နေပြည်တော်၊ဒီဇင်ဘာ၃ ။ ။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်တည်ထောင်နိုင်ရေးအတွက် လိုအပ်သည့် မြေ ၄၂၈၉.၃၂ ဧကကို နယ်နမိတ်ဧရိယာ အဖြစ်သတ်မှတ်ပြီး အမိန့်ကြေငြာစာထုတ်ပြန် သွားမည်ဟု ယင်းစီမံကိန်း၏ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးဖြစ်သူ ဦးမြင့်သိန်းကပြောသည်။
နိုင်ငံတော်သမ္မတထံမှ ပေးပို့ခဲ့သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ကြေငြာသည့် အမိန့် ကြော်ငြာစာထုတ်ပြန်နိုင်ရေး နှင့်ပက်သက်၍ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်သိန်းက ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်းမြေအဖြစ်သတ်မှတ်မည့် နေရာတွင် ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ စက်မှုဇုံစီမံကိန်း နှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းများ ထည့်သွင်းတည်ထောင်မည်ဟု ဒုဝန်ကြီးကပြောသည်။
စီမံကိန်းဧရိယာအဖြစ် ရေနက်ဆိပ်ကမ်းစီမံကိန်း အမှတ် (၁) နယ်နမိတ် ၃၇၀.၆၆ ဧက ၊ ရေနက်ဆိပ်ကမ်း အမှတ် (၂) နယ်နမိတ် ၂၃၇.၂၂ ဧက ၊ စက်မှုဇုံစီမံကိန်းနယ်နမိတ် ၂၄၄၆.၀၇ ဧက ၊ အဆင့်မြင့်အိမ်ရာစီမံကိန်း နယ်နမိတ် ၁၂၃၅.၃၇ ဧက ပါဝင်သည်။
ကျောက်ဖြူမြို့နယ်အတွင်းရှိဒေသများအပါအဝင် ရမ်းဗြဲမြို ့နယ် နှင့် မာန်အောင်မြို့နယ်အတွင်းရှိ ဧရိယာများပါဒေသတွင်းလွှမ်းခြုံဧရိယာအနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။
ကျောက်ဖြူမြို ့နယ်ကို စက်မှုလုပ်ငန်းများအဓိကဆောင်ရွက်မည့် အထူးစီးပွားရေးဇုန် ၊ ရမ်းဗြဲမြို ့နယ်ကို စိုက်ပျိုးရေးလုပ်ငန်းများဖော်ဆောင်သွားမည့် ဇုန် နှင့် မာန်အောင်မြို ့နယ်ကို သဘာဝအခြေခံခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ဇုန်များအဖြစ်အကောင်အထည်ဖော်မည်ဟု ဒုဝန်ကြီးကဆိုသည်။
လာမည့် ၂၀၁၆ ဖေဖော်ဝါရီလမှစတင်ကာ စက်မှုဇုန်စီမံကိန်းအတွက် ဧက ၂၅၀ (ဟက်တာ ၁၀၀) ကိုစတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကာ ကျန်ဧရိယာများကို နှစ် (၂၀-၃၀) စီမံကိန်းများအဖြစ်တိုးချဲ ့ဆောင်ရွက်သွားမည်ဖြစ်သည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ ပြည်ထောင်စုလွှတ်တော်သို့တင်ပြချက်နှင့်ပက်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဒီဇင်ဘာလ ၄ ရက်နေ့ညနေ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ကကြေငြာခဲ့သည်။