မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ငွေပေးချေမှုများ ဖြတ်တောက်ရပ်ဆိုင်းရန် HRW တိုက်တွန်း

မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ငွေပေးချေမှုများ ဖြတ်တောက်ရပ်ဆိုင်းရန် HRW တိုက်တွန်း

မေ ၂၈

နိုင်ငံခြားအစိုးရများ၊ စွမ်းအင်ကုမ္ပဏီများအနေဖြင့် Chevron နှင့် Total SA တို့၏ လုပ်ဆောင်ချက်များအတိုင်း လိုက်လုပ်ပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုထံ ငွေပေးချေမှုများ ရပ်ဆိုင်းထားသင့်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Human Rights Watch က မေလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

သဘာ၀ဓာတ်ငွေ့ရောင်းချရမှုမှ ရသည့် ၀င်ငွေသည် အာဏာသိမ်းစစ်တပ်အတွက် အကြီးဆုံးသော နိုင်ငံခြားငွေကြေး ၀င်ငွေ ရင်းမြစ် ဖြစ်နေပြီး အခွန်အကောက်များ၊ ရေနံ ဓာတ်သတ္ထုတူးဖော်မှုအတွက် ရငွေများ၊ ၀န်ဆောင်ခများ၊ စည်းကြပ်ခွန်များနှင့် အခြား အကျိုးအမြတ်များအားဖြင့် ပျမ်းမျှ ဒေါ်လာ ၁ ဘီလီယံအထိ ၀င်ငွေ ရှိကြောင်း နယူးယော့ခ် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်သည်။

“အာဏာသိမ်းစစ်အုပ်စုကို ငွေကြေးထောက်ပံ့မှု ဖြတ်တောက်မယ့် နောက်ထပ် ခြေလှမ်းတွေနဲ့အတူ မြန်မာနိုင်ငံတွင်းက ဓာတ်ငွေ့ပိုက်လိုင်း ပရောဂျက်တစ်ခုကနေ ပေးငွေတွေကို ရပ်ဆိုင်းထားမယ့် Chevron နဲ့ Total SA တို့ရဲ့ မကြာသေးခင်က ဆုံးဖြတ်ချက်တစ်ခုအတိုင်း အစိုးရတွေ၊ စွမ်းအင်ကုမ္ပဏီတွေ လိုက်လုပ်သင့်ပါတယ်” ဟု ယင်းက ပြောသည်။

Chevron နဲ့ Total တို့ ကြေညာခဲ့သည့် ဆုံးဖြတ်ချက်သည် မြန်မာ၏ ကမ်းလွန် ရတနာ ဓာတ်ငွေ့သိုက်ကနေ ဓာတ်ငွေ့ကို မြန်မာနှင့် ထိုင်းသို့ သယ်ယူပို့ဆောင်ခြင်းကနေ ရသည့် သယ်ယူပို့ဆောင်မှု အခကြေးငွေ အကျိုးအမြတ်များကနေတဆင့် ပိုက်လိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီက ပေးချေသည့် အစုပေါ်အမြတ် ၁၅ ရာခိုင်နှုန်းသာလျင် သက်ဆိုင်နေသည်။

ပေးချေမှုများကို ဧပြီ ၁ ရက်ကနေစပြီး ဆိုင်းငံ့ထားကြောင်း Total က ပြောသည်။ Total နှင့် Chevron တို့သည် မုတ္တမ ကုမ္ပဏီတွင် အဓိကရှယ်ယာရှင်များ ဖြစ်ပြီး ၃၁ ဒသမ ၂ ရာခိုင်နှုန်းနှင့် ၂၈ ဒသမ ၃ ရာခိုင်နှုန်းတို့စီ အသီးသီး ပိုင်ဆိုင်ထားသည်။

စစ်တပ်ထိန်းချုပ်သည့် မြန်မာ့‌ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်းနှင့် ထိုင်းအခြေစိုက် ဓာတ်ငွေ့ကုမ္ပဏီ PTT က ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။

Total သည် ရတနာဓာတ်ငွေ့သိုက်နှင့် မုတ္တမ၏ ပိုက်လိုင်း အခြေခံအဆောက်အအုံအတွက် အော်ပရေတာအဖြစ် ဆောင်ရွက်သည်။

ဆိုင်းငံ့ထားလိုက်‌သော ငွေပေးချေမှုများသည် ထို ကုမ္ပဏီများအတွက် ယင်းတို့၏ ပိုင်ဆိုင်မှု ရှယ်ယာအပေါ် အခြေခံသည့် အစုပေါ်အမြတ်များ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly