နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၄ မေ ၂၀၂၁)
ပုံ - မေလ ၂၄ ရက်၊ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo -AFP)

ရန်ကုန်တိုင်းဒေသကြီး

• စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူ အဆိုတော် အေသင်ချိုဆွေအား ယမန်နေ့ ညနေပိုင်းက သူမနေထိုင်သည့် ရွှေပါရမီကွန်ဒိုတွင် စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) ရှိ CDM ဝန်ထမ်းများအား ဆေးရုံအုပ်နှင့် စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညပိုင်း တွင် သေနတ်ဖြင့်ချိန်၍ အလုပ်ပြန်ဆင်းရန် အကြပ်ကိုင်ခြိမ်းခြောက်မှုကြောင့် ဝန်ထမ်းအားလုံးနီးပါး အိမ်ရာမှ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ အဆိုပါဆေးရုံတွင် ဝန်ထမ်း ၃၀၀ ကျော်ရှိကာ ၉၀ ရာခိုင်နှုန်းခန့် CDM ပြုလုပ်ထားသည်။ 

• မြောက်ဒဂုံ အ.ထ.က (၄) ကျောင်းတွင် ယနေ့နံနက် ၆ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ လက်နက်ကိုင် စစ်အုပ်စုလုံခြုံရေးများ ရောက်ရှိလာကာ အနီးပတ်ဝန်းကျင်၌ လုံခြုံရေးတင်းကြပ်ထားသည်။ 

• လှိုင်မြို့နယ်၊ (၁၀) ရပ်ကွက်ရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးဖွင့်ထားသည့် စားသောက်ဆိုင်တွင် နံနက် ၆ နာရီခွဲကျော်ခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ စစ်အုပ်စုလုံခြုံရေးများ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• အလုံ၊ အ.ထ.က (၄) တွင် ကျောင်းအပ်နှံရေး အစည်းအဝေးလုပ်ရန် ဒုညွှန်မှူးရောက်နေချိန် နံနက် ၉ နာရီ ၅ မိနစ်က ပေါက်ကွဲမှုသုံးကြိမ် ဆက်တိုက်ဖြစ်ပွားပြီးနောက် လမ်းပေါ်ဖြတ်သွားသည့် အငှားယာဉ်တစ်စီးပေါ်မှ လူသုံးဦးအား ရိုက်နှက် ဖမ်းဆီးသွားသည်။ အဆိုပါအဖွဲ့မှာ သာကေတမြို့နယ်ရှိ ပျူစောထီးအဖွဲ့မှဟု သတင်းများထွက်ပေါ်နေကာ သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။ 

• မြို့နယ်စုံလူငယ်များ ပါဝင်သည့် ရန်ကုန်သပိတ်စစ်ကြောင်းကလည်း မင်္ဂလာတောင်ညွန့်တွင် "လူမျိုးစုအရေးကို အလေးထား ဖက်ဒရယ်ပြည် ထောင်စုသို့ သွား" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ 

• မြောက်ဥက္ကလာပမြို့နယ်အတွင်း ပြေးဆွဲနေသည့် YBS ယာဉ်များပေါ်တွင် လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ကားပေါ်သပိတ် ပြုလုပ်ခဲ့သည်။ 

• လှိုင်သာယာနေ လူငယ်များကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• ရန်ကုန်မြို့ခံ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ရေးသားကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတပ်ပေါင်းစုသပိတ်လူငယ်များက ယမန်နေ့ နံနက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ခဲ့သည့် မန္တလေး ၃၂ လမ်းနှင့် ၆၃ လမ်းထောင့်ရှိ ကုဋေကြွယ်လက်ဖက်ရည်ဆိုင်အား သပိတ်ပြုလုပ်ပြီး မကြာခင်မှာပင် စစ်အုပ်စုလက်နက်ကိုင်များ ရောက် လာကာ ဆိုင်အား ပိတ်ခိုင်းခဲ့ကာ ဆိုင်တာဝန်ခံတစ်ဦးအား စစ်ဆေးရန်ရှိသည်ဆိုကာ ခေါ်ဆောင်သွားသည်။ အဆိုပါဆိုင်မှာ သတင်းပေးဒလန်ဆိုင်ဟုလည်း ဒေသခံများက အခိုင်အမာ ပြောဆိုနေကြသည်။ 

• စဉ့်ကိုင်မြို့နယ်၊ တရုတ်စုကျေးရွာ အ.လ.ကကျောင်းအနောက်ဘက်တွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုသုံးကြိမ် ဖြစ်ပွားပြီးနောက် ၉ နာရီခန့်တွင် ကျေးရွာ NLD ရုံးအား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြု လုပ်ခဲ့သည်။ 

• ကျောက်ပန်းတောင်းမြို့နယ်၊ အနော်ရထာတပ်အနီးတွင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• မတ္တရာမြို့နယ် အရှေ့ပိုင်းကျေးရွာတွင်လည်း ဒေသခံများက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြင်းခြံ ပင်မသပိတ်စစ်ကြောင်းကလည်း NUG အစိုးရထောက်ခံကြောင်းနှင့် ဖယ်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး အတွက် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ မြင်းခြံတွင် စစ်အုပ်စုလက်နက်ကိုင်များက ကျောင်းဝတ်စုံဝတ်ဆင် ထားသည့် စစ်တပ်မိသားစုဝင်ကလေးငယ် ၃၀ ခန့်အား ကားဖြင့် တင်ဆောင်၍ မြို့ပေါ်ကျောင်းများသို့ လှည့်ပတ်သွားရောက်ကာ ကျောင်းအပ်နှံနေသည့်ပုံစံဓာတ်ပုံများ ရိုက်ယူနေကြောင်း သိရသည်။ 

• ညောင်ဦးမြို့ခံများ၏ ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မန်း၊ အောင်မြေသာစံ ပညာရးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းလည်း စစ်အာဏရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• မန်း၊ ကျောက်မျက်ရတနာကုန်သည်/ပွဲစား သပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြတော်လှန်ခဲ့သည်။ 

• မန္တလေး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးအနီး ၃၂ (A) နှင့် ၆၆ လမ်း လမ်းရှိ Non CDM သမားဖြစ်သူ မန္တလေးဆေးရုံကြီး တွဲဖက်ပါမောက္ခ ဒေါက်တာချစ်သက်အောင် နေအိမ်အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲကျော်ခန့်က လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပေ။ 

• ပြည်ကြီးတံခွန်မြို့နယ်၊ ပင်မလျှပ်စစ်ဓာတ်အားခွဲရုံရှိ အမှတ် (၄) မူလတန်းကျောင်းတွင် ယနေ့ မွန်းလွဲပိုင်းက မီးရှို့ခံရမှု ဖြစ်ပွားခဲ့ကာ မီးလောင်မှုမဖြစ်ခင် စစ်အုပ်စုလက်နက်ကိုင်လေးဦး ကျောင်းအတွင်း ဝင်ရောက်သွားသည်ဟု ဒေသခံများထံ က သိရသည်။ 

• မန်း စျေးချိုတွင် စစ်အုပ်စုဘက်က ဖိအားပေးသည့်အတွက် ဆိုင်ခန်းအချို့သာ ပြန်ဖွင့်ခဲ့သည့်အတွက် ရက်တိုး၍ မေလ ၂၆ ရက်တွင် နောက်ဆုံးထားဖွင့်ကြရန် စျေးစည်ပင်က လိုက်လံကြေညာခဲ့သည်။ 

• မန္တလေးတွင် ယခင်က လူထုအကြား ဝင်ရောက်သတင်းရယူနေသည့် အိမ်စီးကားဖြင့် အရပ်ဝတ်လက်နက်ကိုင်များ၊ အရပ်ဝတ်လက်နက်ကိုင်များ မတွေ့ရတော့ဘဲ ဆန္ဒပြမှုများ စတင်ဖြစ်ပွားစဉ်ကအတိုင်း သံချပ်ကား၊ Double Cab ရဲနှင့် စစ်ကား၊ အဖြူရောင်သံချပ်ကားများ၊ စစ်သုံးကားကြီးများ ပါဝင်သည့် ယာဉ်တန်းများအား ယမန်နေ့ ညနေပိုင်းကတည်းက ပြန်လည် တွေ့နေရပြီး ယနေ့တွင်လည်း အဆိုပါယာဉ်တန်းပါ အုပ်စုနှစ်ခုဖြင့် မြို့တွင်း၌ ကင်းလှည့်မှုများပြုလုပ်လျက်ရှိသည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေ ၄ နာရီခွဲတွင် အတည်ပြု ပြောဆိုသည်။ 

• ဝမ်းတွင်းမြို့နယ်နေ လူငယ်များကလည်း "ဒလံနှင့် စစ်ခွေးများကြားတွင် နေနေရသောကြောင့် ဝမ်းတွင်းသူ/သားများမှ အားနာမိပါတယ်" အပါအဝင် စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် မင်းတပ်၊ ကနီနှင့် ကယားဒေသများ ဘေးကင်းပါစေဟု ဆုတောင်းကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• သဲကုန်းမြို့ မီးသတ်ဌာနတွင် စစ်အုပ်စုအား အာခံ၍ ပြည်သူ့ဘက် ရပ်တည်ကာ CDM ပြုလုပ်နေသည့် မီးသတ်တပ်သား ကိုကောင်းမြတ်သူအား ယမန်နေ့ ညပိုင်းက ၎င်းနေထိုင်ရာ ရွှေတောင်မြို့၊ စံပြရပ်ကွက်၊ ပိတောက်လမ်း၊ စက်ရုံနယ်မြေရှိနေအိမ်သို့ စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းရှာဖွေရာ မတွေ့ရှိသဖြင့် ဖခင်၊ မိခင်နှင့် ညီဖြစ်သူတို့အား ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။ 

• စစ်ကောင်စီလက်ချက်ဖြင့် မြို့ခံပြည်သူ ဦးမျိုးသန့်ထွေး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့မှုအတွက် ပြန်လည်လက်တုံ့ပြန်မည်ဟု ထန်းတပင် PDF က ထုတ်ပြန်လိုက်သည်။ မေလ ၂၂ ရက်ညပိုင်းက စစ်အုပ်စုပိုင် Mytel တာဝါတိုင်နှင့် ကျေးရွာအချို့တွင် ပေါက်ကွဲမှုများဖြစ်ခဲ့ရာ စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် မြို့ခံမျာ သေဆုံး၊ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ 

• ဇီးကုန်းမြို့တွင် ရန်ကုန်-ပြည်ကားလမ်းပေါ် ပြည်သူ့ဆေးရုံးကြီးရှေ့ "နောင်ကြီး" လက်ဖက်ရည်ဆိုင်ရှေ့ ရပ်ထားသည့် ဆိုင်ကယ်တွင် နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ခဲ့သည်။ အဆိုပါ လက်ဖက်ရည် ဆိုင်မှာ စစ်အုပ်စုဒလန်ဟု ဒေသခံများက သတ်မှတ်ထားသူဖြစ်ကာ ရန်ကုန်-ပြည်ကားလမ်းပေါ် ဝက်ကော်ကျေးရွာ စာ သင်ကျောင်းရှေ့ရှိ လူနေစျေးဆိုင်တစ်ခုတွင် နံနက် ၅ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။ 

• ကျောက်ကြီးမြို့နယ်၊ ပိုးလိုးနိုဖိုးကျေးရွာတွင် နေထိုင်သည့် ကရင်အမျိုးသားအစည်းအရုံး - KNU အဖွဲ့ဝင် နော်အေးကြန်အား ယနေ့နံနက် ၃ နာရီခွဲအချိန်တွင် စစ်အုပ်စုလက်အောက်ခံ ခလရ ၆၀ တပ်ရင်းမှ လက်နက်ကိုင်များက လာရောက် ဖမ်း ဆီးသွားသည်။ နန်းအေးကြန်အား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန်နှင့် ပြန်မလွှတ်ပေးပါက ပြင်းထန်သည့် တုံ့ပြန် မှုများ လုပ်ဆောင်သွားမည်ဟု KNU ကျောက်ကြီးမြို့နယ် ဒေသခံကရင်လူမှုအဖွဲ့က စာထုတ်ထားသည်။ 

• ကျောက်ကြီးမြို့နယ်၊ ငါးထွေးစုပ်ကျေးရွာတွင်လည်း ဒေသခံများက ရွာတွင်း အ.ထ.က ကျောင်းခွဲရှေ့တွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်းစာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကလေးမြို့၊ မြို့လှတွင် ယမန်နေ့ည ၉ နာရီခန့်က ဒလန်ဟု ဒေသခံများက သတ်မှတ်ထားသူတစ်ဦးအား အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်ကာ နေအိမ်အား မီးရှို့ပစ်လိုက်သည်ဟု သိရသည်။ ထို့ပြင် ယမန်နေ့ညပိုင်းကလည်း ကလေးမြို့ပေါ် ပုဂ္ဂလိကဆေးရုံအချို့အား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းရှာဖွေခြင်းများ ပြုလုပ်ခဲ့သေးပြီး ဖမ်းဆီးခံရသူ မရှိခဲ့ဟု ကလေးမြို့ခံတစ်ဦးက ယနေ့ညနေ ၄ နာရီ ၁၅ မိနစ်တွင် အတည်ပြု ပြောဆိုသည်။ 

• ကလေးမြို့၊ အောင်ဇေယျရပ်ကွက်ရှိ အ.ထ.က (၆) ကျောင်းတွင် နံနက် ၉ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ စစ်အုပ်စုလက်နက်ကိုင် နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ စစ်တပ်ဘက်မှ သေနတ် အချက် ၂၀ ခန့် ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။ ကလေးမြို့၊ ပေါက်တောရွာ အ.ထ.က ကျောင်းခွဲတွင်လည်း ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများအာ ဆေးနီများဖြင့် ရေး၍ သွေး သပိတ် ပြုလုပ်ခဲ့သည်။

• ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• တန့်ဆည်တွင် ပညာရေးမိသားစုနှင့် ဒေသခံအင်အား ရာနှင့်ချီပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းမများပေါ် လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ 

• ဘုတလင်မြို့နယ်၊ လေးမြေရွာ အထက်တန်းကျောင်းခွဲရှေ့တွင်လည်း ရွာခံကျောင်းသား/သူများနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဟုမ္မလင်းမြို့နယ်၊ တစုန်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း စစ်အုပ်စုပိုင် ဦးပိုင်ကုမ္ပဏီက ကျောက်စိမ်းများ တင်ဆောင် လာကာ လုံခြုံရေးလက်နက်ကိုင်များ ပါရှိသည့် စက်လှေအား နံနက် ၁၀ နာရီခန့်က ရှမ်းနီလက်နက်ကိုင်အဖွဲ့ SNA က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

• ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ တုံရွာအုပ်စုကျေးရွာများ စုပေါင်းကာ လူအင်အားရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် သပိတ်မှောက်ဆန္ဒပြခဲ့သည်။ ဖောင်းကားကျေးရွာတွင်လည်း ကျေးရွာ သပိတ်စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပုလဲမြို့နယ်၊ မုံကြိုင်းကျေးရွာနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• မုံရွာ၊ အမြင့်လမ်းကျေးရွာများ စုပေါင်းသပိတ်စစ်ကြောင်းကလည်း လူအင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြတော်လှန်ခဲ့သည်။ မုံရွာ၊ ကျွဲရဲကျေးရွာနေ ပြည်သူများကလည်း ကျေးရွာတွင်းရှိ အခြေခံပညာကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နေ လူငယ်များကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပျောက် ကြားသပိတ် ပြုလုပ်ခဲ့သည်။

• မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာနေ လူငယ်များကလည်း ရွာရှိ အ.လ.က ကျောင်းခွဲရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ကောလင်းမြို့နယ်၊ ရှမ်းကလုံးကျေးရွာနေ ကျောင်းသားလူငယ်နှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ပွင့်ဖြူတွင် ယမန်နေ့ညပိုင်း အသွားအလာကန့်သတ်ထားသည့် ည ၁၁ နာရီကျော်အချိန်တွင် ဆည်တော်ရွာနေ စစ်မှုထမ်းဟောင်း ဦးတင်သောင်း ဖွင့်လှစ်ထားသည့် "လှိုင်"ကော်ဖီဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဆိုင်ခေါင်မိုးများ ပျက်စီးခဲ့သည်။ ထို့ပြင် စစ်အုပ်စုခန့် ရွှေလှေကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်နေအိမ်၊ အ.ထ.က (ခွဲ) ထနောင်းကုန်း၊ အ.မ.က ပေါက်စုကျေးရွာနှင့် ရွာထောင်ကျေးရွာ၊ အင်းကုန်းရွာ မူလွန်ကျောင်းတို့တွင်လည်း ပေါက်ကွဲမှုများ ဖြစ်ခဲ့ပြီး ဖလံကျင်းကျေးရွာ စစ်အုပ်စုခန့် ရာအိမ်မှူးအိမ်အနီးတွင်လည်း လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့သည်။ 

• တောင်တွင်းကြီး မြန်မာ့စီးပွားရေးဘဏ်တွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားစဉ်ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကာ စစ်သားများက ရမ်းသမ်းပစ်ခတ်မှုကြောင့် အလုပ်မှ ပြန်လာသည့် မြို့သစ်မြို့နယ်၊ ဘုရားငါးဆူကံကြီး (တောင်) ကျေးရွာနေ ကိုဇေယျဝင်း ဆိုသူအား သေဆုံးခဲ့သည်။ 
• နတ်မောက်မြို့နယ်၊ မြောက်လက်လူငယ်များကလည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ယနေ့နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာတွင် ပညာရေးမိသားစုနှင့် ကျောင်းသား၊ မိဘပြည်သူများက အင်အား ရာနှင့်ချီ စုဝေး၍ စစ်ကျွန် ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်မြို့နယ်တွင်လည်း ပညာရေးဝန်ထမ်းများက We Support CDM, ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေး စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ မြိုင်မြောက်ပိုင်း သမင်ချောက်ရွာတွင်လည်း ကျေးရွာများစု ပေါင်းသပိတ်စစ်ကြောင်းက ကျေးရွာများတွင်း လှည့်လည်၍ NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မြိုင်၊ နှမ်းစားကျင်းရွာခံများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ရေစကြိုမြို့တွင် ကျောင်းအပ်စတင်လက်ခံသည့် ယနေ့နံနက်ပိုင်းတွင် အ.ထ.က (၁) ယာယီကျောင်းအုပ်ကြီး ဒေါ်ခင်နှင်းယု၏ ဝန်ထမ်းအိမ်ရာနေအိမ်တွင် ဗုံးပေါက်ကွဲရာ နေအိမ်အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်။ ရေစကြိုမြို့နယ်၊ ဇီးတောစံပြ ကျေးရွာတွင် ရွာခံပြည်သူများမှာ ဆန္ဒပြပွဲများတွင် ပါဝင်သည်ဟု သတင်းပေးဒလန်မှ တိုင်တန်းသည့်အတွက် နေ့လယ် ၁ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များ ရောက်လာကာ ခြောက်လှန့်ပစ်ခတ်မှုများပြုလုပ်ကာ နေအိမ်အချို့ကိုလည်း ဖျက် ဆီးခဲ့သည်။ 

• မကွေးတိုင်း၊ ကမ္မမြို့တွင်လည်း စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြသသည့်အနေဖြင့် စျေးဆိုင် များပိတ်ကာ စျေးသပိတ်၊ ဆိုင်ကယ်သပိတ်နှင့် အိမ်တွင်းသပိတ်များ ပြုလုပ်ခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ် ကညုံကျွန်းကျေးရွာ၊ မောင်းမကန်၊ ကဒက်ကြီး၊ မကျွန်းမော်၊ ညင်းမော်၊ ကြက်ယက်တွင်းကျေးရွာတို့တွင် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်၍ ဆန္ဒပြခဲ့ကြသည်။ ဝေဒီကျေးရွာတွင်လည်း ရွာခံပြည်သူ ၂၀၀ ကျော်ပါဝင်သည့် ကျေးရွာသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ တပ်ပေါင်းစုတွင် ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်လူငယ် ၊ထားဝယ်ကွန်ပျူတာတက္ကသိုလ် ၊LGBT ၊ကရင်လူငယ်နှင့် ဆိုင်ကယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။ ထားဝယ်အရှေ့ပိုင်း အရှေ့တောသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေးအတွက် ဆိုင်ကယ်သပိတ်ပြုလုပ်ကာ ကျေးရွာတွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ 

• သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာတွင်လည်း ပညာရေးမိသားစု၊ ကျောင်းသား/သူနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ ကျေးရွာ ၁၀ ခု ပါဝင်သည့် တောင်ပျောက်တိုက်နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်ကာ တိုက်နယ်တွင်းသွား လမ်းဆုံများတွင် လုံခြုံရေးချထားကာ အချို့ရွာများတွင် လူစုခွဲ၍ တပ်စွဲ ထားသည်ဟု သိရသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• မအူပင်တွင် ယမန်နေ့ည ၇ နာရီကျော်နှင့် ၇ နာရီခွဲခန့်က အ.ထ.က (၁) ကျောင်းဝန်းနှင့် စည်ပင်ရုံးရှေ့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေးတင်းကြပ်ထားလျက် ရှိသည်။ မအူပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း CDM ပြုလုပ်နေသည့် ဝန်ထမ်းများအား ဖိအားပေးနေသည့် စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းများနှင့် သတင်းပေးဒလန်များအား ၎င်းတို့၏ လုပ်ရပ်များအား ရပ်တန့်က ရပ်၍ မိသားစုခေါ်ဆောင်ကာ မြို့မှ ထွက်သွားရန်နှင့် မလိုက်နာပါက ၎င်းတို့ မိသားစု ဝင်များ၏ အသက်ကို အာမခံမည်မဟုတ်ကြောင်း သတိပေးထားသည်။ 

• မြောင်းမြမြို့ပေါ် ကျောင်းများတွင် ကျောင်းအပ်လက်ခံမှုများ စတင်နေသော်လည်း ကျောင်းအပ်သူ မရှိသလောက် နည်းပါး လျက်ရှိသည်။ မြောင်းမြပညာရေးဒီဂရီကျောင်းသားများသမဂ္ဂနှင့် ကျောင်းသား/သူများကလည်း ကျောင်းများ၌ စစ်ကျွန် ပညာရေးအလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ကျုံပျော်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများ ရေးကာ Paper Strike ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ် ပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းလျှောက်ချီတက်ကာ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရေးတွင် စစ်အုပ်စုကို အာခံ၍ ပြည်သူ့ဘက် ရပ်ကာ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၆၀၀ ကျော်ကို တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။ 

• မော်လမြိုင်မြို့နေ ပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
 
• တန်ပြန်အဖျက်အမှောက်များ လုပ်ကိုင်ရန် ဖွဲ့စည်းထားသည့် စစ်အုပ်စု၏ ပျူစောထီးအဖွဲ့က စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း ရေးလုပ်ဆောင်နေသည့် လူငယ်များအကြား သဘောထားကွဲလွဲစေရန် လုပ်ဆောင်နေကာ ၎င်းတို့၏ လုပ်ဆောင်မှုများအား မြို့ခံပြည်သူများ ခွဲခြားသတိပြုရန်နှင့် လူထုအသက်အန္တရာယ်နှင့် အကျိုးစီးပွားထိခိုက်မည့် လုပ်ရပ်များကို လုပ်ဆောင်မည် မဟုတ်ကြောင်း မော်လမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ 

ကချင်ပြည်နယ်

• ချီဖွေတွင် ယနေ့နံနက်ပိုင်းက မြို့တွင်းကျောင်းနှင့် မြို့တွင်းလမ်းများပေါ်တွင် ကျောင်းမအပ်ရေးနှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ်ရှားမှုအား မြို့ခံများက ပြုလုပ်ခဲ့သည်။ 

• ဖားကန့် မှော်ပေါင်းစုံ အေးမြသာယာ သပိတ်စစ်ကြောင်းက ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် ဖားကန့်၊ တာမခန်မြို့သစ်နှင့် မရှီကထောင်ရပ်ကွက်နေ ပြည် သူများကလည်း သပိတ်စစ်ကြောင်းများ ဖွင့်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးနှင့် စစ်ကျွန်ပညာရေး အလို မရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ဖားကန့်၊ ဆိပ်မူသပိတ်စစ်ကြောင်းကလည်း ကျောင်းသားနှင့် မိဘပြည်သူများ စုပေါင်းကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မိုးကောင်းမြို့နေ ပြည်သူများလည်း ကျောင်းအပ်လက်ခံမှု စတင်သည့် ယနေ့နံနက်ပိုင်းတွင် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မိုးမောက်၊ ခါနန်ရပ်ကွက်တွင် ယနေ့နေ့လယ် ၁၂ နာရီကျော်ခန့်က ကြက်ခြံအတွင်း အလုပ်လုပ်နေသည့် သတ္တမတန်း တက်ရောက်ရမည့် အသက် ၁၄ နှစ်အရွယ် မောင်အောင်ဒီးဆိုသူမှာ ဦးခေါင်းနောက်ပိုင်းတွင် စစ်အုပ်စုမှ ပစ်လိုက်သည့် လက်နက်ကြီးဗုံးဆံ ထိမှန်ကာ သေဆုံးခဲ့သည်။ 

• ဗန်းမော်မြို့ လျှပ်စစ်ရုံးနှင့် ပညာရေးမှူးရုံးတို့တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သည်။ 

• ကချင်ပြည်နယ် မြောက်ဖျားစွန်း နောင်မွန်မြို့တွင် စစ်အုပ်စုလက်နက်ကိုင် ရဲ၊ စစ်သားနှင့် ပြည်သူ့စစ်များက လုံခြုရေးယူ ထားပေးကာ ကျောင်းအပ်လက်ခံခြင်းများ လုပ်ဆောင်လျက်ရှိသည်။ 

• ရွှေကူ၊ ဘိုကုန်းရွာ အထက်တန်းကျောင်းတွင် ယမန်နေ့ညပိုင်းက အသံဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းအပ်လက်ခံမည့်သူပင် မရှိဘဲ တံခါးပိတ်ထားသည်ဟု သိရသည်။ ထို့ပြင် ငါးဘတ်ဝနှင့် အခြားကျေးရွာများတွင် လည်း ကျောင်းအပ်သူမရှိ၍ Non CDM ဆရာ/ဆရာများက မိဘများထံ ဖုန်းဆက်ကာ ကျောင်းလာအပ်ကြရန် အကြောင်း ကြားမှုများ ရှိနေသည်။ 

ကယားပြည်နယ်

• လွိုင်ကော်မြို့၊ ကုန်းသာရွာနေ ဆိုင်ကယ်စီးလာသည့် ဦးလှထိုက်ဆိုသူအား ယမန်နေ့ည ၈ နာရီခန့်က စစ်အုပ်စုလက်နက် ကိုင်များက အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက်ကျည်ဆန်ထိမှန်ကာ သေဆုံးခဲ့သည်။ 

• လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာရှိ ဘုရားကျောင်းတွင် ယနေ့နံနက် ၁ နာရီကျော်က စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာ ကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ လေးဦး သေဆုံးခဲ့သည်။ 

• လွိုင်ကော်၊ နာနတ်တောရပ်ကွက်တွင် ယနေ့ နေ့လယ် ၂ နာရီခန့်က စတင်ကာ စစ်အုပ်စုလက်နက်ကိုင်များက ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်လည် လုပ်ဆောင်လျက်ရှိသည်။ ယနေ့ နံနက် ၁၀ နာရီကလည်း လွိုင်ကော်လေဆိပ်တွင် ငါးကြိမ်ထက်မနည်း လေယာဉ်အတက်အဆင်း ပြုလုပ်မှုများရှိနေကြောင်း သိရသည်။ ယမန်နေ့ ညနေပိုင်းကလည်း လွိုင်ကော်-ဒီးမော့ဆိုလမ်းပေါ်ရှိ စံပြ (၆) မိုင်တွင် ငွေတောင်ဘက်မှ တက်လာ သည့်စစ်အုပ်စုလက်နက်ကိုင် ၃၀ ခန့်အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့သည်။ 

• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးနှင့် ငွေတောင်ကျေးရွာကြား လမ်းမကြီးတစ်လျှောက်ရှိ Non CDM ရုံးများနှင့် စစ်အုပ်စုသတင်းပေးဒလန်အိမ်များအား ယနေ့နံနက် ၇ နာရီကျော်က ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF က ဖြိုချဖျက်ဆီး ခဲ့သည်။ ဒီးမော့ဆိုမြို့ပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေဦစီးဌာန၊ မြို့နယ်ဦးစီးအရာရှိရုံးဝန်းအတွင်းရှိ ရုံများလည်း မီးလောင်ပျက်စီးခဲ့သည်။ 

• လွိုင်ကော်မြို့နယ်၊ နိုးကိုးနှင့် ရေယိုသို့ သွားသည့်လမ်းတွင် အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက ဒေသခံတစ်ဦးအား လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းအား သေနတ်ဖြင့် ပစ်သတ်၍ အလောင်းအား လမ်းဘေးတွင် ပစ်ထားခဲ့သည်။ 

• မိုးဗြဲတွင် စစ်အုပ်စုအား လက်နက်ကိုင် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ယနေ့ထုတ် စစ်အုပ်စု၍ါဒဖြန့်သတင်းစာတွင် လက်နက်ကိုင်သောင်းကျန်းသူများဟု သုံးနှုန်းထားကာ စစ်အုပ်စုဘက်မှ အကျအဆုံး အများအပြား ရှိခဲ့သည့်သတင်းကိုမူ ထိန်ချန်ထားသည်။ 

ကရင်ပြည်နယ်

• မြဝတီမြို့တွင် ယမန်နေ့ ည ၈ နာရီကျော်အချိန်က အမှတ် (၅) ရပ်ကွက် လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့ရုံးနှင့် ခရိုင်ရုံးအကြားတွင် တစ်ကြိမ်၊ လူ/ကယ်/ပြန်ရုံးအနီးတွင် တစ်ကြိမ် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ 

• ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်တွင်းရှိ ကျောင်းအချို့တွင် ဒေသခံများက CDM တွင် ပါဝင်ပေးရန်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆေးနီများဖြင့် ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်

• တီးတိန်မြို့နယ်၊ ကနေဒီတောင်ပေါ်တွင် ဒေသခံလူငယ်များက တောင်ဇလပ်သပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကျောင်းအပ်လက်ခံမှု စတင်သည့် ယနေ့တွင် အ.ထ.က (၁) ထန်တလန်တွင် ကျောင်းအပ်သူ မရှိခဲ့ကြောင်း သိရသည်။ ထန်တလန်တွင် တပ်စွဲထားသည့် စစ်အုပ်စုတပ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ထန်တလန်နှစ်ခြင်းအသင်းတော် ဝတ်ပြုအစည်း အဝေးပွဲအပြီးတွင် မြို့ခံလူငယ်များနှင့် တွေ့ဆုံလိုကာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြရန်အတွက် ညှိနှိုင်းတောင်းဆိုမှု ပြုလုပ် ထားသည်။ 

ရှမ်းပြည်နယ်

• ရှမ်းတောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းရဲကင်းစခန်းရှိ လက်နက်ကိုင်ရဲတပ်ဖွဲ့များမှာ ယမန်နေ့ညပိုင်းက စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။ 

• ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းရွာတွင်လည်း ဒေသခံများက ကျေးရွာတွင်း အ.ထ.က ကျောင်း၌ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများ ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• နမ့်ခမ်းတွင် စစ်အုပ်စုအား အာခံ၍ ပြည်သူ့ဘက်ရပ်ကာ CDM ပြုလုပ် အာခံနေသည့် ပညာရေးဝန်ထမ်း ၆၇၃ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။ နမ့်ခမ်းမြို့ပေါ် ကျောင်းအချို့တွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများအား ဆေးနီများဖြင့် ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• လားရှိုးမြို့ခံ လူငယ်များက မြို့ပေါ်စျေးတစ်ခုတွင် ယနေ့နံနက်ပိုင်း ၅ နာရီခန့်က အာရုဏ်ဦးသပိတ်ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ကျောက်မဲမြို့ခံများကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ရခိုင်ပြည်နယ်

• ရခိုင်ပြည်နယ်တွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံမှုများ စတင်လက်ခံနေပြီဖြစ်ကာ ကျောင်းအပ်သူအချို့ လည်း ရှိနေပြီ ဖြစ်သည်။ 

နေပြည်တော်

• စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် အထောက်အပံ့ဖြစ်နေသည့် စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်အတွက် လုပ်ငန်းအမည်စာရင်းများအား အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ထုတ်ပြန်ထားသည်။

• ဖမ်းဆီးခံ သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အော်ဆန်းစုကြည်တို့အား ယနေ့ နေ့လယ်ပိုင်းတွင် သီးသန့်တရားရုံး ပြုလုပ်၍ ရုံးထုတ်စစ်ဆေးမည်ဖြစ်သည့်အတွက် နေပြည်တော်တွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေး တိုးမြှင့်ထားလျက် ရှိသည်။ သီးသန့်တရားရုံး၌ ရုံးထုတ်စဉ် ဒေါ်အောင်ဆန်းစုကြည်က “အားလုံးကျန်းမာစေဖို့ ဆုတောင်းပေးနေပါတယ်။ ပါတီကိုထောင်ထားတာလည်း ပြည်သူတွေအတွက် ထောင်ထားတာဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရှိနေသရွေ့ ပါတီရှိနေမှာပါလို့ အဲဒီလိုမှာပါတယ်ရှင့်” ဟု ပြောဆိုခဲ့သည်။ 

• လယ်ဝေးမြို့နယ်၊ အေးချမ်းသာရွာတွင်လည်း ဒေသခံများက ရွာရှိ အ.ထ.က ကျောင်းခွဲရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်းစာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ဖမ်းဆီးခံထားရသည့် NLD ပါတီမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၏ အမှုလိုက်ရှေ့နေ ဦးသိန်းလှိုင်ထွန်း အား နေပြည်တော်ကောင်စီဝင်း ဂိတ်တံခါးဝတွင် ဝင်ခွင့်သက်သေခံလက်မှတ်နှင့် မှတ်ပုံတင် လဲလှယ်နေစဉ် ရဲတပ်ဖွဲ့က ရန်ကုန်တွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်ဟု ဆိုကာ လက်ထိပ်ခတ်ဖမ်းဆီးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly