နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၃၁ မေ ၂၀၂၁)
ပုံ - မေလ ၃၁ ရက် ၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး
• မင်္ဂလာဒုံမြို့နယ်တွင်းရှိ အ.ထ.က နှင့် မူလွန်ကျောင်းတို့တွင် ယနေနံနက် ၄ နာရီ ၂၀ ခန့်က တစ်ချိန်တည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ မင်္ဂလာဒုံ၊ ထောက်ကြန့်နယ်မြေ၊ ပဲခူးရပ်ကွက် ရန်ကုန်-ပဲခူးကားလမ်းမကြီးဘေးရှိ အ.ထ.က (၃) နှင့် ဖိုးချမ်းကုန်း ၂/က ရပ်ကွက်ရှိ အမှတ် (၆) မူလွန်ကျောင်းတို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

• လှိုင်မြို့နယ်၊ ဘူတာရုံးမှတ်တိုင်အနီး ပေါက်ကွဲမှုအား ဓာတ်ပုံရိုက်မှုဖြင့် ဖမ်းဆီးခံရသည့် ဆလိုင်းဂျိုးဇက်အား စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ 

• ရွှေပြည်သာမြို့နယ် ကျောင်းသားများကွန်ရက်အဖွဲ့ဝင်များက စစ်အုပ်စုပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်းပြသ သည့်အနေဖြင့် ကျောင်းမတက်နဲ့ ကျောင်းပျက် Campaign ပြုလုပ်ခဲ့သည်။ 

• ယနေ့ နေ့လယ်ပိုင်းက လှိုင်မြို့နယ်၊ ပါရမီလမ်းပေါ်တွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက ပါရမီလမ်း (ပြည်လမ်းနှင့် ဗဟိုလမ်းကြား) နေရာတွင် ဖြတ်သန်းသွားလာသည့် အိမ်စီးကားနှင့် ပြည်သူများအား တားဆီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မြောက်ဒဂုံ၊ ကျောင်းလမ်းတွင်လည်း အင်အား ၁၀ ဦးခန့်ပါဝင်သည့် စစ်အုပ်စုလက်အောက်ခံ ရဲကားကြီးတစ်စီးဖြင့် ဆိုင် ကယ်စီးနင်းသူများအား လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်တွင် အများပိုင်ပစ္စည်းများ ဖျက်ဆီးကာ မီးရှို့၊ ဗုံးပစ်လုပ်၍ အုပ်ချုပ်ရေးမှူးနှင့် ထောက်ခံအားပေးသူများအား သတ်ဖြတ်မှုများ ရှိနေသည့်အတွက် ထပ်မံမလုပ်ဆောင်ရန်နှင့် ကျူးလွန်သူများ၏ အချက်အလက်များကို စုဆောင်းထားပြီး ဖြစ်ကြောင်းနှင့် ထပ်မံကျူးလွန်ပါက ထိရောက်စွာ လက်တုံ့ပြန်မည်ဟု "ပြည်သူများအေးချမ်းစွာနေထိုင်နိုင်စေရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသူများအဖွဲ့" ဟုဆိုကာ ခြိမ်းခြောက်စာများအား လိုက်လံကပ်နှံလျက်ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်း ချမ်းအေးသာစံမြို့နယ်တွင်းတွင် နေထိုင်သည့် Freelance ဓာတ်ပုံဆရာနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ယမန်နေ့ည နေပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားသည်။ ယမန်နေ့ညနေပိုင်းက အမရပူရမြို့နယ်တွင် ဆိုင် ကယ်စီးလာသူနှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက တားဆီးရာ မရပ်ပေးသည့်အတွက် သေနတ်ဖြင့် ပစ်ခဲ့ရာ တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

• မန်းတပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နံနက်အစောပိုင်းက လမ်းမများပေါ်၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ ဗကသ၊ စိန်ပန်း၊ ချမ်းမြသာစည်ကျောင်းသားသမဂ္ဂ၊ အမရပူရ၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ၊ မန္တလာတက္ကသိုလ်ကျောင်းသား/သူ၊ စက်မှုလူငယ် စသည့် သပိတ်စစ်ကြောင်းများ ပါဝင်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အုပ်စုယန္တရားများ အပြီးတိုင်ပျက်သုန်းရေး ကြွေးကြော်ဆန္ဒပြခဲ့သည်။

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း မဟာအောင်မြေလူထု၊ အောင်မြေသာစံဗကသ၊ အောင်မြေသာစံ အခြေခံပညာကျောင်းသားသမဂ္ဂနှင့် ပူးပေါင်းကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း မဟာအောင်မြေ ကျောက်မျက်ရတနာကုန်စည်ပွဲစားများ သပိတ်စစ်ကြောင်းကလည်း မြို့တွင်းလှည့်လည်ကာ စစ်အာ ဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• လေးပြင်ရပ် သံဃာများနှင့် ပြည်သူများ ပါဝင်သည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းလည်း ယနေ့ နေ့လယ်ပိုင်းက လမ်းများ ပေါ်တက်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်။ 

• မန္တလေးတွင် စစ်အုပ်စုဘက်က Double Cab နှင့် ဆိုင်ကယ်စီး လက်နက်ကိုင်များဖြင့်သာ ကင်းလှည့်မှုများလုပ်နေပြီး အဆို ပါကင်းလှည့်သူများမှာ မြို့ပေါ်ရဲစခန်းများမှ ခွဲတမ်းပုံစံစနစ်ဖြင့် ခေါ်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်။ ထို့ပြင် မြို့တွင်း၌လည်း အိမ်စီးကားနှင့် ဆိုင်ကယ်စီးနင်းသူများကို တားဆီးစစ်ဆေးရာတွင် ယာဉ်မောင်းလိုင်စင်အား အဓိကထား စစ်ဆေးနေသည်ဟု နန်းရှေ့နေ ပြည်သူတစ်ဦးက အတည်ပြုပြောဆိုပြီး လိုင်စင်သက်တမ်းကုန်ပါကာ လိုင်စင် ရုံးဖွင့်ပြီဖြစ်ကြောင်းနှင့် လိုင်စင်သက်တမ်းတိုးရန် ဖိအားပေးနေသည်ဟုလည်း သိရသည်။ 

• ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်မှာ ယနေ့နေ့လယ်ပိုင်းက ရဲစခန်းရှေ့ ဘီယာဆိုင်တွငာ် အမည်မသိလူတစ်စုက ဓားဖြင့် ထိုးခဲ့သဖြင့် ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ၎င်းမှာ စစ်အုပ်စု အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူ ဖြစ်သည်။ 

• ရမည်းသင်းမြို့နယ်တွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်အား ၁၉၄ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။ 

• မြင်းခြံတွင် ဗကသနှင့် လူထုလှုပ်ရှားကော်မတီ၊ ဒေသခံပြည်သူများ စုပေါင်းကာ အေးမြသီတာ (မြောက်) စျေးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် မတရား ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ 

• မြင်းခြံမြို့ ကျောင်းဖြူကန်ရွာရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး မြင့်လွင် (ခ) ဂျစ်တူးနှင့် အတွင်းရေးမှူး တင်ထွန်းတို့ ဓားခုတ်ခံခဲ့ရကာ မြင့်လွင်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

• စစ်အုပ်စုက ပစ်ခတ်မှုဖြင့် ယမန်နေ့က သေဆုံးခဲ့သည့် ပုဂံမြို့သစ်၊ ပျူစောထီးတောင်ရုံးတန်းရပ်နေ ကိုမိုးမြင့်အောင်၏ စျာပနအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ထောင်နှင့်ချီသည့် မြို့ခံများစုပေါင်းကာ မြို့လုံးကျွတ် လိုက်လံပို့ဆောင်ခဲ့ကြသည်။ 
• ညောင်ဦးပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား ၅၀ ခန့်ဖြင့် မြို့ပေါ်လမ်းမကြီးများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကုတ်နေပြည်သူများကလည်း ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူးမြို့၊ သစ်တောရုံးအနီးတွင် ယနေ့ နေ့လယ် ၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စု လက် နက်ကိုင်များက အခင်းဖြစ်ပွားရာနေရာအနီးအား ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုအပြီး ၄၅ မိနစ်ခန့်တွင်လည်း ပဲခူးဘူတာရုံရှိ မီးရထားရဲစခန်းတွင်လည်း ပေါက်ကွဲမှုတစ်ရပ် ထပ်မံဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှု တစုံတရာမရှိခဲ့ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• မင်းကင်း NLD အမတ် ဒေါ်ခင်မွှေးလွင်အား မုံရွာမြို့ ချင်းတွင်းတံတားအနောက်ဘက် ရွှေတောင်ဦးဘုရားအနီးရှိ နေအိမ်တစ်ခုတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်း ၁၁ နာရီခန့်က ဖမ်းဆီးထိန်းသိမ်းထားလိုက်သည်။ 

• ကလေးမြို့နေ ပြည်သူများကလည်း နေ့စဉ်ဆန္ဒထုတ်ဖော်လျက်ရှိရာ ယနေ့နံနက်ပိုင်းကလည်း သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကလေးမြို့၊ သာစည်ကျေးရွာတွင် ယနေ့နံနက် ၃ နာရီကျော်က စစ်အုပ်စုလက်နက်ကိုင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ - PDF များအကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က နှစ်ဦးသေဆုံးခဲ့ပြီးနောက် ရွာတွင်း တပ်ဆွဲထား ကာ ဒေသခံခြောက်ဦးခန့်အား ဖမ်းဆီးထားသည်။ ရွာရှိ တကသကျောင်းသားဟောင်း ကိုလှိုင်ထွန်းဆိုသူနှင့် ကျေးရွာဥက္ကဋ္ဌ တို့အား ဝင်ရောက်ဖမ်းဆီးကာ အင်အား ၆၀ ခန့်ဖြင့် တပ်စွဲထားရာမှာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲဖြစ် ပွားနေစဉ်အတွင်း ကလေးမြို့ပေါ်၌လည်း တံတားဦးနှင့် မြို့နယ်ဆေးရုံတို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ မြို့ပေါ်၌ လူ ရှင်းလျက် ရှိသည်။ 

• ကနီမြို့နယ်တွင်း ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူအချို့ နေအိမ်သို့ ပြန်လည်နေထိုင်မှုများ ရှိနေပြီး ယနေ့နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ကင်းစံပြကျေးရွာ နှစ်ထပ်ကျောင်းဆောင်သစ်ကြီး၌ စစ်အုပ်စုလက်နက်ကိုင်များက ပြန်လည်တပ်စွဲထား ကာ နေ့လယ် ၁၂ နာရီခန့်တွင်မူ ပြန်ထွက်သွားကြသည်။ 

• ကနီမြို့အတွင်း ချင်းတွင်းမြစ်ထဲတွင် အထက်မှ စုန်ဆင်းလာသည့် စစ်အုပ်စုသင်္ဘောပါ လက်နက်ကိုင်စစ်သားများနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား နေ့လယ် ၂ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်အုပ်စုဘက်မှ ထိခိုက်မှုရှိ၊ မရှိကို မသိရသေးဘဲ ကာကွယ်ရေးတပ်ဘက်က တစ်ဦး ဒဏ်ရာရခဲ့သည်။ 

• မုံရွာမြို့ခံ ကျောင်းသားနှင့် ပြည်သူများ သပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များ ကင်းလှည့်နေသည့်ကြား ကပင် လမ်းများပေါ်တက်ကာ မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်ရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းမှ အင်အား ထောင်နှင့်ချီပါဝင်သည့် ကျေးရွာစုံသပိတ်စစ်ကြောင်း က ကျေးရွာများအတွင်း ချီတက်လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်မြို့နယ်၊ ပန်းမထုံးကျေးရွာ အလယ်တန်းကျောင်းနေ ကျောင်းသားနှင့် ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ကျေးရွာ အထက်တန်းကျောင်းတွင်လည်း ဒေသခံများက စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ထုတ်ဖော်ခဲ့ကြသည်။ 

• မုံရွာမြို့တစ်ဖက်ကမ်းရှိ ကျေးရွာများကလည်း စုပေါင်းချီတက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ မုံရွာတွင်လည်း ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ချောင်းဦးမြို့နယ် အ.လ.က (၅) တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ချောင်းဦး Gen-Z များက နိုင်ငံတကာစစ် ဥပဒေများအရ အကာအကွယ်ပေးသင့်သည့် စာသင်ကျောင်း၊ ဆေးရုံနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို လုံးဝတိုက်ခိုက်မည်မဟုတ်ဘဲ စစ်အုပ်စုလက်ပါးစေများနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးအရင်းအမြစ်များကိုသာ တိုက်ခိုက်မည်ဖြစ် ကြောင်း ကြေညာထားသည်။ 

• ရွှေဘိုမြို့နယ်၊ ဆိတ်ခွန်ကျေးရွာနေ ပြည်သူများကလည်း ကျေးရွာတွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး

• ရေစကြိုမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်မင်းအား စစ်အုပ်စုနဲ့ ပူးပေါင်းခြင်း မပြုလုပ်ရန် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျည်ဆံနှင့်အတူ သတိပေးစာ ပေးပို့ထားသည်။ 

• ရေစကြိုမြို့နယ်၊ လက်ပံပင်ရွာနေ တောင်သူများကလည်း စိုက်ခင်းများတွင် အလုပ်လုပ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင် ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• အောင်လံမြို့နေ ပြည်သူများကလည်း မြို့တွင်းကျောင်းများရှေ့၌ စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• နတ်မောက်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့ပေါ်စျေးနှင့် ရပ်ကွက်များတွင် လမ်းသွားလမ်းလာနှင့် ဆိုင်ကယ်စီး နင်းသူများ တားဆီးစစ်ဆေးကာ နွေဦးတော်လှန်ရေးတက်တူးထိုးထားသူ အနည်းဆုံး လူငယ် လေးဦးခန့်ကို ဖမ်းဆီးသွား သည်။ ယမန်နေ့က နတ်မောက်၊ မြို့ကုန်းရပ်ကွက်ရှိ ဒေသခံများက စစ်အုပ်စုသတင်းပေးဟု ယူဆထားသူတစ်ဦး နေအိမ် တွင် ဗုံးတစ်လုံးတွေ့ရှိခဲ့ကာ ညနေပိုင်းတွင်လည်း နတ်မောက်စျေးနှင့် ရန်အောင်မြင်ရပ်ကွက်ကြားရှိ သတင်းပေးတစ်ဦးအိမ် တွင် အသံဗုံးပေါက်ကွဲခဲ့သည်။ နတ်မောက်လူငယ်များကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တော်လှန်ရေးရန်အတွက် ဓားသွေးထားသည်ဟုဆိုကာ နေအိမ်ခြံဝန်းများအတွင်းရှိ သစ်ပင်များတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများ ကပ်ကာ ဓားသွေးခြင်းများပြုလုပ်ကာ သပိတ်ပြုလုပ်ခဲ့သည်။ 

• တောင်တွင်းကြီးမြို့နယ် ပညာရေးမှူးရုံးဝန်းအတွင်းတွင် နေ့လယ် ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်မှု ရှိ၊ မရှိကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ ပြင်ကြီးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်း ၉ နာရီခန့်က ဆိုင်ကယ်များဖြင့် ကင်းလှည့်ရင်း ပစ်ခတ်မှုကြောင့် အေးအေးချို (၃၀ နှစ်) နှင့် သားဖြစ်သူ (၅ နှစ်) အရွယ်၊ မစန်းပို (၄၀ နှစ်) တို့ ကျည်ထိမှန်ခဲ့ကာ ဖမ်းဆီးခေါ်ဆောင်သွားခံရသည်။ 

• လောင်းလုံမြို့နယ် ညင်းမော်ကျေးရွာနေ ဒေသခံများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အုပ်စုက အဖမ်းအဆီးများ ပြုလုပ်နေသည့်ကြားကပင် ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းက လမ်းမများပေါ်တက် ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ ဒေသတွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• တနင်္သာရီမြို့နယ်၊ ရေပေါ်ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းတွင်လည်း ဒေသခံများက စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• စစ်အုပ်စုခန့် မြောင်းမြမြို့ ကန်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်နေအိမ်တွင် ယမန်နေ့ည ၇ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ထိခိုက်ရသူ မရှိခဲ့ပေ။ ပေါက်ကွဲမှုအပြီးတွင် မြောင်းမြပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်အုပ်စုလက်အောက်ခံ အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်အုပ်စုက ခိုင်းစေသည့် အကြမ်းဖက်လုပ်ရပ်များအား မလုပ်ဆောင်ရန်နှင့် ဆက်လက်လုပ်ဆောင်ပါက အသက်အန္တရာယ်ကို တာဝန်ယူမည် မဟုတ်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ သည်။ 

• မြောင်းမြမြို့၊ ကွယ်လွယ်ကျေးရွာ၊ ဘုရားကြီးကုန်းရပ်ကွက်တွင်လည်း ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပရဟိတကျိောင်းတွင် စာသင်ပေးသည့် ဆရာမ ဒေါ်သိန်းသိန်းဝင်းနှင့် ခင်ပွန်းဖြစ်သူတို့အား စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ပိုင်စိုး သတင်းပေး မှုဖြင့် လာရောက် ဖမ်းဆီးခဲ့သည်။ ထို့နောက် ၁၂ နာရီခန့်တွင် အဆိုပါနေအိမ်သို့ စစ်အုပ်စုလက်နက်ကိုင်များ ထပ်မံရောက် ရှိလာကာ သားဖြစ်သူ မောင်ကောင်းနှင့် ရန်ကုန်မြို့မှ ခေတ္တအလည်လာသူ မောင်ကောင်းမြတ်သူတို့အား ရိုက်နှက်ဖမ်းဆီး သွားခဲ့သည်။ 

• ညောင်တုန်း ယမန်နေ့ည ၇ နာရီ ၂၀ မိနစ်ခန့်က အာဇာနည်ပန်းခြံနှင့် စက်မှုလယ်ယာစခန်းအနီးတွင် တစ်ကြိမ်နှင့် ၂၃ နှင့် ၂၄ လမ်းကြား မုန့်ဟင်းခါးဆိုင်အနီးတွင်တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• ဧရာဝတီတိုင်းတွင် အခြေခံပညာအဆင့်မှ သင်ကြားရေးဝန်ထမ်း ၄၃၅၀ ဦးအား စစ်အုပ်စုအား ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်၍ CDM ပြုလုပ်မှုဖြင့် အလုပ်မှ ထုတ်ပယ်ခံထားရသည်။ 

• မအူပင်မြို့၊ အမှတ် (၆) ရပ်ကွက်၊ (၁) လမ်းရှိ အ.ထ.က (၁) ကျောင်းဝန်းတွင် ယနေ့နံနက် ၆ နာရီကျော်ခန့်က အသံဗုံး တစ်လုံး ပေါက်ကွဲခဲ့သည်။ 

• ပုသိမ်မြို့၊ အမှတ် (၆) ရပ်ကွက်ရှိ စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့် ကုသိနာရုံဘုရားဝန်းအတွင်းရှိ ဓမ္မာရုံတွင် နံနက် ၅ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ထိခိုက်သူ ရှိ-မရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• လပွတ္တာမြို့နယ်၊ (၅) ရပ်ကွက်ရှိ အ.ထ.က (၁) ကျောင်းရှေ့ အဝင်သံတံခါးတွင် အထုပ်မဲနှစ်ထုပ်အား လာရောက်ချိတ်ဆွဲထားမှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက လာရောက်စစ်ဆေး ရှင်းလင်းသွားသည်။

• သာပေါင်းမြို့နယ် ပညာရေးမှူးရုံးတွင် Non CDM ဝန်ထမ်းများ အစည်းအဝေးလုပ်နေသည့် နေ့လယ် ၁၁ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးက လက်လုပ်ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်၍ ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်အုပ်စုလက်နက် ကိုင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• ပုသိမ်-ဟင်္သာတလမ်းပိုင်းတွင် Non CDM ဝန်ထမ်းများဖြင့် မီးရထားပြန်လည်ပြေးဆွဲလျက် ရှိသည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနားမြို့နယ်၊ ဟိုးကပ်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်လီဆွေနှင့် ဇနီးတို့အား ယမန်နေ့ညပိုင်းက မျက်နှာဖုံးစွပ် လက်နက်ကိုင်များက ည ၇ နာရီခန့်တွင် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်သဖြင့် သေဆုံးသွားခဲ့ကာ ၎င်းသည် စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက တာဝန်မှ အနားယူထားသူ ဖြစ်သည်။ ထို့ပြင် ဟိုကပ်ကျေးရွာအုပ်စု သာပဒေါင်း အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးလည်း သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားသည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF ကြိုဆိုထောက်ခံကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မိုးကောင်းမြို့ခံများက အဝါရောင်အိင်္ကျီများ ဝတ်ဆင်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အထက်တန်းကျောင်းတွင် ကျောင်းအပ်သူ ၂၀ ဦးကျော်ခန့်သာ ရှိပြီး ယခင်က ကျောင်းသား ၇၀၀ ကျော် ပုံမှန်ပညာသင်ယူလေ့ရှိသည့် ကျောင်းဖြစ်သည်။ 

• ပူတာအိုနေ လူငယ်များကလည်း "We Support NUG/PDF” အပါအဝင် စစ်အုပ်စုအား ဆန့်ကျင်သည့် စာများ ရေးသား ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဖားကန့်၊ အေးမြသာယာအုပ်စု၊ မနကျေးရွာမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးတင်စိုး (ခ) ဦးအိုက်ပီးမှာ ယနေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်က သေနတ်ဖြင့် ခုနစ်ကြိမ်ထက်မနည်း ပစ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။ 

• ဗန်းမော်ရှိ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့သည့် မြစ်ကြီးနားမြို့ခံ လူငယ်အဖွဲ့နှင့် မန္တလေးမြို့ခံ လူငယ်အဖွဲ့တို့အား စစ်အုပ်စုလက်နက်ကိုင်များက အပြန်လမ်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ကြားရှိ ကဒါးလားကျေးရွာရှိ တံတားနှစ်စင်းမှာ မိုင်းခွဲခံရမှုကြောင့် ပျက်စီးလျက်ရှိသည်။ အဆိုပါ တံတားမှာ လွိုင်ကော်၊ ဒီးမော့ဆိုမှ ကျန်မြို့နယ်များသို့ သွားရောက်ရာတွင် အဓိကကျသည့် တံတားများလည်း ဖြစ်သည်။ 

• ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တွင် စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအား ကာကွယ်ရန်အတွက် တော်လှန်သောလူငယ်အစုအဖွဲ့ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - နန်းမယ်ခုံကို ဖွဲ့စည်းလိုက်သည်။ 

• ဒီးမော့ဆိုတွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များနှင့် ဒေသခံ PDF များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ ရာ စစ်အုပ်စုဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ PDF တစ်ဦး ဒဏ်ရာရရှိထားသည်။ စစ်အုပ်စုက ဒီးမော့ ဆိုမြို့နယ် ဒေါငံခါးဘက်သို့ ဝင်ရောက်လာရာမှ ပစ်ခတ်မှုစတင်ခဲ့ခြင်းဖြစ်ကာ PDF များဘက်က ပစ်ခတ်သည့်အတွက် နောက်ဆုတ်သွားခဲ့ပြီ ဖြစ်သည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်တွင်းရှိ စစ်အုပ်စုလက်နက်ကိုင်များအား ထိုင်းစစ်တပ်က စက်လှေများဖြင့် ရိက္ခာကူညီပံ့ပိုးမှုများအား မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး - KNU က သတင်းထုတ်ပြန်ထားသည်။ 

• မြဝတီခရိုင်၊ ဝေါလေမြို့ ရဲစခန်းမှူးအပါအဝင် ရဲတပ်သားတစ်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးတို့အား အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ခေါ်ဆောင်သွားသည်ဟု သိရပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

• ဘားအံမြို့ပေါ်တွင် ယနေ့နံနက် ၁၁ နာရီခန့်မှစ၍ စစ်ဘက် ရဟတ်ယာဉ် သုံးစီးနှင့် တိုက်လေယာဉ် နှစ်စီ ပျံဝဲနေကာ မြို့ တွင်းတွင်လည်း လုံခြုံရေးတင်းကြပ်ထားကာ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေသည့်အ တွက်ဖြစ်သည်ဟု KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် သံလွင်မြစ်အတွင်းတွင်လည်း စစ်ရေယာဉ်တစ်စီးလည်း ရောက်ရှိကင်းလှည့်လျက်ရှိသည်။ 

• မြဝတီခရိုင်တွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နိုင်သူဦးရေ ၃၈၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀၀ ကျော်သာ လာရောက်အပ်နှံထားသည်။ 

ချင်းပြည်နယ်

• ကန်ပက်လက်မြို့နယ်တွင် ရွာ၌ စားစရာပြတ်တောက်နေသည့်အတွက် မြို့ပေါ်တက်စျေးဝယ်သူ အောင်ဟုန်းနှင့် အောင်ထွန်းနိုင်တို့နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးသွားခဲ့သည်။ 

• ကန်ပက်လက် ခွဲလုံသာနှင့် မကြားရွာတွင် ဆောမြို့နယ်ဘက်မှ တက်လာသည့် အင်အား ၁၅၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား ယမန်နေ့ နေ့လယ်ပိုင်းမှ ည ၉ နာရီခန့်အထိ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က အနည်းဆုံး ရှစ်ဦးကျဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ ဒေသခံငါးဦး ဖမ်းဆီးခံထားရသည်ဟု Chinland Defense Force က ယနေ့ညနေ ၄ နာရီတွင် ကြေညာထားသည်။ စစ်အုပ်စုဘက်က အလံဖြူထောင်ထားသည့် မင်းတပ်မြို့နယ်တွင်းရှိ စစ်ဘေးရှောင် စခန်းကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

• ပလက်ဝမြို့ ထွေအုပ်နှင့် စီးပွားရေးဘဏ်တို့တွင် မေလ ၂၈ ရက်ပေါက်ကွဲမှုမှာ မိမိတို့လက်ချက်မဟုတ်ဘဲ ပြည်သူနှင့်အတူ ရပ်တည်သွားမည့် ကာကွယ်ရေးတပ်ဖွဲ့သာဖြစ်ကြောင်း Chinland Defense Force – Paletwa က ထုတ်ပြန်ထားကာ ယင်း ကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးထားသူများအား ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။ 

• ပလက်ဝတွင် ပေါက်ကွဲမှုများအပြီး စစ်အုပ်စုဘက်က မြို့နေလူငယ်များက ဆက်တိုက်ဆိုသလို ဖမ်းဆီးနေရာ ယနေ့နံနက် ပိုင်းကလည်း အိုက်ခိုင်ဝင်းနှင့် ၎င်း၏ သူငယ်ချင်းတို့အား စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ယမန်နေ့ညပိုင်းက လည်း လူငယ်နှစ်ဦးကို ဖမ်းဆီးထားသည်။ ပလက်ဝတွင် ဖမ်းဆီးခံထားရသူ ၁၆ ဦးအထိ ရှိနေပြီဖြစ်ကာ ခြောက်ဦးကိုမူ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

မွန်ပြည်နယ်

• မော်လမြိုင်မြို့နေ လူထုကလည်း နေရှင်နယ် အ.မ.က နှင့် အ.ထ.က (၂) ကျောင်းရှေ့များတွင် သွေးစွန်းနေသည့် ကျောင်းစိမ်းဝတ်စုံများ ချိတ်ဆက်ကာ စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးအလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ပေါင်မြို့နယ်နေ လူငယ်များကလည်း "နေရာမရူးဘဲ အာဏာရူးကို ဆန့်ကျင်နေတဲ့ CDM ဝန်ထမ်းများအားလုံး Congratulation” အပါအဝင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်သည့် စာများ ရေးသားကိုင်ဆောင်ကာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့သည်။ 

• မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်ဆက်သွယ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းတံတားအား မူလအမည် သံလွင်တံတား (ချောင်းဆုံ)ဟု စစ်အုပ်စုဘက်က ပြန်လည်ပြောင်းလဲလိုက်သည်။ အဆိုပါ တံတားအား ဗိုလ်ချုပ်အောင်ဆန်းတံတားဟု NLD အစိုးရလက်ထက် အမည်ပြောင်းခဲ့တာကြောင့် ဆန္ဒပြမှုများပင် ဖြစ်ပွားခဲ့ဖူးသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းဘက်ရှိ ၂၁၂ ဆက်သွယ်ရေးတပ်ရင်းတွင် ကတုတ်ကျင်းတူးရာမှ စစ်သားအချင်းချင်း အချင်းများရာမှ တစ်ဦးက ဓားဖြင့် ခုတ်ခဲ့ရာ အခုတ်ခံရသူတပ်သားလက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ၎င်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါ ၂၁၂ တပ်ရင်းတွင် မေလ ၂၇ ကလည်း ဗုံးပေါက်ကွဲ၍ တပ်သားတစ်ဦး သေ ဆုံးထားသည်။ 

• ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာနှင့် အနီးရှိ နမ့်ခိုင်တံတား၊ နားနွယ်၊ ဘန်ကိုင်လမ်းခွဲ၊ ရီးယာန်နှင့် နမ့်ဖက်ကာ ၁၂၃ တပ်စခန်းတို့အား မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နံနက် ၁ နာရီခန့်မှစ၍ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် စစ်အုပ်စုဘက်က ဒုတပ်ရင်းမှူတစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးကာ ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ 

• လားရှိုးမြို့လယ်ခေါင်ရှိ အမြင့်ပေ ၃၀ ကျော်ရှိ ကြော်ငြာဆိုင်းဘုတ်နေရာတွင် ဒေသခံလူငယ်များက "We want Democracy” ဟု ရေးသားထားသည့် စက္ကူဆိုင်းဘုတ်အား ယနေ့နံနက် ၄ နာရီခွဲခန့်က ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ လားရှိုးမြို့နယ်နေ လူငယ်တချို့ကလည်း ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ် အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း နေ့စဉ်ပြုလုပ်နေသည့် ကျောက်မဲမြို့ခံများ၏ ဆိုင်ကယ်သပိတ်ကို ယနေ့နံနက်ပိုင်း က စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ပစ်ဖောက် ဖြိုခွဲကာ ကားဖြင့် လိုက်တိုက်ခဲ့သဖြင့် ဖမ်းဆီးခံရသူမရှိသော်လည်း လူငယ်တစ်ဦးမှာမူ ရာဘာကျည်ထိန်မှန်ခဲ့သည်။ ကျောက်မဲမြို့တွင် စစ်အုပ်စုခန့် မြို့နယ်အုပ်ချုပ်ရေးမှူးအသစ် ရောက်ရှိနေကာ ၎င်းပြောင်းလာပြီးနောက်ပိုင်း ညပိုင်းများ၌ ပစ်ခတ်မှုများ ရှိလာကာ ဒေသခံနှစ်ဦး ထိမှန်ခဲ့ကာ ဖမ်းဆီးမှုများလည်း ပိုမိုလုပ်ဆောင်လာခဲ့သည်။ 

• ရပ်စောက်မြို့ အ.မ.က (၉) ကျောင်းရှေ့ အုတ်နံရံများတွင် "စစ်ကျွန်ပညာရေး အလိုမရှိ" “CDM” စသည့် စာများအား ဒေသခံလူငယ်များက ဆေးအနီများဖြင့် ရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• မိုးဇလလက်အောက်တွင် CDM ကြောင့် ရာထူးမှ ထုတ်ပယ်ခံထားရသည့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာများမှ ယနေ့ (မေလ ၃၁) နောက်ဆုံးဖယ်ရှားပေးရမည်ဖြစ်ကာ အတိုးမဲ့ချေးငွ နှစ်လစာကို ပြန်ဆပ်ရန်လည်း ဖိအားပေးလျက်ရှိသည်။ 

• NLD အစိုးရလက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ ဆိုထားသည့် ရေဘက်ဆိုင်ရာ မြို့ပြအင်ဂျင်နီ ယာလုပ်ငန်းမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးထွန်းနိုင်ဝင်း (အထက်မြန်မာပြည်) နှင့် ဦးအောင်ကျော်မှူး (ရေလမ်းထိန်းသိမ်းရေးလုပ်ငန်းများဌာန – အောက်မြန်မာပြည်) တို့အား အမှုများပြန်ရုပ်သိမ်းကာ တာဝန်ရပ်စဲထားသည့်ကာလအတွင်း ခံစား ခွင့်မပေးထားသည့် လစာများကိုပါ ပြန်လည်ထုတ်ယူခွင့်ပြုကာ တရားစွဲဆိုခံထားရမှုကာလအား တာဝန်ချိန်အဖြစ် ပြောင်း လဲသတ်မှတ်ခွင့်ပြုထားသည်။ 

• စစ်အုပ်စုက လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားအောင် နှောင့်ယှက်ဖျက်ဆီးမှုမှ လွဲ၍ ကျန်စစ်ဆင်ရေးအားလုံး အား ဇွန်လ ၃၀ ရက်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။ 

မေ ၃၁ သုံးသပ်ချက်

• ရန်ကုန်တွင် သပိတ်များ အားလျော့လာကာ တန်ပြန်တိုက်ခိုက်မှုများ များလာနေသည့်အတွက် စစ်အုပ်စုဘက်က လုံခြုံရေး ပိုမိုတင်းကျပ်လာလျက် ရှိသည်။ ပေါက်ကွဲမှုများမှာ နေ့စဉ်ရှိနေကာ စစ်အုပ်စုယာဉ်တန်းများကိုပါ တိုက်ခိုက်မှုများ ရှိလာသည့်အတွက် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ကာ သွားလာနေရသည်။ 

• မန္တလေးတွင် သပိတ်များ အားကောင်းကောင်းဖြင့် ဆက်ရှိနေကာ စစ်အုပ်စုဘက်က သတင်းပေးအကူအညီဖြင့် ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင်လာနေလျက် ရှိသည်။ မြို့ပေါ် ရပ်ကွက်ရုံးနှင့် ရဲစခန်းများတွင် ယခင်ကထက် လုံခြုံရေးအစီ အမံများ ထပ်မံတိုးမြှင့်နေကာ ယာဉ်မောင်းနှင်ခွင့်လိုင်စင် စစ်ဆေးမှုများလည်း ပိုမိုများပြားလာနေသည်။ မန္တလေးတိုင်း အတွင်းရှိ အခြားမြို့နယ်များတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးများ တိုက်ခိုက်ခံရမှု ဆက်တိုက်ရှိနေသည်။

• ချင်းနှင့် ကယားပြည်နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများပြန်ရှိလာကာ စစ်အုပ်စုဘက်က အကျအဆုံးနှင့် အထိအခိုက်များပြားလျက် ရှိသည်။ ကနီမြို့နယ်တွင်းရှိ ကျေးရွာများတွင်လည်း ပစ်ခတ်မှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ နီင့်လည်း စစ်အုပ်စုအကြား တိုက်ပွဲများဖြစ်နေကာ စစ်အုပ်စုဘက်မှ အကျအဆုံး များနေပြီး စခန်းစွန့်ထွက်ပြေးမှုများ ပိုမိုများ ပြားလာသည်။

• ကျန် မြို့ကြီးများနှင့် ဒေသများတွင် သပိတ်များ အားကောင်းဆဲဖြစ်ကာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း လှုပ်ရှားမှုနှင့် ကျောင်းမတက်နဲ့ ကျောင်းပျက် ကျောင်းသား CDM မှာ အထူးအားကောင်းလျက် ရှိသည်။ 

• စစ်အုပ်စုဘက်တွင် တပ်တွင်း အချင်းချင်းပစ်ခတ်မှုများ ပိုများလာကာ လက်နက်ကိုင်တိုက်ပွဲများတွင်လည်း အကျအဆုံး များနေသည့်အတွက် တပ်တွင်းစည်းရုံးရေး ပျက်ကာ တပ်ပြေးမှုများ ပိုမိုများလာဖွယ် ရှိသည်။ နိုင်ငံတကာဖိအားနည်းနေ သော်လည်း ပြည်တွင်းလက်နက်ကိုင်နှင့် လမ်းပေါ်တက် လူထုလှုပ်ရှားမှုများ၊ ကျောင်းမတက်ရေး လှုပ်ရှားမှုများကြောင့် စစ်အုပ်စုဘက်တွင် အကျပ်အတည်းဖြစ်နေစေကာ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရေးမှာလည်း အောင်မြင်ဖွယ်ရာ မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required