မေ ၃၀
ဧရာဝတီတိုင်း ပုသိမ်မြို့ တိုင်းရဲတပ်ဖွဲ့မှူးအိမ်အနီးမှာ ကင်းစောင့်နေတဲ့ ရဲနှစ်ဦး မေလ ၂၉ရက်နေ့ ညပိုင်းအချိန်က အချင်းချင်းစကားများပြီး ပစ်ခတ်ရာက တစ်ဦးသေဆုံးခဲ့တယ်လို့နီးစပ်သူတွေကပြောပါတယ်။
တိုင်းရဲရုံးနဲ့ နီးစပ်သူအများစုက သေနတ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့လို့ ရဲဒုတပ်ကြပ် လည်ပင်းကျည်ထိမှန်သေဆုံးခဲ့တာလို့ အတည်ပြုပေးကြပေမယ့် ဧရာဝတိုင်းရဲတပ်ဖွဲ့မှုးရုံးက ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေကို ဆက်သွယ်မေးမြန်းရာမှာတော့ စကားများပြီးပစ်ခတ်ခဲ့တာမဟုတ်ပဲ ကျည်မတော်တဆ ပေါက်ထွက်ပြီးသေဆုံးခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေကတည်းက ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရဲတိုင်းလိုလိုကို သေနတ်ကိုယ်စီ ထုတ်ပေးထားခဲ့တာပြီး အချင်းချင်း ပစ်ခတ်ခဲ့တဲ့ ရဲနှစ်ဦးဟာ ဌာနတစ်ခုတည်းမှ တာဝန်ကျနေတဲ့ ဧရာဝတီတိုင်းရဲရုံးက ရဲအုပ်တစ်ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ဖြစ်တယ်လို့လည်း နီးစပ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။