ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မေ ၂၄

ပြည်သူရှိနေသရွေ့ ပါတီရှိမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့တရားစွဲဆိုခြင်းကိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဉက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုလိုက်ပါတယ်။

ဒီကနေ့ မေလ ၂၄ ရက်နေ့ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် အမှုကိစ္စတွေ့ဆုံခွင့်ရတဲ့အချိန် သူ့ရဲ့ရှေ့နေတွေကိုပြောဆိုခဲ့တာပါ။ 

“ အချိန်ကမလောက်တော့ အပြေးအလွှားပြောရတဲ့အချိန်မှာ အပြင်ကအခြေအနေကိုလည်း မသိရတဲ့သဘောရှိပါတယ်။ စပြီးထိန်းသိမ်းသွားထဲက ဖုန်းလဲမရ၊ အင်တာနက်လိုင်းလဲမရတဲ့အချိန်မှာ မသိဘူးဆိုတဲ့သဘောတော့ရှိတယ်။ ဒါပေမယ့် သူကပြည်သူတွေကိုပြောပါတယ်။ ကျန်းမာအောင်နေကြပါ။ NLD ကိုပြည်သူအတွက်ဖွဲ့ထားတာဖြစ်လို့ ပြည်သူရှိနေသရွေ့ NLD ရှိမှာပါလို့ သူကပြောပါတယ်” လို့ အတိုင်ပင်ခံရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့အမှု ၆ မှုရှိလို့ တစ်မှုကို ၅ မိနစ်လောက်ပဲဆွေးနွေးခွင့်ရခဲ့တယ်လို့လဲ သူကဆိုပါတယ်။ ဒါကြောင့် နောက်တစ်ခေါက်တွေ့ခွင့်ရဖို့အတွက်ကို တောင်းဆိုပေးဖို့ ရှေ့နေတွေကို အတိုင်ပင်ခံကပြောခဲ့သေးတယ်လို့လဲသိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပြင် သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့ပါ သူတို့ရှေ့နေတွေက နာရီဝက်စီတွေ့ခွင့်ရခဲ့တာပါ။ ဒီ့အပြင် သုံးဦးစလုံး ကျန်းကျန်းမာမာရှိနေတယ်လို့လဲ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။ နောက်ရုံးချိန်းကိုတော့ ဇွန်လ ၇ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required