မင်္ဂလာဆောင်လက်ဖွဲ့ဗုံးပေါက်ကွဲမှု သတို့သမီးအပါအဝင် ၃ ဦး သေ၊  ၈ ဦးဒဏ်ရာရ

မင်္ဂလာဆောင်လက်ဖွဲ့ဗုံးပေါက်ကွဲမှု သတို့သမီးအပါအဝင် ၃ ဦး သေ၊  ၈ ဦးဒဏ်ရာရ
ဓါတ်ပုံ- မင်္ဂလာဆောင်လက်ဖွဲ့ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့ရသူတစ်ဦးဖြစ်သည့် ကိုဇော်ဝင်းအောင်

မေ ၂၅

မင်္ဂလာဆောင်အခမ်းအနားအပြီး လက်ဖွဲ့ပစ္စည်းဖောက်ဖွင့်ရာက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ သတို့သမီးအပါအဝင် လူသုံးဦး ပွဲချင်းပြီးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိမှု သင်္ကန်းကျွန်းတွင် ဖြစ်ပွားသည်။ 

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် (က) ရပ်ကွက်၊ ဇေယျာသုခလမ်းရှိ သုံးလွှာတိုက်ခန်းတွင် အင်္ဂါနေ့ နေ့လည် ၁နာရီခန့်က မင်္ဂလာဆောင်လက်ဖွဲ့ပစ္စည်းထဲတွင် ထောင်ထားသောဗုံးကြောင့် သတို့သမီးဖြစ်သူ ကျောင်းဆရာမ၊ သတို့သား၏ညီတစ်ဝမ်းကွဲနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားသည်။ 

" (မွန်းလွဲ) ၁ နာရီလောက်ကဖြစ်မယ် ။ ဗုံးပေါက်သံကြားရလို့ သွားကြည့်တော့ ဗုံးထိတဲ့သူတွေကို အိမ်စီးကားတစ်စီးနဲ့ ဆေးရုံကိုခေါ်သွားကြတယ်။ ဘေးကပြောတာတော့ သတို့သမီးနဲ့ နှစ်ဦးကတော့ ဆုံးပြီတဲ့။ ရှစ်ယောက် ဒဏ်ရာရတယ်။ ဖြစ်တဲ့နေရာမှာပြောနေကြတာက သတို့သားက မဘသ အဖွဲ့ဝင် ခုံစွဲအမာခံတဲ့''ဟု အနီးအနား နေထိုင်သူတစ်ဦးက  ပြောသည်။

သတို့သားဖြစ်သူ ကိုချစ်မင်းသည်လည်း ဒဏ်ရာရရှိ၍ သက်န်းကျွန်း စံပြဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိကြောင်း သိရသည်။

ကိုချစ်မင်းသည် ပတ်ဝန်းကျင်ရှိသူအများစုနှင့် သင့်မြတ်မှုမရှိသော အခြေအနေဟု စုံစမ်းသိရသည်။ မင်္ဂလာဆောင်အခမ်းအနားကို အိမ်ခန်းမှာပင် အကျဉ်းချုံးကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

သို့သော် သေဆုံးသွားခဲ့ရသည့် သူ၏ညီဝမ်းကွဲဖြစ်သူ ကိုဇော်ဝင်းအောင် (အသက်၁၉နှစ်)မှာ လူငယ်အင်အား ကမ်းလက်စေတနာ ပရဟိတတွင် တွဲဖက် အတွင်းရေးမှူးအဖြစ် လုပ်ဆောင်နေသူဖြစ်ကာ လူချစ်လူခင်များသည်။

"အသက်က ၁၉ နှစ် အရွယ်နဲ့မလိုက်အောင် ပရဟိတအရမ်းလုပ်တယ်။ သူကိုယ်တိုင်တွဲဖက်အတွင်းရေးမှုလုပ်နေတဲ့အဖွဲ့ရှိတယ်၊ အကိုတို့နဲ့ဆိုရင်စာသင်ကျောင်းမှာ ကလေးတွေကိုစာသင်နေတဲ့လူငယ်တစ်ယောက်ပါ။ တန်ဖိုးရှိတဲ့ လူကောင်းလေးပါ''ဟု  သူ၏ သူငယ်ချင်း ဖြစ်သူ ကိုမျိုးဆန်းဦးကဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့များ ရောက်ရှိလာကြပြီး လမ်းများ ပိတ်ဆို့ကာ စစ်ဆေးမှုပြုလုပ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly