နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၇ မေ ၂၀၂၁)
ပုံ - မေလ ၂၇ ရက်၊ မန္တလေးမြို့  ကျုံးအနီးတွင် ပြုလုပ်သော မန္တလေးမြို့အခြေစိုက် တကသကျောင်းသားများ၏ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - CJ)

ရန်ကုန်တိုင်းဒေသကြီး

• မြောက်ဥက္ကလာပမြို့နယ် အ.မ.က ၃၉ ကျောင်းတွင် ယမန်နေ့ညပိုင်း ၉ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

• ယနေ့ (မေ ၂၇ ရက်) တွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်သွားခြင်း၊ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ခြင်း၊ စားသောက် ဆိုင်များတွင် အချိန်ဖြုန်းခြင်း၊ စစ်အုပ်စုအဖွဲ့ဝင်များနှင့် ကားများ၊ သတင်းပေးဒလန်များနှင့် နီးစပ်စွာနေခြင်းများ ရှောင်ကြဉ်ကြရန် Spring Revolution Unionက ကြေညာထားသည်။

• လှိုင်သာယာ၊ (၃) ရပ်ကွက်၊ သာယာကုန်းဘုန်းကြီးကျောင်းရှေ့တွင် နေထိုင်သည့် စစ်အုပ်စုသတင်းပေးနေအိမ်အား ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်ခန့်က ပစ်သွင်းလိုက်သည့် လက်ပစ်ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သော်လည်း အချိန်မီ ဆင်းပြေးနိုင် ခဲ့သဖြင့် ထိခိုက်မှု မရှိခဲ့ဘဲ နေအိမ်အမိုးများသာ ပွင့်ထွက်ပျက်စီးသွားခဲ့သည်။

• ရန်ကုန်မြို့ရှိ တရုတ်လူမျိုးပိုင် ကုမ္ပဏီနှင့် စက်ရုံများ မီးရှို့ခဲ့သည်ဟု သံသယရှိခံရသူ ၂၈ ဦးအား ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်လိုက်ပြီး ၁၈ ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်သည့်အတွက် မျက်ကွယ်ထောင်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးပိုင် CCTV ရုပ်သံက ထုတ်လွှင့်သွားသည်။

• ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံတံတားအနီးတွင် ယနေ့နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက် နက်ကိုင်များက လာရောက်ရှင်းလင်းသွားသည်ဟု သိရသည်။

• သာကေတမြို့နယ် အမှတ် (၁) နှင့် အမှတ် (၂) ရဲစခန်း၊ အမှတ် (၃) ဈေးရှေ့အမှိုက်ပုံ၊ (၄)မြောက်ရပ်ကွက်ရှိ အ.မ.က (၃၇) အနီး၊ (၄)တောင်ရပ်ကွက် မြို့မ (၉) လမ်းအနီးရှိ ရေကန်ထောင့်၊ အမှတ် (၃) ရပ်ကွက် မာန်ပြေ ၂၀ လမ်းထိပ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ မာန်မြေ ၂၀ လမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အပြင် ယင်းလမ်းတွင်း နေထိုင်သည့် စစ်အုပ်စုခန့် ရာအိမ်မှူး ဦးဘုန်းငွေကိုလည်း နံနက် ၇ နာရီခွဲခန့်က အမျိုးသားသုံးဦးပါ အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။ အမှတ် (၂) ရဲစခန်းပေါက်ကွဲမှုတွင် ရဲနှင့် စစ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

• သင်္ဃန်းကျွန်းမြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့နံနက် ၁၀ နာရီခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ပေ။

• အင်းစိန်မြို့နယ် ကညနရုံးတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူထိခိုက်မှု မရှိခဲ့ဟု သိရသည်။

• လှိုင်သာယာအလုပ်သမားများကလည်း "ILO ညီလာခံသို့ စစ်ကောင်စီ လုံးဝတက်ရောက်ခွင့်မပြု" ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• Non CDM မလုပ်သည့် ဆရာဝန်များနှင့် ချိတ်ဆက်ခြင်း၊ အထောက်အပံ့ပေးခြင်းတို့ဖြင့် ဆေးဝါးကုမ္ပဏီအချို့မှာ ကိုယ်ကျိုး စီးပွားရှာရန် ကြိုးပမ်းနေပြီး ယင်းသို့ တွေ့ဆုံခြင်းမှာ အကြမ်းဖက်စစ်ကောင်စီအား အားပေးအားမြှောက်ပြုခြင်းနှင့် အလား တူသည့်အတွက် ရပ်တန့်က ရပ်ပေးရန် သတိပေးကြောင်းနှင့် မလိုက်နာပါက ကုမ္ပဏီနှင့် ကုမ္ပဏီထုတ်ဆေးဝါးများအား Boycott List တွင် ထည့်သွင်းကြေညာမည်ဖြစ်ကြောင်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မကွေးဆေးမိသားစုများနှင့် ဆေးဘက်ဆိုင်ရာ ကျောင်းသားသမဂ္ဂများက ထုတ်ပြန်သတိပေးထားသည်။

• စစ်အုပ်စုလက်နက်ကိုင်များ နေ့၊ ညမပျက် ကင်းလှည့်နေတတ်သည့် စမ်းချောင်းမြို့နယ်၊ ဂွစျေးအနီးတွင် လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ဥက္ကလာပမြို့နယ်၊ (၄) ရပ်ကွက်ရှိ စုပေါင်းရုံးတွင် နေ့လယ် ၃ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လက် နက်ကိုင် စစ်အုပ်စုဘက်က နန္ဒဝန်စျေးအနီးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

• ရွှေပြည်သာတွင် စစ်အုပ်စုထောက်ခံသည့် သတင်းပေးဒလန်များ အမည်၊ နေရပ်၊ သုံးစွဲသည့်ကားများကို ဖော်ပြကာ ထိရောက်ပြင်းထန်စွာ အခါအခွင့်သင့်သလို တုံ့ပြန်သွားမည်ဟု ရွှေပြည်သာ မြေအောက်လှုပ်ရှားမှုအဖွဲ့ - SPTUG က ထုတ်ပြန် လိုက်သည်။

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ်မြို့အနောက်ပိုင်းတွင် ယမန်နေ့ည ၇ နာရီခန့်က သစ်စိမ့်ကုန်းနှင့် စခန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးအပါအဝင် ပြည်သူ ငါးဦးကို စစ်အုပ်စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားသည်။

• ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်က မန္တလေး ၈၆ နှင့် ၁၉ လမ်းတွင် စစ်အုပ်စုလက်နက်ကိုင်များက တားဆီး၍ ဖုန်းစစ်ဆေးရန် ပြုလုပ်ရာ စစ်ဆေးမခံသည့်အတွက် လူငယ်နှစ်ဦးအား ဖမ်းဆီးသွားသည်။

• ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်ကာ ဓာတ်ပုံရိုက်ခံခဲ့သည့် စျေးသည် ကိုးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးသွားသည်။

• မန္တလေး မင်းသားကြီးဟိုတယ်တွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက လူဝင်ရှာသည်ဟု ဆိုကာ ဝင်ရောက် စီးနင်းခဲ့ပြီး ဧည့်သည်နှစ်ဦးအား ကြွပ်ကြွပ်အိတ်အမည်း ခေါင်းစွပ်၍ ဖမ်းဆီးသွားခဲ့ပြီး အပြင်မှ ဝင်လာသည့် ဝန်ထမ်းအမျိုး သမီးကိုလည်း လက်နက်ကိုင်များတွေ့ရှိ နောက်ပြန်လှည့်ပြေးစဉ် ဖမ်းဆီးကာ ထိုးကြိတ်ရိုက်နှက်သွားသည်ဟု မန္တလေးမြို့ခံတစ်ဦးက ယနေ့ညနေ ၄ နာရီခန့်တွင် အတည်ပြု ပြောဆိုသည်။

• ပြင်ဦးလွင်၊ ပွဲကောက်ရေတံခွန် (B.E Fall) ရှိ စားသောက်ဆိုင်နှင့် ဆိုင်ခန်းများအား ဇွန်လ ၆ ရက်နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့် ဖျက်သိမ်းကြရန်နှင့် မဖယ်ရှားပါက အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ဖယ်ရှားမည်ဟု စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက စာထုတ်ထားသည်။

• မန်း၊ မဟာအောင်မြေမြို့နယ်၊ ကျောက်ဝိုင်းအနီး ၃၉ လမ်း (၈၆ နှင့် ၈၈ လမ်းကြား) တွင် ယနေ့နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များ လာရောက်တပ်စွဲထားသည်။

• မန်း၊ ပုသိမ်ကြီးမြို့နယ်နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုပေးမည့် ကျွန်ပညာရေးအလိုမရှိကြေင်း စာများအား ရေးသားကိုင်ဆောင်၍ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• အောင်မြေသာစံ ကျောင်းပေါင်းစုံပညာရေးသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းပေါ်တက်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြ ချီတက်ခဲ့သည်။

• လူမျိုးဘာသာပေါင်းစုံ အောင်ပင်လယ်သပိတ်စစ်ကြောင်းနှင့် တကသ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းများပေါ်တက် ဆန္ဒပြခဲ့ကြသည်။

• မန်း မဟာအောင်မြေ လူထုသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကြားသပိတ် ပြုလုပ် ခဲ့သည်။

• မန်းတပ်ပေါင်းစုသပိတ်မှ လူငယ်များကလည်း ယနေ့နံနက်ပိုင်းက ကြာနီကန် အေးရိပ်ငြိမ်သုဿန်သို့ သွားရောက်၍ နွေဦး တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား သွားရောက်အလေးပြု ဂါရဝပြုခဲ့ကြသည်။

• မန်းစျေးချိုနှင့် မြန်မာပလာဇာတွင် မဖွင့်ဘဲပိတ်ထားသည့် ဆိုင်ခန်းများအား စျေးကော်မတီက ယာယီသိမ်းဆည်းထားကာ စျေးဌာနနှင့် ဆက်သွယ်ရန် ဗီနိုင်းများ ကပ်ထားခဲ့သည်။ ဆိုင်ခန်းများအား မေလ ၂၄ ရက် နောက်ဆုံးထားဖွင့်ရန် စစ်အုပ်စု လက်အောက်ခံ စျေးဌာနက ညွှန်ကြားထားသော်လည်း ဆိုင်ခန်းအချို့သာ ဖွင့်ခဲ့ပြီး အများစုမှာ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

• မြင်းခြံ ဗကသကျောင်းသားများနှင့် ပင်မသပိတ်အဖွဲ့ကော်မတီတို့က မြို့လယ်စျေးများတွင် စစ်အာဏာရှင်စနစ် အလို မရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မြင်းခြံ စက်မှုဇုန်အနိး သံမဏိစက်ရုံအသွားလမ်းပေါ်ရှိ ဝါးထောင်နားတွင် စစ်အုပ်စုဘက်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးနှင့် သတင်းပေးအမျိုးသမီးတို့အား မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး အမျိုးသမီးမှာလည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး စစ်အုပ်စုဘက်က ကားဖြင့်တင်ဆောင် သွားသည်ဟု သိရသည်။ အဆိုပါ အမျိုးသမီးမှာ မြင်းခံ အမှတ် (၁၄) ရပ်ကွက်နေ မထူးဆိုသူဖြစ်ကာ တိုက်ခိုက်ခံရသူနှစ်ဦး နှင့် စစ်သားသုံးဦးတို့ အတူလာကာ သေဆုံးသူဗိုလ်မှူးနှင့် သူမတို့ အေးရွာနှင့် ရှားတောရွာဘက်သို့ သွားနေစဉ် တိုက်ခိုက် ခံရခြင်းလည်း ဖြစ်သည်။

• မလှိုင်မြို့နယ်၊ ကျောက်တန်းစံပြရွာရှိ အ.ထ.က ကျောင်းရှေ့တွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများ ရေးသားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• ရှေးဟောင်းဒေသ ပုဂံတွင်လည်း ဒေသခံများက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ် ခဲ့သည်။

• ငါန်းဇွန်မြို့နယ် အိုင်လျားကျေးရွာနေ ပြည်သူများကလည်း သရက်သီးများဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာရေးသားပုံဖော်က အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• ပြင်ဦးလွင်မြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စိုက်ခင်းများအတွင်းတွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး

• ပဲခူးတိုင်း၊ ညောင်ပင်သာနှင့် ကညွတ်ကွင်းဘူတာကြားတွင် မန္တလေးမှ ဆင်းလာသည့် အမှတ် (၂) အစုန် စာပို့လူစီးရထားမှာ ယမန်နေ့ည ၉ နာရီ ၄၀ မိနစ်ခန့်က မိုင်းထိခဲ့သဖြင့် မီးရထားစက်ခေါင်းနှင့် လူစီးတွဲနှစ်တွဲ လမ်းချော်သွားကာ လူမပါရှိသည့် ရထားတွဲသုံးတွဲ ဝမ်းဗိုက်ပေါက်ထွက်ကုန်သည်ဟု သိရပြီး ယနေ့နံနက်ပိုင်းအထိ လာရောက်ပြင်ဆင်သေးခြင်းမရှိဘဲ လုံခြုံ ရေးချထားလျက်ရှိသည်။

• ပဲခူးမြို့၊ ဆိုရှယ် (၁၄) လမ်းရှိ ရွှေတိုးဟော့ဒေါ့ဆိုင်မှ အမျိုးသမီးတစ်ဦးက စစ်အုပ်စုလက်နက်ကိုင်များက စစ်ဆေးစရာရှိသည်ဟုဆိုကာ ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားသည်။

စစ်ကိုင်းတိုင်းဒေသကြီး

• ကသာမြို့နယ်၊ မိုးတားစံပြကျေးရွာ ရဲစခန်းတွင် ယမန်နေ့ည ၁၀ နာရီခန့်က မီးလောင်မှုဖြစ်ပွားကာ ပြာကျပျက်စီးသွားသည်။

• ကလေးမြို့နေ လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ကလေးမြို့အထွက်နှင့် လက်ပံချောင်းဘက်အထွက်တို့တွင် စစ်အုပ်စုလက်နက် ကိုင်များက လုံခြုံရေးချကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိနေကြောင်းလည်း ညနေ ၄ နာရီခန့်တွင် ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။

• ကနီမြို့နယ်၊ ကျော်ရွာရှိ ဒေသခံများ၏ အိမ် ၁၅ အိမ်အား ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ကာ ဆိုင်ကယ်လေးစီး၊ ဆန် နှစ်အိတ်နှင့် ငွေ ၁၈ သိန်း လုယက်သွားကာ ပရိဘောဂများကိုလည်း ဖျက်ဆီးခဲ့သည်။

• ဖောင်းပြင်မြို့နယ်၊ သာစည်ရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက အင်အား ရာနှင့်ချီ စုဝေး၍ စစ်အုပ်စုကပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက စစ်အုပ်စုက ပေးသည့် ကျွန်ပညာရေးစနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်မြောက်ရွာနေ ပြည်သူနှင့် ကျောင်းသားများကလည်း "ကျောင်းမတက်နဲ့ ကျောင်းပျက်" ဟု ကြွေးကြော်ကာ စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်ခဲ့သည်။ ဆားလင်းကြီး ပန်းတိမ်ဆော်ရွာနေ ကျောင်းသားလူငယ် များကလည်း စစ်အုပ်စုက ပေးမည့် ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ကျေးရွာများစုပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မုံရွာမြို့ အမြင့်လမ်းမဘေး ကျေးရွာများစုပေါင်းကာ ကျေးရွာများအတွင်း ဆိုင်ကယ်များဖြင့် လှည့်လည်၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ မုံရွာတက္ကသိုလ် ပထဝီဝင်ဌာန ကျောင်းသား/သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ Photo Campaign ပြုလုပ်ခဲ့သည်။

• ဘုတလင်မြို့နယ်၊ မြို့သစ်ချောင်းရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက "စစ်ကျွန်ပညာရေး အလိုမရှိ"၊ "We support CRPH/NUG” စာရွကများ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မြောင်မြို့နယ် ချောင်းဇင်းနှင့် ပေါက်ချောင်းရွာတို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်အုပ်စုတပ်များအကြား ယမန်နေ့က တိုက်ပွဲဖြစ်ပြီးနောက် ယနေ့နံနက် ၁၀ နာရီခန့်တွင် အင်အားအပြည့် တင်လာသည့် စစ်ကားသုံးစီးဖြင့် ချောင်း ဇင်ရွာဘက်သို့ အင်အားထပ်ဖြည့်ထားသည်ဟု သိရသည်။ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်အုပ်စုဘက်က ၂၀ ဦးခန့် သေဆုံးခဲ့သည်။

• တန့်ဆည်မြို့နယ် ကျောင်းသားနှင့် မိဘပြည်သူများက မြို့နယ်တွင်းကျေးရွာများသို့ လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လှည့်လည်ဟောပြော ဆန္ဒထုတ်ဖော်ခဲ့သည်။

• စစ်ကိုင်း၊ ခန္တီးမြို့တွင် စစ်အုပ်စုက ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ကာကွယ်ရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ကို ဖွဲ့စည်းလိုက်ကာ NUG က ထူထောင်သည့် PDF တပ်ဖွဲ့၏ ကာကွယ်ရေးဆိုင်ရာမူဝါဒများကို လိုက်နာကျင့်သုံးမည် ဖြစ်သည်။

• ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။

မကွေးတိုင်းဒေသကြီး

• မကွေးမြို့ သင်ကြားရေးဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာဇရှိန်းမှာ ယမန်နေ့ညပိုင်းက ဆေးရုံသို့ အိမ်စီးကားဖြင့် သွားရောက်စဉ် အမှတ် ၃ လမ်းဆုံအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်သဖြင့် ညာဘက်မျက်လုံးထိမှန်ကာ ပေါက်ထွက်ပျက်စီးခဲ့သည်။ ၎င်းမှာ ယခင်က CDM လုပ်ပြီးနောက် Non CDM ပြန်လုပ်နေသူဖြစ်ကာ ကလေးမြို့ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီး၏ အကိုလည်း ဖြစ်သည်။

• နတ်မောက်ရှိ စစ်အုပ်စုသတင်းပေး ဒလံများနှင့် Non CDM မလုပ်သည့် ရပ်ဝေးရပ်နီးရှိ ဝန်ထမ်းများအနေဖြင့် မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြို့တွင်းမှ ထွက်ခွာပေးရန်နှင့် ပြည်သူများလည်း စစ်အုပ်စုနှင့် ပတ်သက်သည့် ရုံးနှင့် အိမ်များအနီး သွားလာခြင်းများ ရှောင်ကြဉ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်မောက်) က ထုတ်ပြန်လိုက်သည်။

• မြိုင်မြို့နယ်၊ ညောင်ရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မြိုင်မြို့နယ် တောင်ပိုင်းကျေးရွာများနေ ပြည်သူများကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

• ပခုက္ကူမြို့နယ်တွင် မေလ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရသည့် CDM ဝန်ထမ်းများဖြစ်သည့် ပခုက္ကူဆေးရုံမှ သူနာပြု မလဲ့ယဉ်မြင့်၊ ပခုက္ကူ သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မထက်ထက်ဝင်းနှင့် ပဲခူးမြို့နေ ကိုဘိုဘိုမြင့်တို့အား လက်လုပ် မိုင်းများဖြင့် မိသည်ဟု ဆိုကာ စစ်အုပ်စုဝါဒဖြန့် သတင်းစာများက လိမ်လည်ရေးသားထားသည်။

• ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာရှိ အ.ထ.က ကျောင်းတွင် ယနေ့အထိ ကျောင်းလာအပ်သူ တစ်ဦးမှ မရှိသေးပေ။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် မီးကွင်းပစ်ခြင်း၊ ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူပိုင် အိုးအိမ်စည်းစိမ်များအား ဖျက်ဆီးခြင်းတို့ မှာ မိမိတို့နှင့် မသက်ဆိုင်ကြောင်းနှင့် နောက်နောင်တွင်လည်း လုပ်မည်မဟုတ်ကြောင်း ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ကြေညာထားသည်။

• ထားဝယ်မြို့နေ ပြည်သူများကလည်း ယနေ့နံနက်ပိုင်းတွင် အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့သည်။

• ထားဝယ် တပ်ပေါင်းစုနှင့် လူငယ်သပိတ်စစ်ကြောင်းတို့ကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့သည်။

• ထားဝယ်၊ အရှေ့တောနယ် သပိတ်စစ်ကြောင်းကလည်း ဆိုင်ကယ်များဖြင့် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသနေ ပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• လောင်းလုံ ပင်မသပိတ်စစ်ကြောင်းနှင့် ညင်းမော်ကျေးရွာ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ လောင်းလုံ ကုန်းဇရပ်၊ မောင်းမကန်ကျေးရွာနေ ပြည်သူများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာ ဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ လောင်းလုံမြို့နယ် တီဇစ်ရွာတွင်လည်း နေ့လယ်ပိုင်းက ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် ကျေးရွာသပိတ်စစ်ကြောင်းဖြင့် ကျေးရွာတွင်းလှည့်လည်ကာ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာနေ ပြည်သူများကလည်း ဆိုင်ကယ်သပိတ်စစ်ကြောင်းဖြင့် ကျေးရွာတွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး

• မအူပင်မြို့နေ Ayeyarwaddy Times သတင်းဌာနမှ သတင်းထောက်ဖြစ်သူ ကိုအောင်မြသန်းအား စစ်အုပ်စုလက်နက်ကိုင် များက ယမန်နေ့က ဖမ်းဆီးသွားကာ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

• ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ စပါးကြီးကျေးရွာတွင် ယနေ့နံနက်ပိုင်းတွင် ကျောင်းအပ်သူ ခြောက်ဦးသာ ရှိသည်ဟု သိရသည်။

• မော်လမြိုင်ကျွန်းမြို့နယ် ဖျာလိပ်၊ ကနစိုချောင်းနှင့် လှိုင်းဘုန်းကျေးရွာနေ ပြည်သူများက ယပ်တောင်များတွင် စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း စာများရေးကာ ယပ်တောင်သပိတ် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်

• ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေမှာ ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ဆိုင်ကယ်စီးလာသူ လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူလည်း မေးရိုးပွင့်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

• ပေါင်မြို့နယ်၊ မိုးနှိုင်းရပ်ကွက် စွယ်တော်မူလတန်းကျောင်းဝင်းတွင် ဗုံးဟု ယူဆရသည့် မုန့်ပုံးတစ်ပုံးအား တွေ့ရှိခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားလျက်ရှိသည်။ အဆိုပါ မသင်္ကာဖွယ်မုန့်ပုံးအား ယမန်နေ့ညပိုင်း ကတည်းက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
• မော်လမြိုင်မြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မော်လမြိုင်တက္ကသိုလ်တွင် ပညာရေးဝန်ထမ်း ၁၅၅ ဦးအား CDM ပြုလုပ်သည့်အတွက် ရာထူးမှ ထုတ်ပယ်လိုက်သည်။

• ချောင်းဆုံမြို့နယ်၊ ကြံ့ခိုင်ရေးပါတီရုံးအနီးရှိ ကျွန်းသာယာခန်းတွင် ယနေ့ နေ့လယ် ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်

• ဖားကန့်၊ ရှဒူးဇွပ်ကျေးရွာတွင် ယမန်နေ့ နေ့လယ်ပိုင်းက စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် မင်းဇင်သန့် နေအိမ်အား ကားဖြင့်ရောက်လာကာ ပစ်ခတ်ခဲ့ရာ ပြန်လည်ပစ်ခတ်မှု ကြောင့် KIA တပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်မှုများဖြစ်ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ရွာတွင်း စျေးနှင့် လမ်းမများပေါ် တွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကာ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးဘဲ လုံခြုံရေးတင်းကြပ်ထားခဲ့သည်။

• ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာ စစ်အုပ်စုရဲကင်းတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

• ဗန်းမော်မြို့ အခြေခံကျောင်းများမှ ပညာရေးဝန်ထမ်း ၂၅၄ ဦး CDM ပြုလုပ်မှုဖြင့် တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။

• မိုးကောင်းနေ ပြည်သူများကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ ဆန့်ကျင်တော်လှန်ခဲ့သည်။

• ရွှေကူမြို့နယ်တွင်း လောင်းကစားဒိုင်များတွင် PDF နာမည်ခံကာ ငွေကြေးကောက်ခံမှုများ ရှိနေသည်ဟု ကြားသိနေရပြီး ယင်းကိစ္စရပ်အပေါ် ဆက်လက်စုံစမ်းကာ အရေးယူသွားမည်ဖြစ်ပြီး ပြည်သူများ အဆိုပါလောင်းကစားဝိုင်းများသို့ မသွား ရောက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရွှေကူ (SPDF) က ယနေ့ ထပ်မံကြေညာလိုက်သည်။

• ဖားကန့်၊ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားက ပင် ပြောက်ကြားသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဖားကန့်၊ အေးမြသာယာ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း လမ်းများပေါ်တက်ကာ စစ်အာဏာ ရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။

• မိုးညှင်းအခြေစိုက်ကျောင်းသားသမဂ္ဂ လူငယ်များက စစ်အုပ်စုလက်အောက်တွင် ကျောင်းမတက်ကြရေးအတွက် နှိုးဆော်စာများအား မြို့ပေါ်ရပ်ကွက်များ၌ လိုက်လံဖြန့်ဝေခဲ့သည်။

• နမ္မတီးမြိုခံ ကျောင်းသားလူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်ရှိ စိန့်ဂျိုးဇက်ကက်သလစ်ဘုရားကျောင်းမှာ ယမန်နေ့ညပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိမှန်ပျက်စီးမှုများ ရှိခဲ့သည်။ ပြီးခဲ့သည့် ၂၃ ရက်ညပိုင်းက လည်း လွိုင်ကော်မြို့၊ ကယန်းသာယာ (တောင်) ရွာရှိ ယေဇူးကက်သလစ်ဘုရားကျောင်းလည်း ပစ်ခတ်ခံခဲ့ရပြီး ပြည်သူလေးဦး သေဆုံးကာ ရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

• ဒီးမော့ဆိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများအား ရိက္ခာသွားပို့သည့် ငုပလော့ရွာသားနှစ်ဦးအား ရွာသင်္ချိုင်းအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ပြီး အလောင်းများအား ကားလမ်းနဘေးတွင် ပစ်ထားခဲ့သည်။ ဒီးမော့ဆိုမြို့နယ် ဒေါငံခါး၊ တန်းဥကွိုင်ရပ်ကွက်များတွင် စစ်အုပ်စုဘက်က ယနေ့နံနက် ၁၁ နာရီခွဲခန့်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေခြင်း ဖြစ်သည်။ ဒေါငံခါးလမ်းခွနှ်င့် တံတားဖြူအကြားတွင် ဒီးမော့ဆိုမြို့နယ်တွင်းရှိ ဒုက္ခသည်များကို ကယ်ဆယ်ရန်သွားရောက်သည့် Free Burma Ranger – Karenni တပ်ဖွဲ့ဝင် အသက် ၂၀ အရွယ် All Lo Sein (Olson) မှာ စစ်အုပ်စုလက်ချက်ကြောင့် ကျဆုံးခဲ့ကာ PDF တပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိခဲ့သည်။

• ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှ ရူးဖယ်ခူရပ်ကွက်တစ်လျှောက် လမ်းမကြီးနှင့် ငွေတောင်ဆည် ကန်ဘောင်တစ်လျှောက် ရပ်ကွက်လမ်းအထိ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDFနှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ် ပွားရာနေရာဖြစ်သည့်အတွက် ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန် KPDF က သတိပေးထားသည်။

• လွိုင်ကော်မြို့၊ ဘီလူးချောင်း အမှတ် (၁) ရေအားလျှပ်စစ်စက်ရုံ စက်ရုံးမှူးနေအိမ်တွင် ယနေ့နံနက် ၃ နာရီဝန်းကျင်ခန့်က မီးလောင်ပျက်စီးခဲ့သည်။

ကရင်ပြည်နယ်

• ကော့ကရိတ်ခရိုင်အတွင်း စစ်အုပ်စုသတင်းပေးများနှင့် Non CDM ရပ်ဝေးဝန်ထမ်းများအနေဖြင့် ယနေ့တွင် ခရိုင်တွင်းမြို့များမှ ထွက်သွားပေးရန်နှင့် မြို့ခံများအနေဖြင့် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သည့် ရုံး၊ နေအိမ်များအနီးသို့ သွားလာခြင်း များရှောင်ကြဉ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကော့ကရိတ်ခရိုင်) က ထုတ်ပြန်ထားသည်။

• ဘားအံတက္ကသိုလ်ရှိ ဆရာ/ဆရာမ ၈၀ ဦးကို ပြည်သူ့ဘက်ရပ်တည်၍ စစ်အုပ်စုကို အာခံကာ CDM ပြုလုပ်မှုဖြင့် အလုပ်မှ ထုတ်ပစ်လိုက်ပြီ ဖြစ်သည်။

• သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း ၈၅၁ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။

ချင်းပြည်နယ်

• မင်းတပ်မြို့တွင် စစ်အုပ်စုက ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တမ်ဟုန်း ဒဏ်ရာရရှိခဲ့ကာ တမ်လိန်းနှင့် ဒါဝိတ်တို့ ကျဆုံးခဲ့သည်။

• မြန်မာပြည် တစ်ဖက်ခြမ်း မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် ၄၀ ဦးတွင် ကိုဗစ်ကူးစက်ခံရကာ သုံးဦး သေဆုံးသွားပြီ ဖြစ်သည်။

• ချင်းပြည်နယ်အတွင်း စစ်အုပ်စုသတင်းပေးများ၏ အချက်အလက်များကို ရရှိထားပြီဖြစ်ကာ ၎င်းတို့၏ လုပ်ရပ်များ ရပ်တန့် ရန် သတိပေးကာ မလိုက်နာပါက အသက်အန္တရာယ်ဖြစ်သည်အထိ အရေးယူမည်ဟု Chin National Defense Force က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်

• ကျိုင်းတုံမြို့ စျေးအနောက်ဘက်ရှိ ယာဉ်ထိန်းရဲရုံးအနီးတွင် ယမန်နေ့ညပိုင်းက အမျိုးသားနှစ်ဦးအား စစ်အုပ်စုလက်နက် ကိုင်များက ကားဖြင့်တိုက်ကာ ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်။

• စစ်အုပ်စုက အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုမှုကို မထေမဲ့မြင် မျက်ကွယ်ပြုမှုကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ ဂုဏ်သိက္ခာညှိုးနွမ်းနေပြီဟု PPST ခေါင်းဆောင်နှင့် သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဗိုလ်ချုပ်ကြီဂရွက်ဆစ်က ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ထုတ်ပြောလိုက် သည်။

• မိုးမိတ်တွင် ပညာရေးဝန်ထမ်း ၈၁ ဦးအား ပြည်သူနှင့် ရပ်တည်၍ စစ်အုပ်စုကို အာခံသည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်း လိုက်သည်။

• ဟိုပုံးမြို့နယ်နေ လူငယ်များလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။

• ကလောမြို့နယ်၊ ပုန်းအင်းကျေးရွာနေ ပြည်သူများကလည်း အ.မ.က (၈၂) တွင် စစ်အုပ်စုက ပေးသည့် ကျွန်ပညာရေး အလို မရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။

• ရှမ်းတောင်၊ ပင်လောင်းမြို့တွင်လည်း လူငယ်များက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများရေးသားထားသည့် စာရွက်များကို လမ်းများပေါ်ကြဲချထားကာ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။

• လားရှိုးမြို့ ဆန္ဒပြပွဲတွင် မတ်လ ၂၇ ရက်က စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် နမ့်ဆန်မြို့မှ မိုင်းမင်းနောင် (၂၃) နှစ်အတွက် ၎င်းမွေးရာဒေသ ကျေးရွာတွင် ဒေသခံများက နွေဦးသူရဲကောင်း အာဇာနည်ဗိမာန် ဆောက်လုပ်ပေးထားသည်။

• တောင်ကြီးမြို့ မြို့မစျေးတွင် လူငယ်အချို့က "ကယားရေ အားတင်းထားပါ" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• တောင်ကြီးမြို့၊ အမှတ် ၂၁၂ ဆက်သွယ်ရေးတပ်ဝင်ပေါက်တွင် ယနေ့နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ လက်နက်ကိုင်စစ်သားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။ တောင်ကြိးမြို့နယ်၊ အေးသာယာမြို့လယ် ဓမ္မာရုံအနီး ကမ်းယာဆိုင်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဒေသခံတစ်ဦး ထိခိုက်ခဲ့ပြီး အဆိုပါနေရာအနီးတွင် ရဲနှင့် စစ်သားများ လုံခြုံရေးယူထားသည့်နေရာလည်း ဖြစ်သည်။

• သီပေါမြို့နယ် အခြေခံပညာကျောင်းများမှ ပညာရေးဝန်ထမ်း (သင်ကြား/စီမံ) ၃၈၄ ဦးအား စစ်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။

• မိုင်းရှူးမြို့နေ လူငယ်များကလည်း စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ပြောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။

• ကွတ်ခိုင်မြို့နယ် မုံစီးနှင့် တာမိုးနဲကြားရှိ Mungjiကျေးရွာလမ်းတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ကချင်လွတ်မြောက်ရေးတပ်မတော် - KIA နှင့် စစ်အုပ်စုအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly