NLD ပါတီဝင်ကို ဖမ်းမမိ၍ ညီမဖြစ်သူ ကျောင်းဆရာမနှင့် မသန်စွမ်းသူတို့ကို စစ်ကောင်စီတပ်များ ဖမ်းဆီး

NLD ပါတီဝင်ကို ဖမ်းမမိ၍ ညီမဖြစ်သူ ကျောင်းဆရာမနှင့် မသန်စွမ်းသူတို့ကို စစ်ကောင်စီတပ်များ ဖမ်းဆီး

မေ ၂၆

စစ်ကောင်စီတပ်များက အလိုရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးကို ဖမ်းမမိသည့်အခါ ညီမဖြစ်သူ ကျောင်းဆရာမနှင့် မသန်စွမ်းအမျိုးသားတစ်ဦးတို့ကို ဖမ်းဆီးသွားမှု မေလ ၂၅ ရက်နေ့က မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။ 

ရဲနှင့်စစ်တပ် အင်အား ၄၀ ခန့်က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာနေ ဦးနေလင်းအောင်ကို ဖမ်းဆီးရန်ရှာဖွေရာ မတွေ့သည့်အတွက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုလုပ်ဆောင်နေသည့် အလယ်တန်းပြဆရာမ ဒေါ်နွယ်နီအောင်ကို ဖမ်းသည်။

ထို့နောက် ဦးနေလင်းအောင် ပုန်းအောင်နေထိုင်နိုင်သည်ဟု ယူဆပြီး ကွမ်လှာကျေးရွာနှင့်ကပ်လျက်ရှိသော တော်ကပူးကျေးရွာက ဘုန်းကြီးကျောင်းကိုထပ်မံရှာဖွေပြီး ခြေတစ်ဖက်မရှိသော မသန်စွမ်းအမျိုးသား ကိုဇော်မင်းဦးကို ဖမ်းဆီးပြန်သည်။ 

အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် စကားအခြေအတင်ဖြစ်ပြီးနောက် ကိုဇော်မင်းဦးအဖမ်းခံရခြင်းဖြစ်သည်ဟု ကျေးရွာနေသူတစ်ဦးက ပြောသည်။ 

“အဖမ်းခံရတာ ရွာက ဒလံသတင်းပေးက စစ်ခွေးတွေကို အိမ်အထိလိုက်ပြပြီး လာဖမ်းသွားတာပါ။ လက်လုပ်သေနတ်တွေ ၊ ယမ်းတွေက သူတို့စခန်းမှာ ရှိတာတွေကို အဲ့ပစ္စည်းတွေနဲ့ ဖမ်းမိတာဆိုပြီး မတရားစွပ်စွဲခံရတာ” ဟု သူက ပြောသည်။ 

ဖမ်းဆီးသူများတွင် ချောင်းဆုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒလံဟု ထုတ်ပြန်ထားသူများလည်း ပါဝင်သည်။ 

အသက် ၃၃ နှစ်အရွယ် ဆရာမ ဒေါ်နွယ်နီအောင်ကို အစ်ကိုဖြစ်သူ ရှောင်တိမ်းနိုင်ရန်ကူညီမှု၊ CDM လုပ်မှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု ကနဦး သတင်းရရှိသည်။ ရဲစခန်းပိုင်လက်နက်များကိုအသုံးပြု၍ တမင်ဇာတ်လမ်းဆင်ခံရသည်ဟု ဒေသခံများကဆိုသော အသက် ၄၀ ဝန်းကျင်ရှိ ကိုဇော်မင်းဦအမှုနှင့်ပတ်သက်၍ မသိရသေးပေ။ 

သူတို့ နှစ်ဦးကို  ဗုဒ္ဓဟူးနေ့တွင် ချောင်းဆုံရဲစခန်းမှသည် ကျိုက်မရော ထောင်ကို ပို့ဆောင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly