မြန်မာအလုပ်သမား ၄၀၀ လောက် ထိုင်းဘက်ခြမ်းမှာ ပိတ်မိနေ

မြန်မာအလုပ်သမား ၄၀၀ လောက် ထိုင်းဘက်ခြမ်းမှာ ပိတ်မိနေ
ဓာတ်ပုံ- ဦးရဲမင်း (ထိုင်းနိုင်ငံဘက်မှာ သောင်တင်ပြီး ပြည်ဝင်ခွင့်မရတော့တဲ့ မြန်မာလုပ်သားများပုံ)

ဇွန် ၁

အာဏာသိမ်းစစ်တပ်က ထိုင်း- မြန်မာနယ်စပ် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို ရုတ်တရက်ပိတ်လိုက် တာကြောင့် မြန်မာပြည်ပြန်ဖို့ စောင့်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးရာလောက် ပြည်ဝင်ခွင့်မရဘဲ ထိုင်းဘက်အခြမ်း ချစ်ကြည်ရေးတံတားအနီးမှာ ပိတ်မိသောင်တင်နေတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ AAC အထွေထွေတာဝန်ခံ ဦးရဲမင်းက မဇ္ဈိမကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုင်း- မြန်မာနယ်စပ်တံတားကို ပိတ်လိုက်တာကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာပြည်ပြန်လာဖို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်ကောင်စီက ထိုင်းလဝကနဲ့ ချိတ်ဆက်ပြီး တစ်ရက်ခြား တစ်ကြိမ် တစ်သုတ်ကို လူ နှစ်ရာခန့်စီ ပြန်လည်လက်ခံရေး ပြုလုပ်နေတာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာပြည်ပြန်ဝင်ခွင့်ရဖို့ တံတားထိပ်မှာ ညအိပ်စောင့်နေကြရတာ ဖြစ်ပါတယ်။

“သူတို့ဟာ နေထိုင်ခွင့်တွေ ရှိပါရဲ့နဲ့ ထိုင်းလဝကရုံးမှာ ပိုက်ဆံပေးပြီးတော့ ဘာမှမရှိတဲ့ပုံစံမျိုးနဲ့ အဖမ်းခံပြီးတော့ ပြန်ကြတာ။ တံတားကို ရုတ်တရက် ပိတ်ချလိုက်တယ်။ ပိတ်ချလိုက်တော့ အကုန်လုံးဒုက္ခရောက်ပြီးတော့ ထိုင်းဘက်ခြမ်းမှာ လူလေးရာ နီးပါးလောက် သောင်တင်သွားတယ်။ မွေးကင်းစကလေးတွေပါတယ်။ ကျန်းမာရေးမကောင်းသူတွေပါတယ်” လို့ ဦးရဲမင်းက ပြောပါတယ်။ 

ဓာတ်ပုံ- ဦးရဲမင်း (ထိုင်းနိုင်ငံဘက်မှာ သောင်တင်ပြီး ပြည်ဝင်ခွင့်မရတော့တဲ့ မြန်မာလုပ်သားများပုံ)

ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီက နေရပ်ပြန်ကြိုဆိုရေးကို ၁၄ ရက်ကြာ ယာယီပိတ်လိုက်တာကြောင့် မြန်မာပြည်ဝင်ဖို့ ကျန်ရှိနေတဲ့ အလုပ်သမား လေးရာလောက်ဟာ တံတားထိပ်မှာ ပိတ်မိပြီး အခက်အခဲဖြစ်နေကြတယ်လို့  AAC အထွေထွေ တာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။

အခုပိတ်မိနေသူတွေထဲမှာ အမျိုးသမီးတွေနဲ့ မွေးကင်းစ ကလေးငယ်တွေလည်း ပါဝင်တာတွေ့ရပြီး ထိုင်းနိုင်ငံဘက်ကတော့ ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမယ်ဆိုတာ မသိရသေးပါဘူး။ တချို့အလုပ်သမားတွေဟာ ထိုင်းနယ်စပ်ကိုရောက်ပြီး မြန်မာပြည်ပြန်ဝင်ခွင့်ရဖို့ ပွဲစားတွေဆီမှာ ထိုင်းဘတ် တစ်သောင်း (မြန်မာငွေ ငါးသိန်းကျပ်) အကုန်ကျခံပြီး လာရောက်ရတဲ့သူတွေရှိတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required