တပ်မတော်ကိုခုတုံးမလုပ်ရန် ပြည်ခိုင်ဖြိုးအပါအဝင် ဒုတိယရသည့်ပါတီများကို မိုက်ကယ်ကျော်မြင့် သတိပေး

တပ်မတော်ကိုခုတုံးမလုပ်ရန် ပြည်ခိုင်ဖြိုးအပါအဝင် ဒုတိယရသည့်ပါတီများကို မိုက်ကယ်ကျော်မြင့် သတိပေး

မေ ၂၄

အမျိုးသားရေးလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒုတိယရသည့်ပါတီများအနေဖြင့် စစ်တပ်ကို ခုတုံးမလုပ်ရန် သတိပေးလိုက်သည်။

သူ၏ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် မေ ၁၅ ရက်နေ့က တင်ထားသော ဗီဒီယိုတစ်ခုတွင် "ခင်ဗျားတို့ကိုယ့်စောက်ကြောင်းတွေ ကိုယ်သိ။ တပ်မတော်ကို ခုတုံးလုပ်ပြီး နိုင်ငံရေးကစားမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ ပါတီတွေ စောက်ရှက်ကွဲမယ်နော် သတိထား။ တပ်မတော်ကို ခုတုံးလုပ်ပြီး လုပ်စားချင်ပါတယ်ဆိုတဲ့ လူတစ်ဦးချင်း၊ ပါတီအစုအဖွဲ့ တစ်ခုချင်း၊ စောက်ရှက်ကွဲမယ်နော်။ ပြည်သူတွေဘာမှမသိပါဘူး၊ ငါတို့ပြောတဲ့လမ်းကြောင်းအတိုင်း ငါတို့ပေးတဲ့အတိုင်း လမ်းအတိုင်းသွားရမှာပဲဆိုတဲ့ အချိုးမျိုး မချိုးနဲ့" ဟု ပြောထားသည်။ 

ထိုသို့ပြောဆိုမှုသည် မည်သည့်နိုင်ငံရေးပါတီကို ရည်ညွှန်းပါသလဲဟု  မဇ္ဈိမက မေးမြန်းရာတွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ရွေးကောက်ပွဲတွင် ဒုတိယနေရာရခဲ့သည့် ပါတီများကို ရည်ညွှန်းပြောဆိုတာ ဖြစ်ကြောင်း ဝန်ခံသည်။

'' ပြည်ခိုင်ဖြိုးပါတီအပါအဝင် ဒုတိယရတဲ့ မည်သည့်ပါတီမဆို ပြောတာပါ။ ဒီဖြစ်သွားတဲ့အဖြစ်အပျက်ပေါ်မှာမှီခိုပြီးတော့ NLD ကတော့ သူ့အပြစ်သူသွား၊ ငါတို့ကတော့ ဒုတိယနေရာမှာရတဲ့အတွက် ငါတို့တွေ အာဏာခွဲဝေပြီးတော့ အစိုးရဖွဲ့မယ်ဆိုတာမျိုးတွေကို ရည်ရွယ်ပြီး ပြောတာပါ ''  ဟု သူ့အပေါ်စွဲဆိုထားသော အမှုသုံးမှုကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးခဲ့၍ ထောင်မှလွတ်လာတာ မကြာသေးသော မိုက်ကယ်ကျော်မြင့်က ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦးဖြင့် စံချိန်တင် နိုင်ခဲ့ပြီး ဒုတိယနေရာတွင်တော့ ၇၁ ဦးဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရှိသည်။ 

သို့သော် NLD ၏လွှတ်တော်ခေါ်ယူမည့်နေ့  နံနက်အာရုံတက်ချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းလိုက်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့လို့ဟု အကြောင်းပြသည်။

မေလ ၁၅ရက်က နေပြည်တော်တွင် အာဏာသိမ်းစစ်ကောင်စီက သတင်းစာရှင်းပွဲပြုလုပ်ရာ ရှေ့နေတစ်ဦးက မေးမြန်းသော ဒုတိယရသည့်ပါတီများဖြင့် လွှတ်တော်ဖွဲ့ရန် ရှိ၊ မရှိ မေးခွန်းအပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က ထိထိရောက်ရောက် ပြန်လည်မဖြေနိုင်ဟုဆိုကာ မိုက်ကယ်ကျော်မြင့်က ဝေဖန်ခြင်းဖြစ်သည်။ 

"မဲလိမ် မဲခိုးပြသနာတွေကို ဥပဒေနဲ့အညီဖြေရှင်းပြီးသွားရင် ရွေးကောက်ပွဲ အသစ်ထပ်မံပြန်လည်ကျင်းပပေးပါမယ်လို့ တရားဝင်ကြေညာထားလျက်က ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမယ်လို့ ကာကွယ်ရေးဦးစီးချုပ်က အထပ်ထပ်အခါခါပြောနေတာကို
ရွေးကောက်ပွဲပြန်လုပ်ပေးမှာလားတို့၊ ဒါမှမဟုတ် စစ်ဆေးပေါ်ပေါက်ချက်အရ အပြစ်ရှိတဲ့သူကိုဖယ်ပြီး ဒုတိယရတဲ့သူကို ပထမပေးပြီး လွှတ်တော်ဖွဲ့မှာလားဆိုတဲ့မေးခွန်းတွေက ဘာတွေလဲ။ နိမတ်ပြမေးခွန်းတွေလား။ ဖြေတဲ့သူကလည်း နစကမှာ တာဝန်ရှိတဲ့နေရာ ရွေးကော်မှာနေပြီးတော့ နစကရဲ့ဦးတည်ချက် မူဝါဒတွေကို သွေဖီတယ်၊ ထိထိရောက်ရောက်မဖြေနိုင်ဘူး''ဟု ဗီဒီယိုထဲတွင်ပါရှိသည်။ 

လူသိနည်းလှသော အခြေခံလူတန်းစားမြင့်မားရေး ပါတီ ( YDP)တွင် မိုက်ကယ်ကျော်မြင့်က ဥက္ကဌဖြစ်ပြီး သူ၏ဇနီးဖြစ်သည်မှာ ဒုတိယဥက္ကဌဖြစ်သည်။

သူ၏ နိုင်ငံရေး မဟာမိတ်ဆက်ဆံရေးနှင့်ပတ်သက်၍ မေးမြန်းရာတွင်  "အစ်ကိုမှာ မဟာမိတ်ဆက်ဆံရေးဆိုတာ မရှိဘူး။အသွင်တူတာလေးတွေရှိတဲ့အချိန်မှာ အစ်ကိုတို့ပေါင်းပြီး လုပ်ဆောင်တာတွေရှိတယ်။ နိုင်ငံရေးမှာ မဟာမိတ်ဆိုတာက ဘယ်ပါတီနဲ့မှ အစ်ကိုမှာ မရှိဘူး။ အစ်ကိုတို့ တူတာလေးတွေကို တွဲလုပ်တယ်။ ဒါပေမယ့် ဘယ်သူနဲ့မှ ဘယ်အချိန်အထိ ပေါင်းပါမယ် သင်းပါမယ်၊ ကြိုတင်သဘောတူချက်တွေ ဘယ်သူနဲ့မှ မရှိဘူး" ဟု ဖြေကြားသည်။  

စစ်တပ်သည် နိုင်ငံရေးပါတီ၏ နောက်မြီးဆွဲဖြစ်လာပါက ဆက်လက် ထောက်ခံမည် မဟုတ်ဟု အမျိုးသားရေးသမားများဟု သူတို့ဘာသာတံဆိပ်ကပ်သူများ၏ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သို့ပေးအပ်မည်ဆိုသည့် အမှတ်တရ ကျောက်တိုင်သွန်းလောင်းခဲ့ဖူးသူ မိုက်ကယ်ကျော်မြင့် က ပြောသည်။

"ပါတီရဲ့ နောက်မြီးဆွဲဖြစ်ခဲ့ရင်လည်း ကျုပ်တို့ တပ်မတော်ကို ထောက်ခံမှာ မဟုတ်ဘူး။ လက်ရှိတပ်မတော်ကို ထောက်ခံနေတာ ဘယ်ပါတီရဲ့ လောင်းရိပ်အောက်မှ မနေဘဲ နိုင်ငံသားအကျိုးစီးပွား အမျိုးသားအကျိုးစီးပွားကို လုပ်ဆောင်နိုင်မယ်လို့ တပ်မတော်ကို ယုံကြည်လို့ ထောက်ခံနေတာ'''ဟု ဆိုသည်။

သူ၏ဖေ့စ်ဘွတ်တွင် တပ်မတော်အနေဖြင့် နိုင်ငံရေးပါတီတစ်ရပ်ကိုထူထောင်သင့်သည်ဆိုသော အကြံပေးမှုများကို ထောင်ကထွက်လာပြီး ခပ်စိတ်စိတ်ရေးသားခဲ့သည်။

 " ဦးနေဝင်းလည်း ပါတီတစ်ခုတည်ထောင်ခဲ့သလို ဦးသန်းရွှေတုန်းကလည်း ပါတီတစ်ခု တည်ထောင်ခဲ့ရတယ်။ ဒါဆိုရင်အခု တို့ချစ်တဲ့တိုင်းပြုပြည်ပြု ခေါင်းဆောင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်အတွက်ရော ၁၀၀% စွမ်းဆောင်ပေးနိုင်မဲ့ ၂၁ ရာစုတပ်မတော်မှတည်ထောင်သောနိုင်ငံရေးပါတီတစ်ခုမရှိသင့်ဘူးလား။ခင်ဗျားတို့အမြင်ပြောပါဦး။ ကျုပ်ကတော့ရှိသင့်ပြီလို့ ထင်ပါတယ်။" ဟု သူ၏ပို့စ်တစ်ခုတွင်ပါရှိသည်။

မိုက်ကယ်ကျော်မြင့်သည် မူဆလင်များအပေါ် ဦးတည်ကာ ဘာသာရေးအဓိကရုဏ်းဖြစ်အောင်လှုံ့ဆော်မှုဖြင့် ထောင်ကျဖူးပြီး NLD အစိုးရလက်ထက်ကဖြစ်သည့် နောက်ဆုံးအကြိမ် တရားစွဲဆိုခံရမှုများတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ၊ ၁၂၄ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၂ဝ များပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly