ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး၌ ပထမဆုံးအဖြစ် လူကိုယ်တိုင် ရုံးထုတ်

ဒေါ်အောင်ဆန်းစုကြည်အား တရားရုံး၌ ပထမဆုံးအဖြစ် လူကိုယ်တိုင် ရုံးထုတ်

မေ ၂၄

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး စစ်တပ်က NLD အစိုးရအား ဖြုတ်ချခဲ့ချိန်မှစကာ ပထမဆုံးအဖြစ် တနင်္လာနေ့က တရားရုံးကြားနာမှုတွင် ဒေါ်အောင်ဆန်းစုကြည်အား လူကိုယ်တိုင် ရုံးထုတ်ကြားနာခဲ့ကြောင်း သူ့ ရှေ့နေက ရိုက်တာသတင်းသို့ ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်ပုံရပြီး တရားရုံး မကြားနာခင် သူ့ရှေ့နေအဖွဲ့နှင့် မိနစ် ၃၀ ခန့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရှေ့နေ ဦးသဲမောင်မောင်က ပြောသည်။ 

ဒီမိုကရေစီ ထူထောင်ရေး ကြိုးပမ်းမှုများကြောင့် ၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံ ပြည်သူ ၄၀၀၀ ကျော်ထက်မနည်းတွင် အပါအဝင်ဖြစ်သည်။ walkie-talkie တရားမဝင် ပိုင်ဆိုင်မှုနှင့် နိုင်ငံတော်လျှို့ဝှက်ဥပဒေ ချိုးဖောက်မှု စသော စွဲချက်များဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုထားခြင်း ဖြစ်သည်။ 

ရှေ့နေအဖွဲ့နှင့် တွေ့ဆုံမှုအတွင်း ဖယ်ရှားခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူများ ကျန်းမာရေး ကောင်းမွန်ရန် ဆုတောင်းခဲ့ကြောင်း” နှင့် မကြာမီ ဖျက်သိမ်းခံရနိုင်သည့် သူ့၏ NLD ပါတီအကြောင်း မေးမြန်းပြောဆိုခဲ့ကြောင်း သိရသည်။ 

“ပါတီဟာ ပြည်သူတွေအတွက် တည်ထောင်ထားတာဖြစ်လို့ ပြည်သူတွေ ရှိနေသရွေ့ ပါတီကလည်း ရှိနေမှာ ဖြစ်တယ်ဆိုပြီး သူက ပြောပါတယ်”ဟု ဦးသဲမောင်မောင်က ရိုက်တာသို့ ပြောသည်။ 

မြန်မာစစ်အာဏာသိမ်းအုပ်စုက ခန့်အပ်သော ရွေးကောက်ပွဲကော်မရှင်သည် နိုဝင်ဘာရွေးကောက်ပွဲ၌ မဲမသမာမှုအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ကော်မရှင်ဝင်တစ်ဦးကို ကိုးကားပြီး သောကြာနေ့ မီဒီယာသတင်းများက ဖော်ပြသည်။  

နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ပါတီ အနိုင်ရသော ရွေးကောက်ပွဲကို မဲမသမာမှု ရှိသည်ဆိုရင်း စစ်တပ်က အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ စစ်တပ်၏ စွပ်စွဲချက်အား ယခင် ရွေးကောက်ပွဲကော်မရှင်က ပယ်ချထားသည်။ 

အာဏာသိမ်းပြီးနောက် ပထမဆုံး နိုင်ငံခြားမီဒီယာနှင့် အင်တာဗျူးတွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းကြောင်း ပြောဆိုပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲများအတွင်း လုံခြုံရေးတပ်များ၏ သတ်ဖြတ်ခံရသည့် ပြည်သူအရေအတွက်နှင့် ပတ်သက်ကာ အငြင်းပွားခဲ့သည်။ 

စစ်တပ်အာဏာသိမ်းချိန်မှစ၍ နေ့စဉ် ဆန္ဒပြမှုများ၊ စုရုံးချီတက်မှုများနှင့် အာဏာသိမ်းမှု ဆန့်ကျင်သော နိုင်ငံလုံးဆိုင်ရာ သပိတ်များဖြင့် မတည်မငြိမ်ဖြစ်နေသော မြန်မာနိုင်ငံတွင် အာဏာသိမ်းအုပ်စုက သေစေနိုင်သော အင်အားအသုံးပြုပြီး တုံ့ပြန်ရာ၌ ပြည်သူ ၈၀၀ ကျော်ထက်မနည်း သေဆုံးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီထောက်ပံ့ရေးအဖွဲ့အရ သိရသည်။ 

အထက်ပါ မေ ၂၀ အင်တာဗျူးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှန်သေဆုံးသည့် အရေအတွက်မှာ ၃၀၀ ခန့်သာ ရှိပြီး ရဲ ၄၇ ဦးလည်း သေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly