မိုးညှင်းမြို့၊ နမ့်မွန်းရွာ စစ်ကောင်စီတပ်စခန်း ၂ခုကို ကေအိုင်အေတိုက်ခိုက် 

မိုးညှင်းမြို့၊ နမ့်မွန်းရွာ စစ်ကောင်စီတပ်စခန်း ၂ခုကို ကေအိုင်အေတိုက်ခိုက် 

မေ ၃၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဒီကနေ့ မေလ ၃၀ ရက်မှာ တိုက်ခိုက်လိုက်ပါတယ်။ 

နမ့်မွန်းကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းနဲ့ နမ့်မွန်းကျေးရွာအဝင်တောင်ထိပ်မှာရှိတဲ့စစ်ကောင်စီကင်းစခန်းတစ်ခုကို မနက်အစောပိုင်း ၁ နာရီဝန်းကျင်လောက်မှာ  တစ်ပြိုင်ထဲ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မဇ္စျိမကိုပြောပါတယ်။ 

"စခန်းသိမ်းတာတော့မရှိဘူး၊ အလစ်ဝင်ရောက်ပစ်ခတ်တာဘဲရှိတယ်၊စခန်းနှစ်ခုကို တစ်ချိန်ထဲဝင်ပစ်တာ၊  စစ်ကောင်စီဘက်က ထိခိုက်မှုများသွားတယ်၊အတိအကျတော့မသိဘူး"လို့ အဲ့ဒီဒေသခံက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီခန့်ကြာကာ လက်နက်ကြီး၊ လက်နက်ငယ်၊ RPG တွေနဲ့ပါ အပြန်အလှန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးသူတွေကို ကားနှစ်စီးနဲ့ ဟိုပင်မြို့ဘက်ကို လာသယ်သွားတယ်လို့ ဒေသခံကပြောပါတယ်။  

တိုက်ပွဲဖြစ်ပြီး နမ့်မွန်းမြို့မှာရှိတဲ့ ရဲတွေ စခန်းကိုစွန့်ခွါထွက်‌ပြေးကုန်တယ်လို့ သိရပါတယ်။ နှစ်ဘက်အကျအဆုံးနဲ့ ဖြစ်စဉ်အသေးစိတ်ကို ကေအိုင်အေ၊ ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မဇ္စျိမက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။ 

တိုက်ပွဲဖြစ်ရာ နမ့်မွန်းကျေးရွာက မိုးညှင်းမြို့နဲ့၁၈ မိုင်အကွာမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီးတော့ အိမ်ခြေ ၂၀၀၀ ကျော်ရှိကာ ရှမ်းနှင့် ကချင်လူမျိုးများ အများဆုံးနေထိုင်ကြတယ်လို့ ကချင်အခြေစိုက် The 74 Media ရဲ့ ဖော်ပြချက်အရသိရပါတယ်။ 

မနေ့က မေလ ၂၉ ရက်မှာလဲ  စစ်ကိုင်းတိုင်း ကသာခရိုင် ဗန်းမောက် မြို့နယ်မှာရှိတဲ့ မံထုံ ရဲကင်းစခန်းကို ကေအိုင်အေ တပ်ဖွဲ့က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး ခဲယမ်းဂိုဒေါင်တွေကိုလည်း မီးရှို့ဖျက်စီးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly