လူဦးရေကျဆင်းမှုကြောင့် တောင်ကိုရီးယားအစိုးရ အောင်သွယ်လုပ်ငန်းများကို ကမကထလုပ်၍ ဖြေရှင်းမည်

လူဦးရေကျဆင်းမှုကြောင့် တောင်ကိုရီးယားအစိုးရ အောင်သွယ်လုပ်ငန်းများကို ကမကထလုပ်၍ ဖြေရှင်းမည်

ဆိုးလ်၊ ဒီဇင်ဘာ ၃ ။       ။ တောင်ကိုရီးယား၏ မြို့တော်လမ်းများပေါ်တွင် တက်ကြွစည်ကားမှုကို တွေ့မြင်နိုင်သော်လည်း ယင်း၏နောက်ကွယ်တွင် ကြီးမားသည့် စိုးရိမ်မှုကြီးတစ်ခုက ရှိနေသည်။ လွန်ခဲ့သည့် ဆယ်နှစ်အတွင်း တောင်ကိုရီးယားသည် လူဦးရေတိုးတက်ရေးအတွက် နည်းအမျိုးမျိုးရှာကြံနေခဲ့သည်။

ယင်းနှစ်များအတွင်း အောင်မြင်မှုမရသည့်နောက် တောင်ကိုရီးယားသည် နောက်ထပ်စိတ်ကူးတစ်ခုကို စဉ်းစားလာသည်။ ယင်းကား တောင်ကိုရီးယားလူငယ်များ မြန်မြန်ဆန်ဆန်လက်ထပ်နိုင်စေရန် အစိုးရကိုယ်တိုင် ကမကထလုပ်သည့် အောင်သွယ်ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးနှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာနသည် နိုင်ငံတွင်းရှိ ထိပ်တန်းအောင်သွယ်ရေးအေဂျင်စီကြီးတစ်ခုနှင့် လက်တွဲဆောင်ရွက်နေပြီဖြစ်သည်။ မေလကတည်းက ၎င်းကုမ္ပဏီသည် လူငယ်များအတူတကွစုစည်းနိုင်ရန် ပါတီပွဲများစီစဉ်ပေးခြင်းအပါအဝင် လှုံ့ဆော်ဆောင်ရွက်မှုအချို့ကို လုပ်ဆောင်ခဲ့သည်။

ယခုအခြေအနေတွင် အရွယ်ရောက်တောင်ကိုရီးယား ဆယ်ဦးလျင် လေးဦးမှာ လက်ထပ်ခြင်းမရှိသေးပေ။ "ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကိုရီးယားတော်တော် များများက လက်ထပ်တာကို စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ အနာဂါတ်အတွက်လည်း သူတို့ကတွေးပူတယ်" ဟု Daemyung Wedding အေဂျင်စီမှ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဟောင်ယူဂျင်းက ပြောသည်။

"အသက်ပိုကြီးတဲ့ မျိုးဆက်ကတော့ အဖြေကိုရှာတွေ့ဖို့မကူညီနိုင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အပြုသဘောဆောင်တဲ့ တွန်းအားတစ်ခုပေးပြီး လက်ထပ် တယ်ဆိုတာ ကောင်းတဲ့အကြောင်း ပျံ့နှံအောင်လုပ်သွားဖို့ မျှော်လင့်ပါတယ်"ဟု ၎င်းကဆိုသည်။

မကြာသေးမီက လေ့လာမှုများအရ လက်ထပ်သောအမျိုးသမီးများ၏ အသက်အရွယ်မှာ မြင့်တက်လာခဲ့သည်။ ၁၉၉၀ပြည့်လွန်နှစ်များက အမျိုးသမီးများသည် အသက် ၂၅ နှစ်အရွယ်တွင် လက်ထပ်လေ့ရှိသော်လည်း ယခုအခါ ၃၅ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။

ငယ်ရွယ်သောအမျိုးသမီးများမှာ အသက်ကြီးသောအမျိုးသမီးများထက် ကလေးပိုမိုရယူနိုင်သဖြင့် ယင်းအသက်အရွယ်မှ လက်ထပ်ခြင်းမှာ သတင်းကောင်း မဟုတ်ပေ။ ကလေးများ ပိုမိုရရှိရေးအတွက် တောင်ကိုရီးယားအစိုးရသည် လွန်ခဲ့သည့်ဆယ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၇၀ အသုံးပြုခဲ့ပြီးဖြစ်သည်။

အစိုးရသည် ငယ်ရွယ်သော စုံတွဲများသန္ဓေအောင်ရေးအတွက်လည်း ငွေကြေးသုံးစွဲလျက်ရှိသည်။ ထို့အပြင် ၎င်းတို့အတွက် အိမ်ရာများလည်း ဦးစားပေး စီစဉ်ပေး လျက်ရှိသည်။ သို့သော်လည်း ကလေးစောင့်ရှောက်ရေးစင်တာများမရှိသည့်အတွက် စုံတွဲများမှာ ကလေးမလိုချင်ကြဟု အများအပြားက စောဒကတက်လျက်ရှိသည်။

လွန်ခဲ့သည့် နှစ်နှစ်က ပြုလုပ်ခဲ့သော နောက်ဆုံးစစ်တမ်းအရ တောင်ကိုရီးယား၏ သန္ဓေအောင်နှုန်းမှာ ဟောင်ကောင်နှင့် မက္ကာအိုပြီးလျင် တတိယမြောက် သန္ဓေအောင်မှု အနိမ့်ဆုံးဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly