လူတော တိုးမလား၊ လူ့ အောက်ကျို့မလား ဆုံးဖြတ်ချိန် ရောက်ပြီ

လူတော တိုးမလား၊ လူ့ အောက်ကျို့မလား ဆုံးဖြတ်ချိန် ရောက်ပြီ

မေ ၂၄

စစ်အုပ်စုက အခြေခံပညာကျောင်းတွေကို ဇွန်လမှာ စဖွင့်ဖို့ စိုင်းပြင်းနေပါပြီ။ အခုလအတွင်းမှာလည်း တက္ကသိုလ် နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေကို ဖွင့်ခဲ့ပြီးပါပြီ။ ဒီလို လုပ်တာဟာ ကျောင်းသားလူငယ်တွေ ပညာတတ်ရေးထက် တည်ငြိမ်ပြီဖြစ်ကြောင်း ပြလိုရုံ သက်သက်သာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဖွင့်ထားပြီး တက္ကသိုလ်တွေမှာ လူမရှိသလို နယ်ပေါင်းစုံမှာလည်း ကျောင်းသားတွေကလည်း စစ်ကျွန်ပညာရေး အလိုမရှိလို့ ဆန္ဒပြနေကြပါတယ်။ ဒီတော့ ဒါဟာ ဘာကြောင့်ဖြစ်သလဲဆိုတာကို ပညာရေးဆိုင်ရာ အချက်အလက်တွေကနေ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

NLD လက်ထက် အတိုးချည်း ပြခဲ့တဲ့ အခြေခံပညာ

မြန်မာတနိုင်ငံလုံးမှာ အခြေခံပညာကျောင်းပေါင်း ၄၇၄၇၂ ကျောင်းရှိပြီး ၂၀၁၅-၁၆ ပညာသင်နှစ်ကစလို မူလတန်း၊ အလယ်တန်း၊ အထက်တန်းစုစုပေါင်းဦးရေဟာ တစစ တိုးတက်လာနေပြီး ၂၀၁၉-၂၀ ပညာသင်နှစ်မှာ ၉၁ သိန်းကျော်အထိ ရှိပါတယ်။ ၂၀၁၅-၁၆ ပညာသင်နှစ်မှာဆိုရင် ၈၈ သိန်းကျော်ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီကျောင်းသားဦးရေ တိုးလာတာနဲ့အမျှ သင်ကြားရေးဝန်ထမ်း (အခြေခံပညာအဆင့်) ဆရာ/ဆရာမ ဦးရေဟာလည်း လိုက်ပါတိုး တက်ခဲ့ပြီး ၂၀၁၅-၁၆ က သုံးသိန်းငါးသောင်းကျော်ရှိရာကနေ ၂၀၁၉-၂၀ မှာ လေးသိန်းသုံးသောင်းကျော်အထိ တိုးတက်လာခဲ့ပါတယ်။ ဒီအချက်အလက်ဟာ ကျောင်းသားဦးရေ တိုးလာတာနဲ့အမျှ အစိုးရက လိုအပ်တဲ့ သင်ကြားရေးဆရာ/ဆရာမတွေကို တိုးမြှင့်ခန့်ထားနိုင်ခဲ့တယ်ဆိုတာကို ပြနေတာ ဖြစ်ပါတယ်။ 

ဒီအချက်အလက်တွေဟာ စစ်အုပ်စု အာဏာမသိမ်းခင် NLD အစိုးရက ထုတ်ပြန်ခဲ့တဲ့ "၂၀၁၆ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် မတ်လအထိ "နိုင်ငံတော်အစိုးရ၏ (၄) နှစ်တာကာလအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များ" ပါ ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ 

သင်ရိုးသစ်ကို သင်နိုင်မှာလား

NLD အစိုးရလက်ထက် ပညာရေးစနစ် ပိုမိုကောင်းမွန်အောင်လို့ နိုင်ငံတကာ စံချိန်စံညွှန်းမီ သင်ရိုးတွေ ပြောင်းလဲခဲ့သလို ဒီသင်ရိုးတွေကို နားလည်သင်ကြားပေးနိုင်ဖို့အတွက် ဆရာ/ဆရာမတွေကို မွမ်းမံသင်တန်းပေါင်းများစွာ ပေးခဲ့ရပါတယ်။ သင်ရိုးသစ်အတွက်  ဆရာ/ဆရာမ ၁၅ သိန်းကျော်ကို ကျောင်းအတန်း Grade အလိုက်ခွဲပြီး သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို သင်တန်းပေးခံရတဲ့သူတွေထဲမှာ မူကြို KG တန်းကစလို့ Grade-10 အထိ ဆရာ/ဆရာမတွေ ပါဝင်ပါတယ်။ ဒီထဲမှာ အာဏာဖီဆန် CDM လုပ်လို့ အလုပ်က ထုတ်ခံရသူ၊ ယာယီရပ်ဆိုင်းခံရသူတွေ ပါဝင်မှာ ဖြစ်ပြီး ကျောင်းပြန်ဖွင့်တဲ့အခါ ဒီနေရာကို ဘယ်သူနဲ့ အစားထိုးသင်ကြားပေးနိုင်မှာလဲဆိုတာကို စစ်အုပ်စု ဘယ်လိုမှ ဖြေဆိုနိုင်မှာ မဟုတ်ပါဘူး။ 

NLD အစိုးရလက်ထက်မှာ ပညာရေးနဲ့ ပတ်သက်လို့ ဦးစားပေးလုပ်ငန်း ၁၂ ရပ် ချမှတ် လုပ်ကိုင်ခဲ့ရာမှာ သင့်လျော်သော ဆရာ-ကျောင်းသားအချိုး ရရှိစေရန် ဆောင်ရွက်ပေးခြင်းနဲ့ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း ဆိုတဲ့ အချက်ပါဝင်ခဲ့ပေမယ့် စစ်အုပ်စုကတော့ ကျောင်းပြန်ဖွင့်ပေးရေးနဲ့ သင်ကြားရေး ဝန်ထမ်း ပြည့်မီရေးကိုသာ ဦးတည်နေပါတယ်။ 

အဆင်မြင့်ပညာလည်း နောက်မကျခဲ့

မြန်မာနိုင်ငံမှာ ၂၀၁၅-၁၆ ခုနှစ်က တက္ကသိုလ်ပေါင်း ၁၂၈ ခုရှိခဲ့ရာကနေ ၂၀၁၈-၁၉ ပညာသင်နှစ်မှာ ၁၃၅ ခုအထိ တိုးတက်လာခဲ့ပါတယ်။ ကျောင်းသားဦးရေဟာလည်း ၈၂၀၀၀၀ ကျော် ရှိရာကနေ တစ်သန်းကျော်အထိ ရှိလာခဲ့ပြီး ဒါဟာ ဝိဇ္ဇာ/သိပ္ပံ၊ အဝေးသင်၊ နည်းပညာနဲ့ ကွန်ပျူတာအပါအဝင် ပညာရေးကောလိပ်တွေက ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ပါတယ်။ 


ဒီတက္ကသိုလ်ကျောင်းသားတွေအတွက် သင်ကြားရေးဝန်ထမ်းပေါင်းဟာ ၂၀၁၅-၁၆ ခုနှစ်က ၂၁၅၉၉ ဦးသာရှိပြီး အချိန်ပိုင်းနည်းပြနဲ့ သရုပ်ပြတွေ မရှိခဲ့သေးပါဘူး။ ဒါပေမဲ့ ကျောင်းသားနဲ့ ဆရာအချိုး ညီမျှအောင်အတွက် ဆရာ/ဆရာမတွေ တိုးမြှင့်ခန့်ထားခဲ့တာ ကြောင့် ၂၀၁၉-၂၀ ပညာသင်နှစ်မှာဆိုရင် ဆရာ/ဆရာမ ၂၂၅၄၄ ဦး ရှိလာပြီး ဒီထဲမှာ အချိန်ပိုင်းနည်းပြနဲ့ သရုပ်ပြဆရာ ၆၁၂ ဦးအထိ ခန့်ထားနိုင်ခဲ့ပါတယ်။ 


ကိုဗစ်ကြောင့် ပြီးခဲ့တဲ့စာသင်နှစ် တစ်နှစ်ကို ကျောင်းသားလူငယ်တွေ စွန့်လွှတ်ခဲ့ရပေမယ့် NLD အစိုးရလက်ထက်မှာ ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လုပ်ခဲ့ပါတယ်။ အရပ်ဝတ်လဲ စစ်အစိုးရ ဦးသိန်းစိန်လက်ထက်ကစလို့ ပညာရေးအသုံးစရိတ်ဟာ တစ်စထက် တစ်စ တိုးမြှင့်သုံးစွဲခဲ့တဲ့နေရာမှာ NLD အစိုးရလက်ထက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်ထက် ကိုးဆကျော် ပိုသုံးထားပါတယ်။ ဒီအသုံးစရိတ်ထဲမှာ ဆောက်လုပ်ရေးစီမံကိန်းသုံးငွေဖြစ်တဲ့ ငွေလုံးငွေရင်းထက် ဝန်ထမ်းလစာအပြင် တခြားရုံးလည်ပတ်ရေးအသုံးစရိတ်ပါဝင်တဲ့ သာမန်အသုံးစရိတ်က ပိုများခဲ့ပါတယ်။ ဒါဟာ ပညာရေးဝန်ထမ်းတွေအတွက် အများအ ပြား ကျခံသုံးစွဲထားတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ 

ကမ္ဘာ့အဆင့်တွေ ခုန်တက်ခဲ့တဲ့ အဆင့်မြင့်ပညာ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ပညာရေးအပေါ် အထူးအာရုံစိုက် ရင်းနှီးမြှုပ်နှံခဲ့တာကြောင့် မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွေမှာ အတက်ဘက်ကိုချည်း ပြခဲ့ပါတယ်။ စပိန်အမျိုးသားသုတေသနကောင်စီ - CSIC က ထုတ်ပြန်တဲ့ ကမ္ဘာ့တက္ကသိုလ်များအဆင့် သတ်မှတ်ချက် - Webomatrics Ranking အရ ရန်ကုန် တက္ကသိုလ်ဟာ ၂၀၁၆ ခုနှစ်တုန်းက အာဆီယံမှာ ၅၆၉ နဲ့ ကမ္ဘာ့မှာ ၁၃၀၇၂ သာရှိခဲ့ရာက ၂၀၂၀ ခုနှစ်မှာ အာဆီယံမှာ ၃၂၁ နဲ့ ကမ္ဘာ့အဆင့် ၇၁၁၆ အထိ မြင့်တက်လာခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ဟာလည်း ၁၀၉၀ နဲ့ ၂၀၇၀၁ ရှိကနေ ၄၈၁ နဲ့ ၉၇၂၂ အထိ မြင့်တက်ခဲ့သလို ပျဉ်းမနား ရေဆင်းတက္ကသိုလ်ဟာလည်း ၁၂၈၃ နဲ့ ၂၃၀၃၇ ရှိရာကနေ အာဆီယံအဆင့်မှာ ၈၆၆ နဲ့ ကမ္ဘာ့အဆင့်မှာ ၁၄၆၃၂ အထိ မြင့်တက်ခဲ့ပါတယ်။ 


တက္ကသိုလ်ကျောင်းသား CDM 

စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း သုံးလကျော်အကြာ မေလ ၅ ရက်မှာ တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ်နဲ့ မဟာတန်းတွေ ဖွင့်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျောင်းသားအများစုဟာ ကျောင်းစာသင်ခန်းတွေကို ကျောခိုင်းပြီး ဒီမိုကရေစီရရှိရေးအတွက် စစ်ကျွန်ပညာရေးကို လက်မခံခဲ့ပါဘူး။ ဖွင့်တဲ့ကျောင်းတိုင်းလိုလိုမှာ စာသင်ခန်းတစ်ခန်းစာတောင် မပြည့်ဘဲနဲ့ စစ်အုပ်စုက ကျောင်းတွေမှာ ကျောင်းသားတွေနဲ့ ပြန်တက်နေပါပြီလို့ ဝါဒဖြန့် လိမ်လည်ခဲ့ပါတယ်။ ဒါပေမဲ့ အားကောင်းတဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေက အချက်အလက်တွေ ကောက်ယူပြီး စစ်အုပ်စုလိမ်လည်မှုကို ချေဖျက်ခဲ့ကြပါတယ်။ စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှု မရှိသလောက် ဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်လိုမှာတောင် ရှိရင်းစွဲကျောင်းသားရဲ့ ထက်ဝက်ကျော် လောက်သာ ကျောင်းခန်းထဲ ဝင်ခဲ့ပြီး ချင်းပြည်နယ်၊ ဟားခါးတက္ကသိုလ်မှာတောင်ဆိုရင် ကျောင်းတက်မယ့်သူတောင် မရှိပါဘူး။

အခြေခံက ဆရာ CDM 

စစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက် အခြေခံပညာကျောင်းသားနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်းတွေက ကျောင်းမဖွင့်သေးတာကြောင့် ပြောင်းလဲမှု ကြီးကြီးမားမား ရှိ-မရှိကိုတော့ တွက်ချက်လို့ မရနိုင်သေးပါဘူး။ ဒါပေမဲ့ သင်ကြားရေးဝန်ထမ်း ဆရာတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေက ပြောင်းလဲနေပါပြီ။ စစ်အုပ်စုအောက် အလုပ်မလုပ်လိုဘဲ ပြည်သူနဲ့တသားတည်းရပ်တည်ပြီး အကြမ်းမဖက် အာဏာဖီဆန်မှု CDM လုပ်တဲ့ ဆရာ/ဆရာမတွေ အများကြီး ရှိနေပါတယ်။ စစ်အုပ်စုဘက်က မေလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျောင်းအပ်ခွင့်ပြုမယ်ဆိုပြီး ကြေညာထားပေမယ့် CDM လုပ်နေတဲ့ ဆရာ/ဆရာမတွေကိုလည်း စစ်အုပ်စုက အလုပ်က ထုတ်ပစ်တာ၊ ယာယီရပ်ဆိုင်းတာတွေက ကျောင်းဖွင့်ကာနီး ဇွန်လအတွင်း တစထက် တစ ပိုများလာပြီး တချို့ဒေသတွေမှာဆိုရင် မြို့နယ်တစ်ခုတည်းမှာ ဆရာ/ဆရာမ ၁၀၀၀ နီးပါးလောက် ဖြုတ်ပစ်တာတွေ လုပ်လာပါတယ်။ ဒါက ဘာကို ပြနေသလဲဆိုရင် ကျောင်းပြန်ဖွင့်ရင်တောင် စာသင်နိုင်တဲ့ ဆရာ/ဆရာမ မလုံလောက်တော့ဘူးဆိုတာ ပြနေတာ ဖြစ်ပါတယ်။ 

စစ်အုပ်စုဘက်က ကျောင်းပြန်ဖွင့်ဖို့အတွက် လိုအပ်နေတဲ့ ဆရာ/ဆရာမတွေနေရာမှာ တက္ကသိုလ်ဝင်တန်းအောင်နဲ့ ဘွဲ့ရတွေကို အလုပ်လာလျှောက်ကြဖို့အတွက် သက်ဆိုင်ရာ ရပ်ကျေး/မြို့နယ်နဲ့ မြို့နယ်ပညာရေးမှူးရုံးတွေကတစ်ဆင့် ခေါ်ယူမှုတွေ လုပ်နေရပါတယ်။ လာလျှောက်ကြသူတွေ ရှိပေမယ့် ဒီလူတွေဟာ သင်ကြားနဲ့ ပတ်သက်လို့ နကန်းတစ်လုံးတောင် နားမလည်သူတွေသာ ဖြစ်ပြီး နုနယ်ပြီး ကိုင်တွယ်ရ သိမ်မွေ့တဲ့ ကလေးငယ်တွေကို သင်ကြားမှုပေးနိုင်ဖို့ ဘယ်လိုမှ အာမ မခံနိုင်ဘူးဆိုတာ သေချာပါတယ်။  

နေရာစုံမှာ တော်လှန်ခံနေရတဲ့ စစ်ကျွန်ပညာရေး

စစ်အုပ်စုဘက်က အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပြန်ဖွင့်ဖို့ ကြိုးစားသလို တစ်ဖက်ကလည်း သင်ကြားရေးဝန်ထမ်းဆရာ/ဆရာမတွေကို အလုပ်က နားတာ၊ ထုတ်ပစ်တာ လုပ်ပစ်နေပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုရင် ကျောင်းသား/သူတွေကို ပညာတတ်စေလိုတာထက် တည်ငြိမ်တယ်ဆိုတာကို ပြချင်တာ၊ သူတို့ကို အာခံရင် ဒီလိုခံရမယ်ဆိုတာ ကြည့်ထားဆိုပြီး လုပ်ပြနေ တာပါ။ ဒါကြောင့်လည်း နိုင်ငံတစ်ဝန်းက သပိတ်တွေ၊ ဆန္ဒပြမှုတွေကို ကြည့်လိုက်ရင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ကြွေးကြော်သံတွေဟာ စစ်အာဏာရှင်စနစ် အပြီးတိုင်ဇာတ်သိမ်းရေး ကြွေးကြော်သံနဲ့အတူ သောသောညံနေတာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ သဘောထားကို ပြည်သူတွေက ကောင်းကောင်းကြီး နားလည်နေကြပါတယ်။

အရင်က ဆန္ဒပြသပိတ်တွေမှာ မပါခဲ့တဲ့ အခြေခံပညာအဆင့် ကျောင်းသားတွေဟာလည်း မိဘပြည်သူတွေနဲ့အတူ စစ်ကျွန်ပညာရေး ဆန့်ကျင်ကြောင်း လမ်းပေါ်တက် ဆန္ဒပြနေကြပါပြီ။ သန္ဓေမမှန်တဲ့ စစ်ကျွန်ပညာရေးကို ကျောင်းပညာရေး နောက်ကျမှထက် ပိုပြီး ကြောက်နေကြပါပြီ။ တစ်နှစ် နှစ်တန်းနှုန်းနဲ့ သင်မယ့် စစ်ကျွန်ပညာရေးစနစ်ဟာ ဘယ်လိုမှ ကောင်းမွန်အဆင်မြင့်တဲ့ ပညာရေး မဖြစ်နိုင်ဘူးဆိုတာကို ကျောင်းသားကော၊ မိဘကော နားလည်နေကြပါပြီ။ 

စစ်တပ် အလိုကျ ဖွင့်မယ့် ကျောင်းတွေမှာ ကလေးငယ်တွေအတွက် တတ်သိကျွမ်းကျင်တဲ့ ပညာရေးဝန်ထမ်းတွေ မရှိတော့သလို လက်သိပ်ထိုး ခေါ်ယူထားတဲ့ ဆရာ/ဆရာမတွေနဲ့ သင်ကြားမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးများမယ်ဆိုတာ မေးနေစရာကို မလိုတဲ့ အချက်ဖြစ်နေပါပြီ။ 

အမျိုးသားပညာရေးကျောင်းမှသည် အွန်လိုင်းပညာရေးသို့

မြန်မာပြည်ကို အင်္ဂလိပ်တွေ အုပ်စိုးစဉ်အခါက အင်္ဂလိပ်က ပေးတဲ့ ပညာရေးဟာ သူတို့အတွက် အစေခံသာ မွေးထုတ်ပေးမယ့် ကျွန် ပညာရေးမို့ တနိုင်ငံလုံးမှာ အမျိုးသားကျောင်းတွေ ဖွင့်ပြီး ပညာရေးကို အသက်ဆက်ခဲ့ဖူးပါတယ်။ ခေတ်ပညာတက်မှသာလျှင် မတရားအုပ်ချုပ်နေတဲ့သူတွေကို ပြန်တော်လှန်နိုင်မယ်ဆိုတဲ့ ပညာရေးအပေါ် အခြေခံတဲ့ တော်လှန်ရေးအမြင်တွေကြောင့် အမျိုးသား ကျောင်းတွေ ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ ပညာတတ်တွေ မွေးထုတ်ပြီး အင်္ဂလိပ်အစိုးရကို တော်လှန်ခဲ့တာကြောင့် မြန်မာပြည် လွတ်လပ်ရေးရခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ 

ဒီကနေ့ နွေဦးတော်လှန်ရေးကာလမှာလည်း စစ်ကျွန်ပညာရေးက တစ်ပတ်လည်ပြီး ရောက်လာပြန်ပါပြီ။ သင်ကြားရေးနဲ့ ပတ်သက်လို့ နကန်းတစ်လုံးတောင် နားမလည်သူတွေနဲ့ စစ်အုပ်စုက လူငယ်တွေကို စာသင်ဖို့ လုပ်နေပါပြီ။ ဒီစစ်ကျွန်ပညာရေးကို တွန်းလှန်ပြီး ကလေးငယ်တွေ ပညာရေး ရပ်တန့်မသွားဖို့ အမျိုးသားကျောင်းတွေ မလိုအပ်တော့ပါဘူး။ နည်းပညာသာလွန်တဲ့ခေတ်ကို ရောက် နေပါပြီ။ အွန်လိုင်းဗဟိုပြု သင်ကြားမှုစနစ်ကို တည်ဆောက်နိုင်သလို ပညာရေးအတွက် ဝန်ဆောင်မှုပေးတဲ့ ပုဂ္ဂလိကကျောင်းတွေ လည်း ရှိနေပါတယ်။ ပုဂ္ဂလိကကျောင်းတွေကတော့ သင်တန်းကြေးမြင့်မားတာကြောင့် နဂိုကတည်းက တက်ရောက်နိုင်သူ နည်းသ လို သူပေးနိုင်တဲ့ ဝန်ဆောင်မှုကလည်း အကန့်အသတ်နဲ့မို့ ဒီကနေ့ ကာလမှာ အွန်လိုင်းအခြေခံသင်ကြားမှုစနစ်ကသာ နိုင်ငံတစ်ဝန်း က ကျောင်းသားတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ 

ဒီကနေ့ ပိတ်ထားတဲ့ အင်တာနက်တွေ ပြန်ပွင့်နေပါပြီ။ သင်ကြားရေးအတွက် CDM ကြောင့် အလုပ်နားခံရ၊ ရပ်ဆိုင်းခံရတဲ့ အရည် အချင်းမီ ဆရာ/ဆရာမတွေ တပုံကြီး ရှိနေပါတယ်။ အင်တာနက် ခက်ခဲတဲ့ ဒေသတွေမှာ ရပ်ရွာအခြေပြုပညာရေးစနစ် - Community Based Education နဲ့ နေ့ကျောင်း၊ ညကျောင်းတွေကို ဖွင့်လို့ ရနိုင်နေပါပြီ။ ဒီစနစ်ကို ဦးဆောင်စတင်ပေးနိုင်မယ့် ယန္တရားတစ်ခု တည်ဆောက်ဖို့သာ လိုပါတယ်။ စစ်အုပ်စုလက်အောက် ခေါင်းတိုးပြီး စာဖတ်တတ်ရုံ၊ အော်ဟစ်မှတ်သားတတ်ရုံကျွန်ပညာရေးစနစ်အောက်မှာ စာသင်နေစရာ မလိုတော့ပါဘူး။ အတန်းတက်ပညာရေးစနစ်ထက် အရည်အချင်းအပေါ် အခြေခံတဲ့ ပညာရေးစနစ်ကို အသက်သွင်းနိုင်နေပါပြီ။ 

ဒါကြောင့် ကျောင်းသးလူငယ်တွေ၊ အထူးသဖြင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဘယ်လိုပညာရေးစနစ်အောက်မှာ ရှိနေစချင်တယ်ဆိုတာကို မကြာခင် ဆုံးဖြတ်ကြရပါတော့မယ်။ ကိုယ့်သားသမီးတွေကို နိုင်ငံတကာ ဝင်ဆံ့နိုင်တဲ့ အွန်လိုင်းပညာရေးစနစ် အောက်မှာ ထားရှိနိုင်ဖို့ ကြိုးစားကြမလား၊ ဒါမှမဟုတ် အစိမ်းရောင်စစ်အိင်္ကျီဝတ် ဘယ်သူလာလာ လက်အုပ်ချီ ကြိုပြီး ခိုင်းတာ လုပ်ရုံသာ နားလည်စေမည့် စစ်ကျွန်ပညာရေးစနစ်ထဲ သွတ်သွင်းမလားဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly