မုံရွာ ဗကသ အဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန် ဖမ်းဆီး ခံရ

မုံရွာ ဗကသ အဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန် ဖမ်းဆီး ခံရ

ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ဗကသအဖွဲ့ဝင်ဟောင်း မဖူးသိမ့်သိမ့်တုန်ကို စစ်ကောင်စီက မနေ့က မေလ ၃၁ ရက် နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ မနေ့က ညနေ ၃နာရီလောက်မှာ မုံရွာမြို့ အိုးရှင်းစင်တာမှာ သေနတ်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သား ရှစ်ဦးကဖမ်းဆီးခဲ့တာလို့ မုံရွာသပိတ်ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ 

"ကျွန်တော်တို့ကြားရသလောက်ဆိုရင် ဆိုင်ကယ်ကို ပြန်လာယူတဲ့ အချိန် အရပ်ဝတ်စစ်သားတွေပါတဲ့ ကားတစ်စီးနဲ့ စောင့်ပြီးတော့၊ သူ့ကို သေနတ်နဲ့ချိန်ပြီး လူရော သူ့ဆိုင်ကယ်ရောဖမ်းသွားတယ်လို့ပြောတယ်ဗျ။ အဓိကကတော့ သူ့ကို ဖမ်းဖို့ သေခြာပြင်ဆင်ပြီး စောင့်ဖမ်းကြတာလို့ ယူဆရပါတယ်" လို့ မုံရွာသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုခန့်ဝေဖြိုးက မဇ္စျိမကိုပြောပါတယ်။ 

မဖူးသိမ့်သိမ့်တုန်က မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ သူမက လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေကို အကူအညီပေးတဲ့လုပ်ငန်းတွေကို လှုပ်ရှားလုပ်ဆောင်နေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

မုံရွာတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ဘွဲ့ရပြီးသူတစ်ဦးဖြစ်ကြောင်း နီးစပ်သူတွေက ပြောပြပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ကို ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာမသိရသေးဘူးလို့ ကိုခန့်ဝေဖြိုးက ပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာ ဖမ်းဆီးခံရသူဦးရေ ၅၅၅၄ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း AAPP ကထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly