပ်စွဲဖမ်းဆီးခြင်းခံရသူ ဖြစ်သည်ဟု သိရသည်။ 

• စမ်းချောင်းမြို့နယ်၊ ဇလွန်လမ်းအတွင်းရှိ မူလတန်းကျောင်းတွင် နံနက် ၁၁ ခန့်က အမည်းရောင်အိတ်အမဲတစ်လုံး လာ ရောက်ပစ်ထားသည့်အတွက် ရဲနှင့် စစ်ကားလေးစီး ရောက်လာကာ လမ်းအား နာရီဝက်ခန့်ပိတ်၍ မိုင်းရှင်းလင်းရေးအဖွဲ့ ဖြင့် စစ်ဆေးခဲ့ရာ အမှိုက်ထုပ်ဖြစ်နေသည့်အတွက် အဆိုပါအထုပ်အား လမ်းဘေးတွင်ပင် ပစ်သွားခဲ့သည်။

• စစ်အုပ်စုဘက်က မြို့တွင်းတိုက်ပွဲများ ဖြစ်လာပါက ၎င်းတို့ဘက်က ကူညီရန်အတွက် မြို့ပေါ်ရှိ အရေးပေါ်ကူညီရေးအဖွဲ့ များထံမှ လူစာရင်းတောင်းကာ လူ ၃၀ ရွေးချယ်ထားပြီး ဝတ်စုံနှင့် ပစ္စည်းကိရိယာများအပြင် ရွေးချယ်ခံရသည့်အဖွဲ့မှ ကားလိုအပ်ပါကလည်း ကားများပေးရန် စီစဉ်လျက်ရှိသည်။ 

• ရန်ကုန်မြို့နေ အခြေခံပညာကျောင်းအချို့မှ ကျောင်းသားများကလည်း သွေးစွန်းနေသည့် ကျောင်းစိမ်းဝတ်စုံများ ဝတ်ဆင် ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Photo ကမ်ပိန်း ပြုလုပ်ခဲ့သည်။

• စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရွှေပြည်သာမြို့နယ်၊ (၁၀) ရပ်ကွက်၊ ကော့သောင်းလမ်းတွင် နေထိုင်သည့် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနေအိမ်တွင် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ထိခိုက်မှု မရှိခဲ့ဟု သိရသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ မနော်ဟရီလမ်းမကြီးနှင့် ၅၆ လမ်းထောင့်ရှိ လေးမျက်နှာဘုရားဝန်းတွင် ယမန်နေ့ည ၈ နာရီ ၄၅ မိနစ်ခန့်က တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားစဉ် လက်ပစ်ဗုံး ပစ်သွင်းခံရမှုကြောင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။ ထို့နောက် စစ်သားများက လမ်းသွားလမ်းလာနှင့် ဆိုင်ကယ်များကို တားဆီးစစ်ဆေးရာ မရပ်ပေးဘဲ မောင်းပြေးသည့် ဆိုင်ကယ်တစ်စီးအား ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်စီးလာသူပြည်သူတစ်ဦး သေဆုံးခဲ့ကာ နှစ်ဦးကိုလည်း ဖမ်းဆီးထားသည်။ ထို့ပြင် မဟာအောင်မြေမြို့နယ်ရှိ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ စက်သုံးဆီဆိုင်တွင်လည်း ပေါက်ကွဲမှုဖြစ် ပွားရာ ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည်။ 

• မဟာအောင်မြေမြို့နယ်၊ ဟေမာမာလာတောင်ရပ်ကွက် လမ်း ၄၀ (၇၉ နှင့် ၈၀) ကြားတွင် ယမန်နေ့ည ၆ နာရီခွဲခန့်က စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် လက်လုပ်ဗုံးပေါက်ကွဲရာ အိမ်ရှေ့တွင် ထိုင်နေသည့် အုပ်ချုပ်ရေးမှူး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ 

• စစ်အာဏာရှင်စနစ်အား လက်နက်စွဲကိုင် အမြစ်ပြတ်တိုက်ထုတ်ရန် မဖြစ်မနေ လိုအပ်နေသည့်အတွက် တိုင်းပြည်နှင့် ပြည်သူအတွက် စွန့်လွှတ်အနစ်နာခံရဲသောသူများ ပေါင်းစည်းကာ Ghost Rider (MDY) Special Task Force ကို ဖွဲ့စည်းထားပြီ ဖြစ်ကာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လက်အောက်တွင် ရှိမည် ဖြစ်သည်။

• မန်း မစိုးရိမ်တိုက်သစ် သံဃာတော်များက ပရိတ်ရွတ်ဖတ်ပူဇော်ချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ဆဲဆို ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ သံဃာအချို့ ထိခိုက်ခဲ့ကာ ဖမ်းဆီးခံရမှု မရှိခဲ့ပေ။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ တပ်ပေါင်းစုတွင် မန္တလာတက္ကသိုလ်ကျောင်းသား/သူ၊ ချမ်းမြသာစည်ကျောင်းသားသမဂ္ဂ၊ ဗကသ၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ သပိတ်စစ်ကြောင်းများ ပါဝင်သည်။

• အောင်မြေသာစံကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း မန်းမြို့ အဓိကလမ်းမကြီးဖြစ်သည့် ၁၉ လမ်းပေါ်ထိတက်ကာ "နောက်မဆုတ်ဘူး"၊ "မကြောက်ဘူး"၊ "မလျှော့ဘူး" စသည့်ဖြင့် ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်းလေးပြင်ရပ် သံဃာသမဂ္ဂစစ်ကြောင်းကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် ဖမ်းဆီးခံထားရသည့် ခေါင်းဆောင် များ လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်က ဆန္ဒပြခဲ့သည်။ 

• မန်း ကျောက်မျက်ရတနာကုန်သည်/ပွဲစား၊ မဟာအောင်မြေ၊ အ.ထ.က (၂၄) ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း နေ့လယ်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ပြခဲ့ကြသည်။ 

• ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်သပိတ်စစ်ကြောင်းကလည်း မြို့တွင်း၌ ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• တံတားဦးမြို့နယ်နေ ပြည်သူများကလည်း စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြမှုအနေဖြင့် ဘွဲ့လက်မှတ်များ မီးရှို့ကာ ဆန္ဒထုတ်ဖော်ပြခဲ့ကြသည်။

• မိတ္ထီလာမြို့တွင် အများသွားလာခွင့်ကန့်သတ်ထားသည့် နံနက် ၃ နာရီခန့်က စက်မှုဇုန် ၂ နှင့် ၃ ကြားရှိ အ.လ.က ကျောင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ စာသင်ခန်းအများစု မီးလောင်ပျက်စီးခဲ့သည်။ 

• မြင်းခြံမြို့ ကျောင်းဖြူကန်ရွာတွင် စစ်အုပ်စုလက်နက်ကိုင် ၅၀ ခန့် တပ်စွဲထားရာမှ ယနေ့နံနက်ပိုင်းတွင် ကားနှစ်စီး အင်အားအပြည့်ဖြင့် ထပ်မံအားဖြည့်ထားကာ ရွာခံအမျိုးသားမျာအား ခေါ်ထုတ်ကာ ကျောင်းသန့်ရှင်းရေးအတွက် အဓမ္မ ခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။

• မိုးကုတ်မြို့၊ ပြောင်ခေါင်းကျေးရာအုပ်စု၊ ပန်လင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေကို စစ်အုပ်စုလက်နက်ကိုင်များက ကားနှစ်စီးဖြင့် ၎င်း၏ နေအိမ်သို့ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ ၎င်းမှာ ရက်အတန်ကြာ တိမ်းရှောင်နေရာမှ နေအိမ် သို့ ပြန်လည်စဉ် ဖမ်းဆီးခံရခြင်းလည်း ဖြစ်သည်။ 

• မိုးကုတ်မြို့၊ လျှပ်စစ်ရုံးတွင် ယနေ့ နေ့လယ်ပိုင်းက အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည်။ 

• မိုးကုတ်နေ လူငယ်များကလည်း "လုံးဝအုပ်ချုပ်ခွင့်မရစေရ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။

• ညောင်ဦးမြို့ ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်းလမ်းများအတိုင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပြည်မြို့တစ်ဖက်ကမ်း ဥသျှစ်ပင်မြို့တွင် ဒေသခံများက စစ်အုပ်စုသတင်းပေးဟု သတ်မှတ်ထားသူပိုင် ကားဝပ်ရှော့တွင် ယမန်နေ့ည ၁၀ နာရီဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားရာ ကိုမင်းမင်းဦး ဆိုသူအား စစ်အုပ်စုလက်နက်ကိုင်များက လိုက်လံ ဖမ်းဆီးနေရာ ၎င်းအား မတွေ့သည့်အတွက် အသက် ၆၀ ကျော်အရွယ် မိခင်နှင့် အသက် ၄၀ အရွယ် ဇနီးဖြစ်သူတို့အား ဖမ်းဆီးသွားသည်။ ထို့ပြင် ဗောဓိပင်လမ်းထိပ်နေ လူငယ်နှစ်ဦးနှင့် လမ်းမတော်ရွှေပင်ရပ်ကွက်နေ ဦးမြင့်ထွန်းဦးတို့ကိုလည်း ဖမ်းဆီးထားသည်။ 

• ပေါင်းတည်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ယခင်စာသင်နှစ်က ကျောင်းသားဦးရေ ၁၈၀၀၀ ခန့် ရှိခဲ့ပြီး ယခု စာသင်နှစ်တွင် ၅၀၀၀ ဝန်းကျင်ခန့်သာ ကျောင်းတက်လျက်ရှိသည်။ 

• ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် အ.ထ.က (၆) ကျောင်းအနီးတွင် နေ့လယ် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေနတ်ပစ်ခတ်မှုများလည်း ရှိခဲ့ပြီး စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

• တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးရဲထွန်းမှာ ယနေ့နံနက် ၇ နာရီခွဲခန့်က သေနတ်ပစ်ခံရ၍ သေဆုံးခဲ့ပြီး တန့်ဆည်ပြည်သူ့ရဲဘော်အဖွဲ့ - Taze People Comrades – TPC က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားကာ တန့်ဆည်ရဲစခန်းသို့ ဝင်ထွက်နေသည့် သတင်းပေးနှင့် အုပ်ချုပ်ရေးမှူးများမှာလည်း ပြည်သူများအား ဆက်လက် ဒုက္ခပေးမည်ဆိုပါက ယခုကဲ့သို့ လုပ်ကြံခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။ 

• စစ်ကိုင်တိုင်း၊ ကလေးမြို့နေ လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလမ်းများ၌ လှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ကျေးရွာများတွင်း လှည့်လည်ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်မြို့နယ်၊ မုံရွာ-ကလေးဝ-ပုသိမ်လမ်းခွဲအနီးရှိ အောင်ဇေယျစျေးတွင် နံနက် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• ယင်းမာပင်မြို့ အ.ထ.ကကျောင်းဝင်းအတွင်းတွင် နံနက် ၁၀ နာရိခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်သူ မရှိခဲ့ဟု သိရသည်။ 

• မုံရွာမြို့တစ်ဖက်ကမ်းရှိ လူအင်အားရာနှင့်ချီ ပါဝင်သော ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများအတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• မေလ ၃၀ ရက် ဖြစ်ပွားသည့် စစ်အုပ်စုလက်နက်ကိုင်များနှင့် ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ပစ်ခတ်မှုတွင် ကသာ PDF ဘက်မှ ငါးဦး ကျဆုံးခဲ့ကာ စစ်အုပ်စုဘက်က ရှစ်ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦးအထက် ဒဏ်ရာရရှိထားရာမှ မေလ ၃၁ ရက်တွင် သုံးဦးထက်မနည်း ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု ကသာ PDF က ယနေ့ ထုတ်ပြန်လိုက်သည်။ တိုက်ပွဲဖြစ်ခဲ့စဉ်က စစ်အုပ်စုတပ်သားများက ရဲတပ်ဖွဲ့ဝင်များအား ရှေ့တွင်ထား၍ တိုက်ခိုက်ခိုင်းခဲ့သဖြင့် ကသာမြို့နယ်၊ ကျောက်ထုံးကြီးရဲကင်းမှ စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်ဟုလည်း ဖော်ပြထားကာ ယခုရက်ပိုင်းအတွင်း ကသာ-ဗန်းမော်လမ်းတစ်လျှေက်ရှိ ပြည်သူများအနေဖြင့် အသွားအလာ သတိပြုကြရန်လည်း တိုက်တွန်းထားသည်။

• ဒီပဲယင်းမြို့နယ်၊ ဝဲကြီးနှင့် လက်ဆည်ကျေးရွာနေ တောင်သူများကလည်း ပဲစိုက်ခင်းများအတွင်း အလုပ်လုပ်ရင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထား တိုက်ခိုက်နေရချိ်နတွင် ခင်ဦးမြို့နယ်၊ ကွမ်းတိုင်ကျေးရွာအုပ်စု စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်မှာ ကျန်းမာရေးနှင့် မိသားစုအခြေအနေကြောင့်ဟုဆိုကာ နုတ်ထွက်ခွင့်ပြုရန် စာတင်ထားသည်။ 

• စစ်ကိုင်းတိုင်းအတွင်း ကာလတိုစစ်သင်တန်း အမှတ်စဉ် ၁ မှ ၄ အထိ သင်ကြားထားပြီးဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။

မကွေးတိုင်းဒေသကြီး

• ပခုက္ကူမြို့၊ အင်းဝဘဏ်ရှေ့တွင် လုံခြုံရေးယူထားသည့် လက်နက်ကိုင်စစ်အုပ်စုတပ်သားများအား ယမန်နေ့ည ၆ နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်နှစ်ဦးက ဆိုင်ကယ်ပေါ်မှ အော်ဟစ်ခဲ့ရာ သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ မရခဲ့သော်လည်း ဆိုင်ကယ်တိမ်းမှောက်ကာ တစ်ဦးခြေထောက်ကျိုးကာ တစ်ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

• တောင်တွင်းကြီးမြို့နယ်၊ တလုပ်ကျေးရွာ အ.မ.က ကျောင်းတွင် ယမန်နေ့ည ည၁၂ ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 

• မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် မြိုင်မြို့ အနောက်ပိုင်းဇုန်ပြည်သူများ ပူးပေါင်းကာ စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြိုင်မြို့နယ် ပန်းတိုင်တောရွာနေ ဆရာ/ဆရာမ၊ ကျောင်းသား/သူနှင့် မိဘပြည်သူများကလည်း စစ်အုပ်စုလက်အောက် ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ သမင်အုပ်ကျေးရွာတွင်လည်း ကျောင်းသားနှင့် ပြည်သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေနံချောင်းမြို့နေ လူငယ်များကလည်း "ငါတို့ G-Z တွေ ရှိနေသ၍ ဘယ်တော့မှ စစ်အုပ်ချုပ်ခွင့်မရစေရဘူး" ဟု ရေးသား ထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူ၊ ကံပေါက်ဒေသခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အာရုဏ်ဦး သပိတ် ပြုလုပ်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ကုန်းဇရပ်၊ ညင်းမော် စသည့် ကျေးရွာများတွင် ကျေးရွာသပိတ်စစ်ကြောင်းများ ထွက်ကာ စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာနေ ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြု လုပ်ခဲ့သည်။

• ထားဝယ်တပ်ပေါင်းစုနှင့် လူငယ်ရေးရာသပိတ်စစ်ကြောင်းတို့ကလည်း ယနေ့ နေ့လယ်ပိုင်းတွင် မြို့တွင်းလှည့်လည် ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြိတ်မြို့တွင် မတ်လ ၁ ရက်က စစ်အုပ်စုလက်နက်ကိုင်များက နေအိမ်အား အကြမ်းဖက်ဝင်ရောက်ကာ ဖမ်းဆီးတရားစွဲထားသည့် မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်အား စစ်အုပ်စုလက်အောက်ခံ တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။ ကိုအောင်ကျော်အား တရားစွဲဆိုစဉ်ကလည်း ၎င်းအတွက် ခုခံကာကွယ်ပေးမည့် ရှေ့နေများကို စစ်အုပ်စုစီက ဖိအားပေးသည့်အတွက် ကိုယ်တိုင်လျှောက်လဲခဲ့ရသည်။ ထို့ပြင် မဇ္စျိမသတင်းဌာန အ လွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကိုလည်း အလားတူ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် "ကျောင်းမတက်နဲ့ ကျောင်းပျက်" ဟုဆိုကာ စစ်ကျွန်ပညာရေးစနစ် ဆန့်ကျင်ကြောင်း တစ်ကိုယ်တော်ဆန္ဒပြသူ အမျိုးသမီးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးသွားသည်။

• ညောင်တုန်း အ.ထ.က (၁) ကျောင်းအနောက်ဖက်တွင်လည်း ယမန်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ သည်။

• ရေကြည်မြို့ အ.ထ.က (၁) နှင့် မြို့မ အ.ထ.က တို့တွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့သည်။ 

• ဧရာဝတီတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရှိ CDM ပြုလုပ်နေသည့် ပြည်သူ့ဝန်ထမ်း ၃၂ ဦးအား စစ်အုပ်စုက အလုပ်မှ ထုတ်ပယ်ပစ်လိုက်သည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနားမြို့၊ နောင်နန်း (၈) မိုင်ကျေးရွာ ကျောင်းတွင် ယမန်နေ့ည ၁၁ နာရီခန့်က အသံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

• ပူတာအိုမြို့၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် - KBC စစ်ရှောင်စခန်းတစ်ခုဖြစ်သည့် လုံစွတ်စခန်းတွင် ယမန်နေ့ ညနေပိုင်းက စစ်အုပ်စုလက်အောက်ခံ ခလရ ၄၆ တပ်ရင်းမှ ကားနှစ်စီးဖြင့် ဝင်ရောက်ကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ KIA က ပူတာအိုလေဆိပ်အား လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ လာရောက်စစ်ဆေးခြင်းလည်း ဖြစ်သည်။ 

• မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ကြံ့ခိုင်ရေးပါတီထောက်ခံသူ ဦးအေးမင်းအား ဆိုင်ကယ်စီးလာသူ နှစ်ဦးက ယမန်နေ့ ည ၆ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာပြင်းထန်သည့်အတွက် မြစ်ကြီးနားသို့ ပို့ဆောင်ကုသနေရပြီး ၎င်းမှာ စစ်အုပ်စုသတင်းပေးဟုလည်း ရပ်ကွက်နေပြည်သူများက သတ်မှတ်ထားသူ ဖြစ်သည်။ 

• ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာ စန်းသီးကုန်းရပ်ကွက်ရှိ NLD အစိုးရလက်ထက် ဆယ်အိမ်မှူးဟောင်း ကိုရာဇမှာ ယမန်နေ့ည ၇ နာရီခန့်က ဆိုင်ကယ်ဖြင့် သွားနေစဉ် အမည်မသိ လူလေးဦးက ဓားဖြင့် ဝိုင်းခုတ်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

• ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ဘိုကုန်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားကာ ရွှေကူမြို့နယ် PDF တပ်ဖွဲ့ ၏ ညီနောင်အရံအင်အားအဖွဲ့တစ်ခုဖြစ်ကြောင်း ကြေညာလိုက်သည်။

• ဖားကန့်မြို့၊ တာမခန်မြို့သစ်ကျောင်းအား ဖွင့်ရန် Non CDM ဆရာ/ဆရာမများက ပြန်လည်ဖွင့်လှစ်ရန် လုပ်ဆောင်ခဲ့ရာ ဒေသခံများက သံဗုံးတီးကာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုနေ ပြည်သူများကလည်း စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အာဏာရှင်စနစ်အား နေ့စဉ်မပျက် ဆန္ဒထုတ်ဖော်နေသည့် မိုးကောင်းမြို့ခံသပိတ်စစ်ကြောင်းအား စစ်အုပ်စုလက်အောက်ခံ ရဲနှင့် စစ်သားများက လိုက်လံဖြိုခွင်းခဲ့သော်လည်း ဒေသခံများက ပြောက်ကျားစနစ်ဖြင့် ပြန်လည်သပိတ်ပြု လုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 
• အင်ဂျန်းယန်မြို့နယ်ရှိ CDM ပြုလုပ်နေသည့် သင်ကြားရေးဝန်ထမ်း ၂၇ ဦးကို စစ်အုပ်စုက အလုပ်က ထုတ်ပယ်လိုက်သည်။ 

• ပူတာအိုတွင် စစ်အုပ်စုဘက် အားနည်းနေသည့်အတွက် ပူတာအိုခရိုင် မချမ်းဘော့၊ နောင်မွန်နှင့် ခေါင်လန်ဖူးတို့ရှိ စစ်မှုထမ်းဟောင်းများအား တာဝန်ပြန်ထမ်းဆောင်ရန်အတွက် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက လိုက်လံ စည်းရုံးလျက်ရှိသည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်တွင် လူငယ်များက "Non CDM သမားတွေ ဘာလို့ စစ်ဘေးရှောင်တာလဲ...မရှက်ဘူးလား" အပါအဝင် စစ်အုပ်စုနှင့် စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများအား ဆန့်ကျင်ကြောင်း စာများရေးသားကိုင်ဆောင်ကာ အသံမတိတ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF သည် စစ်အာဏာရှင်စနစ် ပပျောက်ရေးအတွက် ဆန့်ကျင်တော်လှန် သွားရန် ရည်ရွယ်ဖွဲ့စည်းထာခြင်းဖြစ်ကာ မကြာမီက ဖွဲ့စည်းလိုက်သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - KNDF ၏ လက် အောက်ခံအဖွဲ့အဖြစ် ပါဝင်ခြင်းမဟုတ်ဘဲ တူညီသော ရည်ရွယ်ချက်ဖြင့် မဟာမိတ်အနေဖြင့် လက်တွဲဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ 

• ဒီးမော့ဆိုတွင် KNDF နှင့် စစ်အုပ်စုလက်နက်ကိုင်များ မေလ ၃၁ ရက်က တိုက်ပွဲအပြီး သေဆုံးခဲ့ပြီး ပြန်လည်ကောက်ယူ သွားခြင်းမရှိသည့် စစ်အုပ်စုဘက်မှ အလောင်းများအား KNDF က ယနေ့နံနက်ပိုင်းတွင် မီးရှို့ပေးခဲ့ရသည်။

• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာအား ပစ်ခတ်ရ လွယ်ကူအောင်အတွက် စစ်အုပ်စုဘက်က ဒီးမော့ဆိုမြို့နယ် ရဲစခန်းရှေ့ရှိ မြင်ကွင်းကွယ်နေသည့် ပြည်သူများ၏ နေအိမ်များအား လက်နက်ကြီးများဖြင့် ပစ်ကာ ဖြိုချဖျက်ဆီးလျက်ရှိသည်ဟု ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က ကြေညာထားသည်။ 

• ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင် စစ်အုပ်စုလက်နက်ကိုင်များက ပွဲကုန်း ၃ နှင့် ၂ အကြား လမ်းဆုံနေရာတွင် အကြောင်းမဲ့ပစ်ခတ်မှုများအား ယနေ့နံနက်ပိုင်းကတည်းက ပြုလုပ်နေရာ ဆိုင်ကယ်စီးလာသူ ဒေသခံတစ်ဦး ဝမ်းဗိုက်ကျည်ထိမှန်ခဲ့ပြီး မြို့ပြင်တွင် တပ်စွဲထားသည့် အမြောက်တပ်မှလည်း မြို့တွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်

• KNU တပ်မဟာ (၅) စိုးမိုးရာ မူတြော်ခရိုင်အတွင်းရှိ သံလွင်မြစ်ပေါ်တွင် ဟတ်ကြီးရေကာတာ ဆောက်လုပ်မည်ဖြစ်ကြောင်း စစ်အုပ်စုခေါင်းဆောင်က ဘားအံခရီးစဉ်အတွင်း ကြေညာထားသည်။ 

• မြဝတီမြို့နယ်၊ ဖလူးမြို့တွင် ယမန်နေ့ နေ့လယ်က ဖြစ်ပွားခဲ့သည့် DKBA ခွဲထွက် ဗိုလ်ကျော်သက် ဦးဆောင်သည့်တပ်ဖွဲ့နှင့် စစ်အုပ်စုလက်အောက်ခံ ဗိုလ်မုတ်သုန် ခေါင်းဆောင်သည့် နယ်ခြားစောင့်တပ်နှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ ၂၉ ဦးနှင့် BGF မှ သုံးဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် ဒေသခံ ၆၀၀ ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးနေကြရသည်။ 

• မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ရဲစခန်းအား ယနေ့ နံနက် ၄ နာရီခန့်က လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ခဲ့ရာ စခန်းရှိ ရဲတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကာ မြို့အနီးရှိ စစ်အုပ်စုဗျူဟာကုန်းသို့ သွားရောက် ပူးပေါင်းခဲ့ရကြောင်း သိရသည်။ ထို့ပြင် ဝေါလေရှိ စစ်အင်ဂျင်နီယာ GE တပ်၏ လုပ်ငန်းခွင်အခြေချနေရာများကိုလည်း ဝင် ရောက်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံနှင့် နေအိမ်တဲအချို့ ပျက်စီးခဲ့ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ တပ်သားတစ်ဦးနှင့် အလုပ်သမား ၂၆ ဦးလည်း ဖမ်းဆီးခံထားရသည်။ 

• ဖလူးတွင် DKBA ခွဲထွက် ဗိုလ်ကျော်သက်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်အုပ်စုလက်အောက်ခံ ဗိုလ်မုတ်သုန် ခေါင်းဆောင်သည့် နယ်ခြားစောင့်တပ်နှင့် စစ်အုပ်စုများ ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲဖြစ် နေရာ ယနေ့နေ့လယ် ၁၂ ဝန်းကျင်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစစ်ဘေးရှောင်များရှိနေရာ နွားတင်းကုပ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်က်ခဲ့ရာ လုံခြုံရေးယူထားပေးသည့် ထိုင်းစစ်သားတစ်ဦးနှင့် စစ်ဘေးရှောင်ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

• ဘုရားသုံးဆူမြို့နေ ပြည်သူများကလည်း "အလံမလိပ် ဘုရားသုံးဆူသပိတ် သွေးမအေးကြေး" ဟု ရေးသားထားသည့် ဆိုင်း ဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဘားအံမြို့နယ်၊ ကျုံမသွယ်ကျေးရွာတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

• ပလက်ဝတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက မြို့ပေါ်ဗုံးကွဲမှုနှင့် ပတ်သက်၍ စစ်ဆေးစရာရှိသည်ဟုဆိုကာ အိုက်အောင်သီဟနှင့် အိုက်ဂျွန်ဉာဏ်လင်းထွန်းတို့နှစ်ဦးအား ဖမ်းဆီးသွားခဲ့သည်။ မေလ ၂၈ ရက်က ပလက်ဝတွင် ပေါက်ကွဲမှုအပြီး စစ်အုပ်စုက ဒေသခံများက ဆက်တိုက်ဖမ်းဆီးစစ်ဆေးခဲ့ရာ ၁၈ ဦးအထိ ရှိနေပြီး ၇ ဦး ပြန်လွှတ်လာကာ ကျန်သူများ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။ ပေါက်ကွဲမှုများအပြီးတွင် စစ်အုပ်စုဘက်က ကလေးဝနှင့် ရခိုင်ပြည်နယ် ဆက်သွယ်သည့် ရေလမ်းကြောင်းနှင့် မတူပီ-ဆမီးမြို့များနှင့် ဆက်သွယ်သည့် ကုန်းလမ်းကြေားများအား ပိတ်ဆို့ထားသည်။ 

• စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်မှုများသည့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ ဆက်သွယ်နေသည့် မီဇိုရမ်၊ အိုက်ဇောလ်စသည့် မြို့များတွင် ကိုဗစ်ကူးစက်မှုများ ပိုမိုများပြားကာ ချင်းပြည်နည်ထဲအထိ ရှိလာနေပြီး ဖလမ်းမြို့တွင် တစ်ဦးသေဆုံးကာ ကူးစက်ခံထားရသူ ၁၂ ဦးအထိ ရှိနေပြီ ဖြစ်သည်။ ထို့ပြင် စစ်ဘေးရှောင်များအတွက် ကူညီပေးနေသည့် ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆွန်းမှာလည်း မီဇိုရမ်တွင် ရောက်နေကာ ၎င်းမှာလည်း ကိုဗစ်ပိုး ကူးစက်ခံထားရသည်။ တွန်းဇံမြို့နယ် ကျီခါးတွင်လည်း ကိုဗစ်ကြောင့် သေဆုံးမှုများ ရှိနေကာ မြို့အား Lockdown လုပ်ထားရသည်။

မွန်ပြည်နယ်

• မော်လမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မော်လမြိုင်တွင် ရောက်ရှိနေသည့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်အား ပြည်သူ့မေတ္တာခံယူရန်အတွက် လူလုံးထွက်ပြစေလိုကြောင်း တောင်းဆိုထားသည်။

• မော်လမြိုင်သို့ ရောက်ရှိနေသည့် စစ်အုပ်စုခေါင်းဆောင်အား ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် တစ်မြို့လုံးရှိ ပြည်သူများ အနက်ရောင်အိင်္ကျီများ ဆင်တူဝတ်ဆင်ကာ ဆန့်ကျင်ကြရန် မော်လမြိုင် Civil Defense Force က တိုက်တွန်းထား သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက် ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်

• ရှမ်းတောင်ဒေသ ဖက်ဒရယ်ညီအစ်ကိုများ အဖွဲ့က ရှမ်းပြည်တောင်ပိုင်းရှိ ပြည်သူများ၊ အိမ်စီးကားနှင့် အဝေးပြေးကုန် တင်ကားများအနေဖြင့် စစ်အုပ်စုယာဉ်တန်းများနှင့် ကပ်မလိုက်ကြရန်နှင့် မသင်္ကာဖွယ်ပစ္စည်းများ တွေ့ရှိပါကလည်း မစူးစမ်းကြရန် သတိပေးကြေညာထားသည်။ 

• စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်ခုခံရန် ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးချိန်တွင် ဆီဆိုင်မြို့နှင့် အနီးတ ဝိုက်တွင် ပအိုဝ်းအမျိုးသားအစည်းအရုံး PNO ပြည်သူ့စစ်များ အင်အားတိုးချထားမှုများ လုပ်ဆောင်လာသည်။ ပအိုဝ်း PDF ကလည်း ညီနောင်တိုင်းရင်းသားများနှင့် မဟာမိတ်ဖွဲ့ကာ စစ်အုပ်စုအား တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။ 

• တန့်ယန်းမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယနေ့နံနက် ၄ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်သူ မရှိခဲ့ပေ။ 

• ရှမ်းမြောက်၊ ကျောက်မဲမြို့ အမြောက်တပ်အနီးရှိ အ.ထ.က (၃) ကျောင်းအဝင်တံခါးအနီးတွင် နံနက် ၈ နာရီခွဲခန့်က ဗုံးတစ် လုံးတွေ့ရှိခဲ့သဖြင့် စစ်အုပ်စုဘက်က လာရောက်ဖောက်ခွဲခဲ့ကာ အဆိုပါကျောင်းမှာ စစ်အုပ်စုလက်အောက်ခံ တပ်မိသားစု ဝင်အများစု တက်ရောက်သည့် ကျောင်းဖြစ်သည်။ 

• ရှမ်းမြောက်၊ မန်တုံမြို့နယ်တွင် စစ်အုပ်စုအာ ဆန့်ကျင်ကာ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၁၅၂ ဦးအား စစ်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

• နမ့်ခမ်းမြို့နေ ပြည်သူများကလည်း "ကျန်းမာရေးဝန်ထမ်း CDM များကို ခြိမ်းခြောက်ဖိအားပေးနေသော နမ့်ခမ်းဆေးရုံအုပ် အလိုမရှိ" ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• တောင်ကြီးမြို့နယ် ပညာရေးမှူးရုံးအနီးတွင် နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ အထိအခိုက်ရှိမှု အခြေအနေကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။ 

ရခိုင်ပြည်နယ်

• ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ ၁ ရက်တွင် ရခိုင်တစ်ပြည်နယ်လုံး၌ ကျောင်းတက်သူ သုံးသိန်းခွဲကျော် ရှိသည်ဟု သိရသည်။ 

နေပြည်တော်

• စစ်အုပ်စုခန့် ရွးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအနေဖြင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သည်ဟု သတ်မှတ်ထား သည့်အဖွဲ့အစည်းနှင့် သွယ်ဝိုက်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ ဆက်သွယ်အားပေးခြင်းများ ပြုလုပ်နေခြင်း ရှိ၊ မရှိကို စစ်ဆေးပေးရန်အတွက် စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဌာနအား အကူအညီတောင်းထားသည်။ 

• ယခုအပတ်အတွင်း အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ မြန်မာပြည်သို့ လာရောက်မည် ဖြစ်သည်။ 

• ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖမ်းဆီးခံရသည့် DVB သတင်းထောက် သုံးဦးအား ထိုင်းအာဏာပိုင်များက ထောင်ဒဏ် ၇ လနှင့် ငွေဒဏ် ဘတ် ၂၀၀၀ စီချမှတ်လိုက်သည်။ ၎င်းတို့အား မေလ ၂၀ ရက်နေ့က ချင်းမိုင်မြို့တွင် ဖမ်းဆီးခံရပြီးနောက် လူဝင်မှု ကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲပြစ်ဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

• တောင်ကိုရီးယားနိုင်ငံ စီမံမှုဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဆောက်လုပ်မည့် Korea Safe Zone အတွက် မြေနေရာနှင့် လုံခြုံရေးအတွက် ထိုင်းအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု NUG အစိုးရ လူ/ကယ်/ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက ပြောဆိုထားသည်။ 

ဇွန် ၂ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် သပိတ်များထက် တန်ပြန်ခုခံမှုများ ပိုမိုများပြားလာကာ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးများ ပစ်မှတ်ထားခံနေရသည်။ စစ်အုပ်စုဘက်က ကျောင်းလုံခြုံရေးအတွက် အင်အားအများအပြား သုံးနေရကာ လှည့်ကင်းပုံစံ ဖြင့်သာ မြို့တွင်း၌ လုံခြုံရေးယူထားဆဲ ဖြစ်သည်။ မြို့ပေါ် ရဲစခန်းနှင့် အုပ်ချုပ်ရေးရုံးများတွင်မူ လုံခြုံရေးတိုးမြှင့်ထားဆဲ ဖြစ်သည်။ 

• မန္တလေးတွင် လမ်းပေါ်လူထုသပိတ်များ အားကောင်းဆဲဖြစ်ကာ အချို့နေရာများတွင် တန်ပြန်တိုက်ခိုက်မှုများ ရှိလာခဲ့သည်။ စစ်အုပ်စုက ငွေရှာပေးနိုင်သည့် ရုံးများအား အဆောတလျင် ဖွင့်နိုင်ရေးနှင့် အခွန်အခ ကောက်ယူနိုင်ရန်အတွက် စျေးများအား ဖိအားပေးဖွင့်ခိုင်လျက်ရှိသည်။
• ချင်းပြည်နည် မြို့အချို့တွင် တိုက်ပွဲများနည်းတူ စစ်ဘေးရှောင်များက အိန္ဒိယနိုင်ငံအတွင်း ကူးလူးသွားလာမှုများ ပြုလုပ်နေသည့်အတွက် ကိုဗစ်ကူးစက်မှုများ များပြားလာနေသည်။ 

• ကယားနှင့် ကရင်ပြည်နယ်တွင် စစ်အုပ်စုနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား၊ တိုင်းရင်းသား လက်နက်ကိုင်များ အကြား တိုက်ပွဲများ ဆက်ရှိနေကာ စစ်ဘေးရှောင်များလည်း တိုးလာနေသည်။ 

• ကျန် တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများနှင့် ကျေးရွာများတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးသပိတ်များ အားကောင်း လျက်ရှိပြီး ဆက်သွယ်ရေးခက်ခဲသည့် ဒေသများတွင်မူ စစ်အုပ်စုဘက်က လက်နက်ဖြင့် ဖိအားပေးထိန်းချုပ်ရန် ကြိုးစား လျက်ရှိသည်။ 

• စစ်အုပ်စုဘက်တွင် ကျောင်းများပြန်ဖွင့်ကာ တည်ငြိမ်နေပြီဖြစ်ကြောင်း ပြသရန် ဦးစားပေးလုပ်ဆောင်နေပြီး နိုင်ငံတကာ ဖိအားလျှော့ချရန် လုပ်ဆောင်လာနေသည်။ တစ်ဖက်တွင် မြို့တွင်းတိုက်ခိုက်ခံရမှုများ၊ တိုင်းရင်းသားဒေသများ၌ ပြည်သူများက လက်နက်ကိုင်ခုခံမှုများကြောင့် နယ်မြေစိုးမိုးရေးအပိုင်း၌ အားနည်းနေပြီး လေကြောင်းသုံးတိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာဖွယ် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly