မြောက်ဒဂုံ ဖူဆယ်ကွင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူ ကွယ်လွန်

မြောက်ဒဂုံ ဖူဆယ်ကွင်းတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူ ကွယ်လွန်
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်ရရှိခဲ့သော သေနတ်ဒဏ်ရာဖြင့် ကွယ်လွန်သွားခဲ့သူ ကိုဆန်းထွန်းအောင်ရွှေလှိုင် (ဓါတ်ပုံ- DUSC FC)

မေ ၂၅

ဖူဆယ်ဘောလုံးကွင်းထဲ တရားခံဖမ်းရန်ရောက်လာသော စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားခဲ့သူ ကိုဆန်းထွန်းအောင်ရွှေလှိုင်မှာ တနင်္ဂနွေနေ့ညကပင် ကွယ်လွန်သွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် (၄၄) ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ဖူဆယ်ဘောလုံးကွင်းတစ်ခုသို့ တနင်္ဂနွေနေ့ည ၆ နာရီခွဲကျော်က စစ်ကောင်စီတပ်များရောက်လာရာ ဘောလုံးကစားနေသူများ၊ နံဘေး ရေကူးကန်တွင် ရေကူးနေသူများနှင့် အနီးနားနေသူများ အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးကြသည်။ ရဲနှင့်စစ်သားများက သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်သဖြင့် အသက် ၃၁ နှစ်အရွယ် ကိုဆန်းထွန်းအောင်ရွှေလှိုင်ကို ထိမှန်သွားခဲ့သည်။

သို့သော် ပြေးလွှားရင်း ချော်လဲ၍ ဦးခေါင်းထိမှန်ကာ မေ့သွားခြင်းသာဖြစ်သည်ဟု ပစ်ခတ်သူများက ဖုံးဖိလိမ်ညာပြောဆိုခဲ့ကြသည်။

ဒဏ်ရာရသူကို ကုတင် ၁၀၀၀ ဆေးရုံခေါ်သွားခဲ့ပြီး နာရီအနည်းငယ်အကြာတွင် ဆီးခုံတွင်သေနတ်ထိမှန်သောဒဏ်ရာဖြင့် သေဆုံးကြောင်း စစ်ကောင်စီဘက်ကပြောသည်။

" ည ၈နာရီခွဲလောက်ကတည်းက ဆုံးသွားတာတဲ့။ မိသားစုကိုလည်း ပေးမတွေ့ဘူး။ မနက်မှ အလောင်း လာယူခိုင်းတာလို့ ကြားရတယ် ''ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ လူငယ်တစ်ဦးက ပြောသည်။  

သူက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြရာတွင် " ည ၆နာရီ ၂၀လောက်က အိမ်စီးကားတွေ စစ်ကားတွေနဲ့ ဝင်လာပြီး မအေ... တွေ မပြေးနဲ့ဆိုပြီး သေနတ်နဲ့ လိုက်ပစ်တာ။ ကျွန်တော်တို့က မလွတ်မှန်းသိလို့ မပြေးတော့ဘဲ နေလိုက်တာ။ အဲ့မှာ ဘောလုံးကွင်းက နှစ်ကွင်းရှိတာ။ ကျွန်တော်တို့က ဒီဘက်အကြီးကွင်း။ အသေးကွင်းမှာရှိတဲ့သူတွေက ပြေးနေတာကို အရပ်ဝတ်နဲ့ လူက ပစ္စတိုနဲ့ လိုက်ပစ်နေတာတွေ့တယ်။အဲ့တုန်းက ထိလား မထိလားတော့ မသိလိုက်ဘူး ။ပြီးတော့ အသိ အစ်ကိုတစ်ယောက် လဲသွားတယ်။ သူ့သူငယ်ချင်းက သူငယ်ချင်း ထထဆိုပြီး ပြောနေတာ ။ အဲ့ကတည်းက သတိမရတော့တာ " ဟု ဆိုသည်။

ထို့နောက် ဖူဆယ်ကွင်းထဲမှာရှိသည့် လူငယ်များကို မှောက်ခိုင်းပြီး မော့ကြည့်ပါက ဖိနပ်ဖြင့် ကန်ကြောင်းနှင့် လဲကျသွားသူတစ်ဦးမှာ ခေါင်းကွဲသွားသည်ဟု ပြောသံကြားရပြီး စစ်တပ်မှ သယ်သွားကြောင်း ၎င်းက ဆက်လက် ပြောသည်။

" ညီလေးတို့ကို ဘာမှမလုပ်ဘူး။ အစ်ကိုတို့ တရားခံမိသွားပြီလို့ ပြောတယ်။ တရားခံက ခေါင်းကွဲသွားတဲ့ အစ်ကိုတဲ့ ။ သူတို့ ပစ်တာကလည်း ရာဘာကျည်တွေ လို့ ပြောတယ်''ဟု ဆိုသည်။ 

ရုတ်ရုတ်သဲသဲဖြစ်သွား၍ ရောက်ရှိလာသော အနီးပတ်ဝန်းကျင်ကလူကြီးများကို ရဲနှင့်စစ်သားများကပြောရာတွင် ၎င်းတို့ကားတန်းကိုလက်ပစ်ဗဲုံးဖြင့်ပစ်ပြေးသွားသူကို လာရှာခြင်းဖြစ်သည်ဟု ဆိုသည်။

Dagon University Old Star ( DUSC-FC) အပျော်တန်း ဘောလုံးကလပ်ကို တည်ထောင်သူတစ်ဦးလည်းဖြစ်သည့် ကိုဆန်းထွန်းအောင်ရွှေလှိုင် ခေါ် နဂါးလေးသည် အစောပိုင်းကတည်းက ဖူဆယ်ကွင်းအတွင်း ဘောလုံးကစားနေသူဖြစ်သည်ဟု မျက်မြင်သက်သေများက တညီတညွတ်တည်းပြောကြသည်။ သူ၏ ယောက်ဖဖြစ်သူမှာ တပ်မတော်တွင် ဗိုလ်ကြီးအဆင့်ရှိသူဖြစ်သည်။ 

ဖူဆယ်ကွင်းအတွင်းမိသည့် အခြားလူငယ် ၂၅ ယောက်ခန့်ကို ဖုန်းပါ မပါ မေးမြန်းပြီး  ဖုန်းပါလာသူများကို ဖုန်းသိမ်းကာ ငါးယောက်တစ်တွဲ ဓာတ်ပုံရိုက်၍ ပြန်လွှတ်ပေးခဲ့သည် ။ ဖူဆယ်ဘောလုံးကွင်းအနီးရှိ CCTVများကို စစ်ကောင်စီမှ လာရောက်ဖြုတ်သိမ်းသွားခဲ့သည်။

Myanmar Brewery Ltd ၏ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဆန်းထွန်းအောင်ရွှေလှိုင်တွင် ဇနီးနှင့် သားတစ်ဦးကျန်ရစ်သည်။ နာရေးကို အင်္ဂါနေ့ မေ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ရေဝေးသုဿန်တွင်ပြုလုပ်မှာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required