ထိုင်းတွင် အဖမ်းခံရသည့် သတင်းထောက်များ ဒဏ်ငွေချမှတ်ခံရပြီး မြန်မာပြည် ပြန်ပို့ခံရမည့်အရေး ရင်ဆိုင်နေရ

ထိုင်းတွင် အဖမ်းခံရသည့် သတင်းထောက်များ ဒဏ်ငွေချမှတ်ခံရပြီး မြန်မာပြည် ပြန်ပို့ခံရမည့်အရေး ရင်ဆိုင်နေရ

ဇွန် ၂

အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းမှုကနေ တိမ်းရှောင်ပြီး ထိုင်းနိုင်ငံထဲ ၀င်ရောက်ခိုလှုံခဲ့စဉ်ထိန်းသိမ်းခံခဲ့ရသည့် မြန်မာ သတင်းသမားသုံးဦးကို  ထိုင်းတရားရုံးတစ်ခုက ဒဏ်ငွေချမှတ်ခဲ့ပြီး ယခုအခါ ၎င်းတို့အနေဖြင့် နိုင်ငံရင်းသို့ ပြန်ပို့ခံရနိုင်ကြောင်း ၎င်းတို့၏ရှေ့နေအဖွဲ့မှ အဖွဲ့၀င်တစ်ဦးက ဇွန်လ ၁ ရက်တွင် ပြောသည်။

အဆိုပါ မြန်မာသတင်းထောက် သုံးဦးအနေဖြင့် အကယ်၍ ဌာနေသို့ ပြန်ပို့ခံရပါက အန္တရာယ်အောက်သို့ ကျရောက်လိမ့်မည်ဖြစ်ကြောင်း အဆိုပါ ရှေ့နေအဖွဲ့မှ ရှေ့နေတစ်ဦးက ပြောသည်။

DVB သတင်းဌာနအတွက် အလုပ်လုပ်ပေးခဲ့သည့် ဂျာနယ်လစ်သုံးဦးမှာ ပြီးခဲ့သည့် မေလက ချင်းမိုင်မြို့တွင် အခြား မြန်မာတက်ကြွလှုပ်ရှားသူနှစ်ဦးနှင့်အတူ ဖမ်းဆီးခံရပြီး တရားမ၀င် ၀င်ရောက်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။

ပြီးခဲ့သည့် သောကြာနေ့တွင် ထိုင်းတရားရုံးတစ်ခုက ၎င်းတို့ကို တစ်နှစ် ခြေချုပ်အမိန့်တစ်ရပ်ချမှတ်ခဲ့သလို တစ်ဦးလျင် ဒဏ်ကြေး ဘတ် ၄,၀၀၀ စီ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ နက်ဒ်သာစီရီ ဘာဂ်မန်က ပြောသည်။

၎င်းတို့အနေဖြင့် အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်ခုနစ်လ ချမှတ်ခံရမည်ဟုလည်း တရားရုံးက ပြောခဲ့သည်။

“ဥပဒေအရ ပြစ်ဒဏ်ချပြီး ၇၂ နာရီအတွင်း သူတို့ကို ဌာနေ ပြန်ပို့နိုင်ပါတယ်” ဟု ဘာဂ်မန်က ပြောသည်။ သို့သော် ထိုင်းလူ၀င်မှုကြီးကြပ်ရေး အာဏာပိုင်များ ၎င်းတို့ကို နိုင်ငံရင်းသို့ ပြန်မပို့စေရေး တားဆီးနိုင်ရန် ပန်ကြားစာတစ်စောင်ကို တင်သွင်းထားကြောင်းလည်း ဘာဂ်မန်က ပြောသည်။

“ကျွန်မတို့အနေနဲ့ တတိယနိုင်ငံတစ်ခုမှာ ခိုလှုံခွင့်တောင်းတဲ့ လုပ်ငန်းစဉ်ကိုလည်း စောင့်နေပါတယ်” ဟု ၎င်းက ပြောသည်။

အလားတူ အာဏာသိမ်းမှုဖြစ်ထားသည့် မြန်မာနိုင်ငံသို့ အဆိုပါသတင်းသမားသုံးဦးအား ပြန်ပို့ခြင်းမှ ရှောင်လွဲနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ဖြေရှင်းနည်းလမ်းတစ်ခု ရှာနေကြောင်း ထိုင်းဘက်ကလည်း ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required