ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲကို လက်နက်ကြီးကျ ဒဏ်ရာရသူရှိနေ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ထဲကို လက်နက်ကြီးကျ ဒဏ်ရာရသူရှိနေ

ဇွန် ၂

ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့နယ်နမိတ်ထဲမှာ စစ်ရှောင်သူတွေနေတဲ့နေရာကို မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲ ပြီး ထိုင်းစစ်သားတစ်ဦးအပါအဝင် စစ်ရှောင်ပြည်သူတွေ ဒဏ်ရာရခဲ့ပါတယ်။

မြဝတီမြို့ တောင်ဘက် ဒေါနအရှေ့ခြမ်း ဖလူးကြီး၊ ဖလူးလေးနဲ့ မင်းလက်ပံကျေးရွာ သုံးထပ်ကွေ့ အနီးတဝိုက် မှာ ဗိုလ်ချုပ်ကျော်သက် (DKBA) ခွဲထွက်အဖွဲ့နဲ့ အတူ PDF လူငယ် စစ်သင်တန်းဆင်းတွေပါဝင်တဲ့ အဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်နမိတ်ထဲကို လက်နက်ကြီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းမှာ ရှိတဲ့ စစ်ဘေးရှောင်တွေ ရောက်ရှိနေတဲ့ နွားတင်းကုပ်တဲအတွင်း ကျရောက်ပေါက်ကွဲ ခဲ့တာပါ။

စစ်ဘေးရှောင်တွေကို စောင့်ရှောက်နေသော ထိုင်းစစ်သားတစ်ဦးနဲ့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်းက မဇ္ဈိမကို ပြောပါတယ်။

ဗိုလ်ကျော်သက်တို့က သောင်ရင်းမြစ်ကို ကျောပေးတိုက်နေတာဗျ ထိုင်းဖက်ကိုကျသွားတဲ့ လက်နက်ကြီးက စစ်ကောင်စီဖက်က ပစ်လိုက်တဲ့လက်နက်ကြီးဆိုတာ သေချာပါတယ် လို့ သူက ဆိုပါတယ်။

လက်ရှိမှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်သူတွေဟာ ထိုင်းနိုင်ငံဖက်ကို တစ်သောင်းနီးပါး ရောက်ရှိနေပြီး ထိုင်းအစိုးရနဲ့ ထိုင်းဒေသခံတွေက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဖက်ကို လက်နက်ကျတာ  ဒုတိယအကြိမ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့ နယ်နမိတ်ထဲကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်နက်ကျည်ကျလို့ ထိုင်းနိုင်ငံအစိုးရက သတိပေးချက် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ပုံစာ - 2-6-2021 ရက်နေ့ ထိုင်းဘက်ခြမ်းစစ်ရှောင်များထားရှိရာ နွားတင်းကုပ်တဲအပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲစဉ် အနီးကပ်ရှိနေသော ထိုင်းစစ်သားများ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required