နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၉ မေ ၂၀၂၁)
(Photo: : CJ - မေလ ၂၉ ရက်၊ တောင်ငူမြို့ရှိ ဒေသခံပြည်သူများ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အား ကြိုဆို‌သည့် လှုပ်ရှားမှုမြင်ကွင်း)

ရန်ကုန်တိုင်းဒေသကြီး

• သာကေတတွင် ယမန်နေ့ညပိုင်းက ဇိနမာန်အောင်ဘုရားဝင်းအတွင်း တပ်စွဲထားသည့် စစ်အုပ်စုလက်နက်ကိုင်များ အား လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကာ စစ်အုပ်စုဘက်က ထိခိုက်သူများ ရှိခဲ့သည်ဟု သိရသည်။ 

• အင်းစိန်၊ ပေါက်တောဝ၊ ကမ်းနားအလယ်ရပ်ကွက်နေ မော်ဒယ်သရုပ်ဆောင် အောင်ဇေယျာလင်း (ခ) ထက်အောင်ကို ယမန်နေ့ညပိုင်း ၉ နာရီခွဲဝန်းကျင်က ကမ်းနားအလယ်ရပ်ကွက်ရုံး၊ အောင်ဇေယျတံတားအဆင်း တွင် တပ်မ ၇၇ လက်အောက်ခံ စစ်သားများက တားဆီးစစ်ဆေးရာ မရပ်ပေးသည့်အတွက် ကားဖြင့်တိုက်ခဲ့ရာ သေဆုံးသွားခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရုံးအနီးတွင် ယမန်နေ့ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့သည်။ 

• ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ စစ်တပ်/ရဲစခန်းများ ရှိသည့်နေရာများသို့ မသွားရန်နှင့် စစ်အုပ်စုအား အခွန်ဆောင်ခြင်း (မီတာခပေးဆောင်ခြင်း) များ မပြုလုပ်ရန် ယမန်နေ့ညပိုင်းက ပြောက်ကျးတပ်ဖွဲ့များက မေတ္တာရပ်ခံစာ ထုတ်ထားသည်။ 
• ကြည့်မြင်တိုင်မြို့နယ် ဟုန်းလမ်းနှင့် ကမ်းနားလမ်း၊ ဓာတ်ဆီဆိုင်အနီးရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့နံနက်ပိုင်း ၉ နာရီခန့်က လက်လုပ်ဗုံး ပစ်သွင်းခံခဲ့ရကာ ထိခိုက်မှု အခြေအနေကိုမူ မသိရသေးပေ။ 

• လှိုင်သာယာမြို့နယ်၊ ကမ္ဘောဇမှတ်တိုင်အနီးတွင် ယနေ့နံနက် ၉ နာရီကျော်ခန့်က စစ်အုပ်စုကားတစ်စီးပေါ်သို့ လက်ပစ်ဗုံး ပစ်သွင်းခံရကာ ဗုံးမှာ ကားအောက်သို့ ပြုတ်ကျပေါက်ကွဲသွားရာ ဒဏ်ရာရသူအချို့ ရှိခဲ့ပြီး လက်ရှိတွင် စစ်အုပ်စုလက်နက် ကိုင်အများအပြား ရောက်ရှိနေကာ အနီးရှိ ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ 

• စစ်အုပ်စုအား ဆန့်ကျင်နေသည့် ပြည်သူများအား သေဆုံးသည်အထိ ပစ်ခတ်ခြင်းမှာ အကုသိုလ်မဖြစ်ကြောင်းနှင့် ငရဲမလားကြောင်း ကြေညာစာကို စစ်အုပ်စုထောက်ခံ YMBA အသင်း တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းက လက်မှတ်ရေးထိုး ထုတ်ပြန် ထားသည့် စာအတုတစ်စောင်မှာ လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လျက်ရှိသည်။ 

• ရန်ကုန်မြို့ ပြည်လမ်း၊ မြေနီကုန်းတံတားအဆင်းရှိ ကုလသမဂ္ဂလက်အောက်ခံ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရုံးအနီးတွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက တံတားအဆင်းမှ ဟံသာဝတီမီးပွိုင့်အထိ ခေတ္တလမ်းပိတ်ခဲ့ပြီးနောက် ၁၀ နာရီကျော်ခန့်တွင် ပြန်လည်လမ်းဖွင့်ပေးခဲ့သည်။ 

• အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် CDM လုပ်နေသည့် သင်ကြားရေးဝန်ထမ်း ၃၈ ဦးကို စစ်အုပ်စုက အလုပ်မှ ထုတ်ပယ် လိုက်သည်။ 

• မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးများ အတိုင်ပင်ခံကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်နေသည့် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ ဗကသ၊ စိန်ပန်း၊ သမဝါယမတက္ကသိုလ်ကျောင်းသား/သူ သပိတ်စစ် ကြောင်းများ ပါဝင်သည်။ 

• အောင်မြေသာစံမြို့နယ် ကျောင်းသားသမဂ္ဂနှင့် ပညာရေးကျောင်းပေါင်းစုံ ပူးပေါင်းသပိတ်စစ်ကြောင်းကလည်း ယနေ့အစောပိုင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းပေါ်တက် ဆန္ဒပြခဲ့ကြသည်။ 

• မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ အခြေခံပညာဦးစီးဌာနမှ CDM ဝန်ထမ်း ၃၉၂ ဦးမှာ တာဝန်မှ ယာယီရပ်ဆိုင်းထားခံရသည်။ 

• မန်း၊ အမရပူရကျောင်းသားနှင့် ရက္ကန်းလုပ်သားများ စုပေါင်း၍ ပြောက်ကျားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မန်း ကျောက်မျက်ရတနာကုန်သည်/ပွဲစား သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လမ်းများပေါ်တက်ဆန္ဒပြခဲ့ကြသည်။

• ယမန်နေ့က စစ်အုပ်စုလက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွဲခံရသဖြင့် သံဃာနှင့် ပြည်သူများ ဖမ်းဆီးခံခဲ့ရသော လေးပြင် ရပ်သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်းမှာ ယနေ့ နေ့လယ်ပိုင်းကလည်း လမ်းပေါ်ပြန်ထွက်ကာ NUG အစိုးရထောက်ခံကြောင်း နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးတွင် ယနေ့နံနက်ပိုင်းက ဆိုင်ကယ်စီး စစ်အုပ်စုလက်နက်ကိုင်များ ကင်းလှည့်မှုများ ရှိနေကာ အိမ်စီးကားဖြင့် ကင်း လှည့်မှုများ နည်းပါးနေသည်ဟုလည်း မန်းနန်းရှေ့နေ မြို့ခံတစ်ဦးက ညနေ ၄ နာရီတွင် အတည်ပြု ပြောဆိုသည်။ ရပ်ကွက်ရုံးနှင့် ရဲစခန်းများတွင်မူ လုံခြုံရေးများအား ယခင်အတိုင်းထားရှိကာ တင်းကြပ်ထားဆဲ ဖြစ်သည်။ 

• မိုးကုတ်မြို့၊ တောင်နီကွေ့ရပ်ကွက်အနီးတွင် ရဲကားတစ်စီးအား ထော်လာဂျီတစ်စီးမှ ဝင်တိုက်မိခဲ့၍ ထော်လာဂျီမောင်းသူအား စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့သည်။ မိုးကုတ်တွင် မြို့ခံလူငယ်များကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အား ကြိုဆိုကြောင်း ဆိုင်းဘုတ်များအား စိုက်ထူကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ညောင်ဦးမြို့နယ်၊ တောင်ဇင်းလူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေးကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• မြင်းခြံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှ ဖမ်းဆီးခံခဲ့ရသူ မြို့ခံငါးဦးအနက် သုံးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မြို့ပေါ်နေရာအချို့တွင်လည်းပေါက်ကွဲမှုများ ရှိခဲ့သည်။ မြင်းခြံတက္ကသိုလ်တွင် စစ်အုပ်စုအား ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်၍ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၁၂၉ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားခံရသည်။ 

ပဲခူးတိုင်းဒေသကြီး

• ကျောက်ကြီးမြို့နယ်၊ တောင်ပေါ်ဒေသ၊ လဘ်ကထော် (ခ) ထီးဟဲခီးကျေးရွာရှိ ဒူးရင်းခြံအတွင်း စကားပြောနေသည့် အယ်တမွီစိုးနှင့် စောသန်းထူးတို့ နှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ နေ့လယ်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ကာ ဖမ်းခေါ်သွားသည်ဟု သိရသည်။ 

• ပဲခူးတိုင်း၊ အင်းတကော်မြို့ အင်ဂျင်နီယာတပ်ရင်းတွင် တပ်သားနှင့် အရာရှိ စကားများရာမှ အရာရှိဖြစ်သူ ဇော်နိုင်အား အဆိုပါတပ်သားက ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားခဲ့ရာ အရာရှိမှာ ဓားဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ 

• သဲကုန်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် လက်လုပ်ဗုံးဟု ယူဆရသည့် ရေပိုက်ဖြင့် ပြုလုပ်ကာ ဝါယာကြိုး၊ ဓာတ်ခဲများဖြင့် ဆက်သွယ်ထားသည့် အရာဝတ္ထုတစ်ခုပါ အိတ်အမဲတစ်လုံးအား ယနေ့နံနက် ၆ နာရီခန့်က တွေ့ရှိခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နယ်၊ ရဲလှနှင့် နှမ်းခါးရွာအကြား ဂန့်ဂေါ-ကားလမ်းအတိုင်း ကလေးမြို့သို့ လာသည့် စစ်အုပ်စု လက်နက်ကိုင်ကား နှစ်စီးအား သာယာကုန်းနှင့် နည်းပညာတက္ကသိုလ် (ကလေး) ကြားတွင် ကလေးခုခံကာကွယ်ရေးအဖွဲ့ KRDA က ယမန်နေ့ နေ့လယ်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုကားများ ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။ တိုက်ပွဲတွင် စစ်အုပ်စုဘက်က ငါးဦးကျဆုံးကာ ပြည်သူများဘက်က သုံးဦး သေဆုံးခဲ့သည်။ 

• ခင်ဦးမြို့နယ်၊ အိုးပေါက်ကြီးကျေးရွာတွင် ရွာခံများအား ဓားကိုင်ဆဲဆို စိန်ခေါ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ ကျေးရွာစည်းရုံးရေးမှူး ဦးအုန်းခိုင်မှာ ယမန်နေ့ နေ့လယ်ပိုင်းက မျက်နှာဖုံးစွပ်လူနှစ်ဦးအား နေအိမ်သို့ လာရောက်ကာ သေနတ်ဖြင့် ပစ်သတ် သွားခဲ့သည်။ 

• ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာအုပ်စု၊ နှောကုန်းကျေးရွာတွင်လည်း ယနေ့နံနက် ၁၀ နဦရီခန့်က စစ်အုပ်စုခန့် ကျေးရွာတာဝန်ခံ ဦးကျော်စိန်ဝင်းနှင့် ရွာမိရွာဖြစ်သူ ဦးအောင်တင့်တို့နှစ်ဦးအား နှောကုန်းရွာအနီး လမ်းဘေးဘဲခြံတစ်ခုအနီးတွင် ဓားခုတ်ခံထားရသည့်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ပြီး ၎င်းတို့နှစ်ဦးမှာ ရွာတွင်းသို့ စစ်အုပ်စုလက်နက်ကိုင်များ ခေါ် ခဲ့ဖူးသူများလည်း ဖြစ်သည်။ 

• ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း အဆိုပါ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းနှင့် သွားရောက်ပူးပေါင်းကာ လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယင်းမာပင်မြို့နယ်၊ မင်းကန်ကြီးရွာနေ ပြည်သူများကလည်း လူအင်အား ၁၀၀ ကျော်ဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း လူထုဟောပြောပွဲ ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းကလည်း ကျေးရွာများတွင်းလှည့်လည်ကာ စစ် အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။၊ 

• ကလေးမြို့တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးယူထားသည့်ကြားကပင် ဒေသခံများက လူအင်အား ရာနှင့်ချီ ပါဝင်သည့် မြို့ခံသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်ကိုင်းတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ စစ်အုပ်စုအား ဆန့်ကျင်ကာ ပြည်သူ့ဘက်ရပ်တည်၍ CDM လုပ်နေသည့် ဝန်ထမ်း ၅၀၈ ဦးအား အလုပ်မှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။ 

• ကောလင်းမြို့နယ်၊ ဥက္ကံနေ ပြည်သူများကလည်း စာရွက်များပေါ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများ ရေးကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာနေ ကျောင်းသားပြည်သူများကလည်း စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• တန့်ဆည်မြို့ခံ ကျောင်းသားနှင့် ပြည်သူများကလည်း လူအင်အား ရာနှင့်ချီ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရွှေဘိုခရိုင်၊ ဝန်းစည်ကျေးရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကျွန်းလှမြို့နယ်၊ သရက်ပင်ကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• စစ်ကိုင်း၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဆရာ/ဆရာမ ၃၇ ဦးအား CDM ပြုလုပ်မှုဖြင့် အလုပ်က ထုတ်ပယ်လိုက်သည်။ 

မကွေးတိုင်းဒေသကြီး

• မကွေး၊ ကံမမြို့နယ် NLD ပါတီဥက္ကဋ္ဌနှင့် မကွေးတိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားဝန်ကြီး ဦးမြင့်အောင်ကို ယမန်နေ့ညနေပိုင်းက ၎င်းနေထိုင်ရာ ကံမမြို့နယ် ခြောက်ပင်အုပ်စု ဇွေးမိကျေးရွာနေအိမ်တွင် ဖမ်းဆီးခံခဲ့ရသည်။ 

• မြိုင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကာ စာသင်ကျောင်းအချို့လည်း မီးလောင်ခဲ့သည်။ မီးလောင်ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ပြည်သူများအား အပြင်မထွက်ရန် တားမြစ်ကာ ခြောက်လှန့်ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုလက်အောက်ခံ တရားရုံးက မကွေး NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးအား ထောင်ဒဏ် သုံးနှစ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်ကာ တိုင်းဝန်ကြီဟောင်းဖြစ်ခဲ့သူ ဦးနေမျိုးကျော်ကို ထောင်ဒဏ်နှစ်နှစ်ချမှတ်လိုက်သည်။ 
• မြိုင်မြို့နယ်နေ ကျောင်းသားနှင့် ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်တွင်းကြီးမြို့တွင် ဂိမ်းဆိုင်တစ်ခု၌ ဂိမ်းကစားနေသည့် လူငယ် ၁၀ ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယနေ့ နေ့ လယ်ပိုင်းတွင် ၎င်းတို့ စီးနင်းသည့် ဆိုင်ကယ်များကိုပါ စစ်ဆေးကာ ဖမ်းဆီးသွားကြောင်း သိရသည်။ 

• ရေနံချောင်းလူငယ်များကလည်း "ရာဇဝင်မရိုင်း အစဉ်အလာသမိုင်းနဲ့ ရေနံချောင်း" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ပြောက်ကျားသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ 

• ရေစကြိုမြို့နယ်၊ ဟင်္သာကျေးရွာ NLD ပါတီဝင်သပိတ်ခေါင်းဆောင်းအချို့၏ နေအိမ်များအား စစ်အုပ်စုလက်နက်ကိုင်များ က ဝင်ရောက်ဖျက်ဆီးသွားသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ် သင်္ဘောဆိပ်ရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဒေသခံခြောက်ဦးအား စစ်အုပ်စုလက်နက်ကိုင် များက အ ကြောင်းပြချက်မပေးဘဲ အဓမ္မဖမ်ဆီးသွားသည်။ ဖမ်းဆီးခံရသူများမှာ ဦးမြင့်စိန်၊ ဦးမောင်နိုင်ဝင်း၊ ဦးဖိုးရွှေဟား၊ ဦးဘအို၊ မောင်အောင်ဖြိုးညီနှင့် ကိုအောင်လွင်ဆန်တို့ ဖြစ်သည်။ 

• ထားဝယ် တပ်ပေါင်းစုနှင့် လူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ်မြို့ ဆန်းချီလမ်းဆုံရှိ အမြင့်ပေ ၃၀ ခန့်ရှိ ဓာတ်မီးတိုင်ကြီးတွင် စစ်အုပ်စုအား တော်လှန်ကာ စစ်အုပ်ချုပ်ရေကို ပြည်သူများ လက်မခံကြောင်း ပြသသည့်အနေဖြင့် လူငယ်များက ကျောင်းသားသမဂ္ဂအလံအား မီးတိုင်ထိပ်၌ လွှင့်ထူခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် ညင်းမော်၊ ရေဖြူ၊ ဂေါ့အင်းကျးရွာများတွင် ကျေးရွာသပိတ်စစ်ကြောင်းများဖွင့်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• မအူပင်မြို့နယ် အ.ထ.က (လယ်ကိုင်း) ကျောင်းတွင်လည်း ဒေသခံများက စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စာများရေးကာ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ပုသိမ်မြို့နယ် တောင်ပေါ်လမ်းရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဝင်ပေါက်အနီးတွင် ဗုံးဟု ယူဆရသည့် အထုတ်မဲတစ်ခု အား ယနေ့နေ့လယ် ၁၁ နာရီခွဲခန့်က တွေ့ရှိခဲ့သဖြင့် ဗုံးရှင်းလင်းရေးအဖွဲ့က လာရောက်ရှင်းလင်းသွားသည်။ 

• လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာအုပ်စု အ.ထ.က (ခွဲ) ကျောင်းတွင် ယနေ့အထိ ကျောင်းအပ်သူ ၃၀၀ ကျော်ရှိကာ အဆိုပါကျောင်းတွင် CDM ပြုလုပ်သူ ဆရာတစ်ဦးသာ ရှိသည်။

• ကြံ့ခင်းမြို့နယ်တွင် စစ်အုပ်စုအား ဆန့်ကျင်ကာ CDM လုပ်မှုဖြင့် ထောင်ဒဏ် တစ်နှစ်စီ ချခံထားရသည့် ဒုတပ်ကြပ်တာ ရာလင်းတို့ ညီအစ်ကိုမှာ ထောင်တွင်းဆန္ဒထုတ်ဖော်မှု ဆက်လုပ်နေသည့်အတွက် သုံးလနီးပါး တိုက်ပိတ်ခံထားရကာ မိသားစု နှင့် တွေ့ခွင့်မရဘဲ ဖြစ်နေသည်ဟု သိရသည်။

ကချင်ပြည်နယ်

• မိုးမောက်မြို့နယ်၊ နွမ်လန့်ကျေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ၄၃၈ တပ်စခန်းသို့ ယမန်နေ့ညပိုင်းက မြင်းအကောင် ၄၀ ခန့်နှင့် ရိက္ခာကားတစ်စီး ရောက်ရှိနေပြီး အလောဘွမ်စခန်းဘက်သို့ သွားရာတွင် မိုးတွင်း၌ မြင်းများကိုသာ အသုံးပြုနိုင် သည့်အတွက် အဆိုပါဘက်တွင် တိုက်ပွဲများ ပြန်ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။ 

• ဖားကန့်၊ တာမခန်မြို့သစ်တွင် မိုးရွာသွန်းသည့်ကြားကပင် မြို့ခံများက လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စု သပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ဖားကန့်မြို့ပေါ် ရပ်ကွက်နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက မြို့အနှံ့ တားဆီးစစ်ဆေးမှုများ ပြုလုပ်နေသည့်အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ် တော်လှန်ဆန့် ကျင်ခဲ့သည်။ 

• မိုးမောက်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ တပ်သား ဝဏ္ဏစံမှာ CDM တွင် ပါဝင်လာပြီ ဖြစ်သည်။ 

• ပူတာအိုမြို့နယ် လုံရှာယန်နှင့် ဖတ်မာကျေးရွာအကြားတွင် ယနေနံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင် ကားနှစ်စီးအား KIA က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ 

• မိုးကောင်းမြို့ခံများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အား ကြိုဆိုကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာ ရှင်စနစ် အလိုမရှိကြောင်း မြို့တွင်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရွှေကူမြို့နယ် သရက်ကုန်းရွာ အ.ထ.ကတန်း (ခွဲ) မှာ Non CDM ဆရာများက ကျောင်းအပ်လာရန် မိဘများအား ဖိအားပေး နေသဖြင့် မိဘနှင့် ကျောင်းသားများက ကျေးရွာအတွင်းလှည့်လည်ကာ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ကယားပြည်နယ်

• ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်အုပ်စုအကြား တိုက်ပွဲများ ရှိနေသည့် ကယားပြည်နယ်အဝင်လမ်းတစ်ခု ဖြစ်သည့် အောင်ပန်း-လွိုင်ကော်ကားလမ်းကို စစ်အုပ်စုဘက်က ယမန်နေ့ နံနက်ပိုင်းကတည်းက ပိတ်ပစ်ထားကာ အထွက်လမ်းများကိုမူ ဖွင့်ထားဆဲ ဟု သိရသည်။ လွိုင်ကော်သို့ သွားမည်ဆိုပါက ရှမ်းပြည် အောင်ပန်းလမ်းခွဲမှ တီကျစ်၊ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲမြို့များကို ဖြတ်ကာ ဝင်ရောက်ရခြင်း ဖြစ်သည်။ 

• လွိုင်ကော်မြို့နယ်၊ နာနတ်တောရပ်ကွက် ရာအိမ်မှူးအား စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF က ထုတ်ပြန်ထားသည်။ 

ကရင်ပြည်နယ်

• ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာ ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့ ညပိုင်းက စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

• ဘားအံမြို့နယ်၊ ဒုံရင်းကျေးရွာ အထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ချင်းပြည်နယ်

• ပလက်ဝမြို့ရှိ ထွေအုပ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့တွင် ယမန်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုက ဖွဲ့စည်းထားသည့် အဖွဲ့များမှ လုပ်ဆောင်ခြင်းဖြစ်ကာ မိမိတို့နှင့် မသက်ဆိုင်ကြောင်း ပလက်ဝပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ထုတ်ပြန်ထားသည်။ 

• ပလက်ဝတွင် စစ်အုပ်စုလက်အောက်ခံရုံးများ ဗုံးကွဲပြီးနောက် စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ လူငယ် ၁၀ ဦးအား မေလ ၂၈ နှင့် ၂၉ ရက် ယနေ့တွင် ဖမ်းဆီးကာ ပလက်ဝမြို့ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိသည်။ 

• အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ကျင့်သုံးရေးအတွက် တန်းတူရေးအခြေခံဖြင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခြားအရေးကြီးသော ပူးပေါင်းဆောင်ရွက်မှုအား ပူးတွဲလုပ်ဆောင်ရန် ချင်းအမျိုးသားတပ်ဦး - CNF နှင့် NUG အစိုးရအကြား သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။ 

• ဟားခါးမြို့ရှိ ပြင်ပမြို့နယ်များမှ Non CDM ဝန်ထမ်းများ ထွက်သွားပေးကြရန်၊ Mytel အပါအဝင် စစ်တပ်ထုတ်ကုန် များ မသုံးစွဲကြရန်နှင့် စစ်အုပ်စုက ခေါ်ယူနေသည့် တင်ဒါလုပ်ငန်းများအား ဝင်ရောက်လေလံဆွဲ လုပ်ကိုင်ခြင်းမပြု ကြရန် ဟားခါး ပြည်သူများက သတိပေးစာ ထုတ်ပြန်လိုက်သည်။ 

မွန်ပြည်နယ်

• မော်လမြိုင်မြို့နေ လူငယ်များကလည်း "အမှန်တရားအတွက် တို့ရှေ့ဆက်"၊ "ရင်ဆိုင်မယ် အဆုံးထိ ငါတို့တိုက်ပွဲ အရှုံးမရှိ" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• မော်လမြိုင်လူငယ်များမှာ စစ်သင်တန်းတက်ရောက်မှုများ ပြုလုပ်နေကာ မကြာခင်တွင် မြို့တွင်းတိုက်ပွဲများ ဖြစ်လာမည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF မော်လမြိုင်က သတိပေးထားသည်။ 

• ပေါင်မြို့နယ်နေ ဒေသခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များအား ကြဲဖြန့်ကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ပေါင်မြို့နယ်တွင် အာဏာဖီဆန် CDM လုပ်နေသည့် အခြေခံပညာရေးကျောင်းများမှ ဆရာ/ဆရာမ ၄၃၄ ဦးအား စစ်အုပ်စု က အလုပ်က ထုတ်ပယ်လိုက်သည်။ 

ရှမ်းပြည်နယ်

• မိုးမိတ်တွင် CDM ပြုလုပ်ကာ ပြည်သူ့ဘက်ရပ်တည်သည့် ပညာရေးဝန်ထမ်း ၈၁ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

• ကွတ်ခိုင်မြို့နယ် နမ့်ကွက်ကျေးရွာအနီးတွင် ကိုးကန့်တပ်မတော် MNDAA နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား ယနေ့နံနက် ၆ နာရီ မိနစ် ၂၀ ခန့်က စ၍ နံနက် ၁၀ နာရီခန့်အထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

• တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကျောက်မဲမြို့ခံများကလည်း ဆိုင်ကယ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် မြို့တွင်းလှည့် လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

နေပြည်တော်

• ပျဉ်းမနား ကျောင်းသားသမဂ္ဂနှင့် ဝန်းရံသူများကလည်း ယနေ့နံနက်ပိုင်းက ပျဉ်းမနား မြို့မစျေး၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုပိုင် Mytel ကုမ္ပဏီမှ နုတ်ထွက်ထားသည့် ဝန်ထမ်းများနှင့် CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံစာရင်းပေးပို့ကာ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။ 

• နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အ.မ.က ရွှေပြည်ကျောင်းတွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများ ရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

မေ ၂၉ သုံးသပ်ချက်

• ရန်ကုန်တွင် သပိတ်များထက် စစ်အုပ်စုလက်နက်ကိုင်နှင့် ၎င်းတို့၏ ယန္တရားဒေါက်တိုင်များအား တန်ပြန်တိုက်ခိုက် မှုများနှင့် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ စစ်အုပ်စုဘက်ကလည်း မြို့အနှံ့ ကင်းလှည့်လုံခြုံရေး ယူမှုများ ပိုမိုများပြား လာကာ အစိမ်းနုရောင်ပြောင်းထားသည့် ကားများဖြင့် ကင်းလှည့်မှုများ ရှိလာနေသည်။ 

• မန္တလေးတွင် သပိတ်များအားကောင်းနေသလို စစ်အုပ်စုဘက်ကလည်း ဖမ်းဆီးမှုများ ဆက်လုပ်လာလျက် ရှိသည်။ စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးရုံးများနှင့် ရဲစခန်းများတွင် ပေါက်ကွဲမှုများ မရှိသလောက် ပြန်လည်နည်းပါးလာ သော်လည်း စစ်အုပ်စုဘက်က ကင်းလှည့်မှုများ၊ လုံခြုံရေးတင်းကြပ်မှုများကို ယခင်အတိုင်း ဆက်လက်ထားရှိ ထားဆဲ ဖြစ်သည်။ 

• ကလေး-ဂန့်ဂေါဘက်နှင့် ကချင်ပြည်နယ် မြို့အချို့တွင် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF တို့အကြား တိုက်ပွဲများဆက်ရှိနေပြီး စစ်အုပ်စုဘက်က အကျအဆုံးများလျက် ရှိသည်။ ကျန် ဒေသများရှိ မြို့ကြီးများနှင့် ကျေးရွာများတွင်လည်း စစ်အုပ်စုနှင့် စစ်ကျွန်ပညာရေး ဆန့်ကျင်ကြောင်း လူထုသပိတ်များ ပိုမို အားကောင်းလျက် ရှိသည်။ 

• စစ်အုပ်စုဘက်တွင် ၎င်းတို့လိုလားသည့် အခြေခံပညာအဆင့် ကျောင်းအပ်နှံရေး လုပ်ဆောင်မှုမှာ ကျောင်းသားနှင့် မိဘပြည်သူများ၏ ကျောင်းမတက်ရေး CDM ကြောင့် မအောင်မြင်ဘဲ ဖြစ်နေသည်။ ရန်ကုန်အပါအဝင် အခြားတိုင်း/ပြည်နယ် ဒေသများတွင် လက်နက်ကိုင် တန်ပြန်တိုက်ခိုက်မှုများကြောင့် တပ်တွင်းလုံခြုံရေးစည်း ကျိုးပေါက်နေကာ ရေရှည်တွင် တပ်ပြေးမှုများ ရှိလာနိုင်ပြီး တပ်တွင်းစည်းရုံးမှု ပြိုပျက်လာနိုင်သည့် အခြေအနေ ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly