အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဘားအံကိုရောက်နေဟု သတင်းတွေထွက်ပေါ်

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဘားအံကိုရောက်နေဟု သတင်းတွေထွက်ပေါ်

မေ ၃၁

အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကရင်ပြည်နယ်၊ ဘားအံမြို့ကိုရောက်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်တွေဟာ ဘားအံမြို့ထဲမှာရှိတဲ့ တပ်မ ၂၂ ဌာနချုပ်ထဲကို ဒီကနေ့မနက်ပိုင်းက ဆင်းသက်လာပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးကို သွားရောက်ခဲ့တာလို့ KNU ဒူးပလာယာခရိုင်ကလည်း ဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေလည်းပါဝင်လာပြီး အားအံတက္ကသိုလ်မှာ တွေ့ဆုံပွဲတစ်ခုလုပ်ဖို့ရှိတယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ Facebook စာမျက်နှာလည်းရေးသားထားပါတယ်။

“ လူသတ်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် လက်ပါးစေပါချုပ်ပြုတ် ညွန့်ဖေတို့ ဘားအံတက္ကသိုလ်လာမည်ဟု သတင်းများထွက်ပေါ် ၊ တက္ကသိုလ် တွင်း အကြမ်းဖက်သမားများ နှစ်ဆ တပ်စွဲထား” ဟူ၍ ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက လူမှုကွန်ယက်မှာရေးသားထားတာပါ။

အာဏာသိမ်းစစ်အုပ်စုတို့ သွားရောက်မယ့် တက္ကသိုလ်ဝန်းကျင်မှာ လုံခြုံရေးကို အရင်ကထက် ပိုမိုတိုးမြှင့်ချထားလျက်ရှိတာကို တွေ့ရကြောင်းလည်း ဒူးပလာယာခရိုင်ကထုတ်ပြန်ခဲ့ပါတယ်။

ယမန်နေ့ညကလည်း ဘားအံမြို့တွင်းနဲ့ တောင်ကလေးဘုန်းကြီးကျောင်းအနီး တောင်ဝိုင်းတောင်သွားတဲ့ လမ်းတစ်လျှောက် လုံခြုံရေးတွေ အဆမတန် တင်းကျပ်စွာ ချထားပြီး သံလွင်မြစ်ထဲမှာလည်း စစ်ရေယာဉ်တစ်စီး ချထားလျက်ရှိတယ်လို့ သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly