မဇ္ဈိမ သတင်းထောက် ထောင် ၂ နှစ်ချခံရ

မဇ္ဈိမ သတင်းထောက် ထောင် ၂ နှစ်ချခံရ

ဇွန် ၂

အာဏာသိမ်းစစ်ကောင်စီက နေအိမ်တွင်လာရောက်ဖမ်းဆီးသွားခဲ့ပြီး နှစ်လနီးပါးအကြာတွင် မဇ္ဈိမ၏ မြိတ်အခြေစိုက် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သော ကိုဇော်ဇော်ကို ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်လိုက်သည်။ 

ကိုဇော်ဇော်သည် ပုဒ်မ ၅၀၅ (က)ကို ကျူးလွန်သည်ဟုဆိုကာ ထောင်တွင်းအထူးတရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ ဧပြီ ၆ ရက်နေ့က ကိုဇော်ဇော်ကို နေအိမ်တွင် ဖမ်းဆီးသွားခဲ့သည်မှစ၍ နောက်ဆုံးရုံးချိန်းအမိန့်ချမှတ်မည့်နေ့အထိ သူ၏မိသားစုတစ်ကြိမ်သာတွေ့ခွင့်ရခဲ့သည်။ 

ထောင်ဒဏ်ချခံရပြီးနောက် တရားသူကြီး၏ခွင့်ပြုချက်ဖြင့် သူ၏ဇနီး မတင်တင်မိုးနှင့် ၁၀ မိနစ်ခန့် ဖုန်းပြောခွင့်ရခဲ့သည်။ ငါးနှစ်အရွယ် သားဖြစ်သူ၏ ဓါတ်ပုံကိုအမှတ်တရပေးလိုက်ရန် ထောင်ထဲပြန်မဝင်မီ ကိုဇော်ဇော်က တောင်းသွားခဲ့သည်။

 ပုဒ်မ ၅၀၅ (က) သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီးနောက် ပြင်ဆိုင်လိုက်သော ပုဒ်မတစ်ခုဖြစ်သည်။ ပြည်သူလူထုကို ထိတ်လန့် စေရန် ကြံရွယ်ပြီး သတင်းမှားကိုဖြန့်ဝေရန် သို့မဟုတ် အစိုးရကို ပြစ်မှုကျူးလွန်စေရန် ကြံရွယ်လှုံ့ဆော်စေမှုဟု ပုဒ်မက ဖွင့်ဆိုထားသည်။ 

ကိုဇော်ဇော်သည် အဖမ်းမခံရခင်အချိန်အထိ မြိတ်၊ ထားဝယ်ဒေသတစ်လျှောက်အဖြစ်အပျက်များကိုသတင်းပေးပို့သွားခဲ့သည်။

တစ်နေ့တည်းမှာပင် မြိတ်အကျဉ်းထောင်အတွင်း စီရင်ချက်ချခံရသော အခြားသော သတင်းစာဆရာတစ်ဦးမှာ DVB သတင်းထောက် ကိုအောင်ကျော်ဖြစ်သည်။ 

ကိုအောင်ကျော်ကိုလည်း စစ်ကောင်စီ၏တရားရုံးက ၅၀၅ (က) ဖြင်ပင် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခဲ့သည်။ သို့သော် ကိုအောင်ကျော်ကတော့ ပြစ်ဒဏ်လျော့ပေးပေးဖို့ အသနားခံရန် ငြင်းဆန်လိုက်သည်။ 

“ တရားဉပဒေစိုးမိုးမှုကို သူယုံကြည်မှုမရှိလို့ သူအယူခံမဝင်ပါဘူးတဲ့” လို့ ကိုအောင်ကျော်၏ ဇနီးဖြစ်သူ ဇနီးဖြစ်သူကဆိုပါတယ်။ လတ်တလော သတင်းထောက်နှစ်ယောက်လုံးကျန်းမာရေး ကောင်းကောင်းမွန်မွန်ရှိနေကြောင်း သူတို့၏မိသားစုများက ပြောသည်။ 

စစ်ကောင်စီတပ်များက DVB သတင်းထောက် ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့ညတွင် သူ၏နေအိမ်တွင် အကြမ်းဝင်ရောက်ဖမ်ဆီးခဲ့ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည်။ 

ကိုအောင်ကျော်က အဆိုပါဖမ်းဆီးမှုကို ဖေ့စ်ဘွတ်မှ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ခဲ့သည်။ စစ်အာဏာသိမ်းအဖွဲ့က မဇ္ဈိမ၏အုပ်ချုပ်ရေးနှင့် သတင်းသမား စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးခဲ့ရာက တစ်ဦးကတော့ ပြန်လွတ်မြောက်ခဲ့သည်။ 

ကိုဇော်ဇော်သည် ပထမဆုံး ထောင်ဒဏ်ချခံရသူဖြစ်ကာ ကျန်သူများမှာ ထောင်တွင်းမှနေ၍ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့အပြင် မဇ္ဈိမ၏ နောက်ထပ် ဂျာနယ်လစ် ၁၀ ယောက်ကိုလည်း ၅၀၅ (က) ဖြင့် ထောင်တွင်းတရားစွဲဆိုမှုတွင် ထဲ့သွင်းထားသည်။ 

မဇ္ဈိမနှင့် DVB နှစ်ခုလုံးကို သတင်းထုတ်ဖြန့်ချိခွင့် စစ်ကောင်စီက ပိတ်ပင်ထားသော်လည်း သတင်းဌာနနှစ်ခုလုံးမှာ ဆက်လက်လည်ပတ်လျှက်ရှိကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly