ထားဝယ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်ဝတ်ဖြင့် အမျိုးသမီး ၄ ဦးအပါအဝင် ၁၄ ဦးဖမ်းဆီး ၊ ၁ ဦး ပြန်လည်လွှတ်မြောက် 

ထားဝယ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက အရပ်ဝတ်ဖြင့် အမျိုးသမီး ၄ ဦးအပါအဝင် ၁၄ ဦးဖမ်းဆီး ၊ ၁ ဦး ပြန်လည်လွှတ်မြောက် 

မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ်မြို့မှာ မေလ ၂၉ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်များဖြင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် သပိတ်စစ်ကြောင်းများမှာ   အမျိုးသမီး လေးဦးအပါအဝင် လူငယ် ၁၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ဆင်ဆိပ်ရပ်ကွက်မှာရှိတဲ့ အအေးဆိုင် တစ်ဆိုင်မှာ  မေလ ၂၉ ရက်နေ့ ညနေ သုံးနာရီခွဲအချိန်ခန့်က သပိတ်စစ်ကြောင်းဦးဆောင်သူများအပါဝင် လူငယ် ဆယ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်များ ၊ အိမ်စီးကားများ အသုံးပြုပြီးဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။

တဆက်ထဲမှာပဲ  ညနေ ခြောက်နာရီခွဲအချိန့်ခန့်က ကျောက်မော်ရပ်ကွက်မှာရှိတဲ့နေအိမ်တအိမ် အတွင်းမှာရှိတဲ့ လူငယ် လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ 

"အရပ်ဝတ်တွေ ၊  အိမ်စီးကားတွေနဲ့ လာရောက်ဖမ်းဆီးသွားတာပါ။ စစ်ကြောင်းကလူတွေနဲ့ဒီမိုကရေစီအရေးလှုပ်ရှား ကြတဲ့သူတွေပါ။ သေချာထောက်လှမ်းပြီးလာဖမ်းတဲ့ပုံစံမျိုး ၊ တစ်ယောက်ကတော့ ဖုန်းထဲ ဘာမှာမတွေ့လို့ပြန်လွှတ်ပေးလိုက်တယ် " ဟု ဒေသခံတွေကဆိုပါတယ်။ 

လက်ရှိအချိန်ထိ ဖမ်းဆီးခံခဲ့ရသူများကို ထားဝယ်မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း သိရပါတယ်။

မနက်ပိုင်းအချိန်ကလည်း ထားဝယ်မြို့မှာ တပ်ပေါင်းစုသပိတ်ကော်မတီနဲ့ ထားဝယ်လူငယ်သပိတ်ကော်မတီတို့ပူးပေါင်းပြီး မနက်ပိုင်းမှာ ချီတက်ဆန္ဒပြတာနဲ့ ဟောပြောမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ 

ထားဝယ်မြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ ဆန်းချီလမ်းဆုံနဲ့ ရှမ်းမလည်ဆွဲဓာတ်ဆီဆိုင်အနီးက လမ်းဆုံတို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အတွက်သမဂ္ဂအလံ လွှင့်ထူတဲ့အစီအစဉ်တွေပြုလုပ်ခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly