နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၃ မေ ၂၀၂၁)
ပုံ - မေလ ၂၃ ရက်၊ ထားဝယ်မြို့ လောင်းလုံမြို့နယ်ရှိ လူငယ်များ၏ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• အင်းစိန်မြို့နယ်တွင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ ညပိုင်းတွင် ဝင်ရောက် စီးနင်းကာ မသန်စွမ်းတစ်ဦးအပါအဝင် သုံးဦးအား ဖမ်းဆီးသွားသည်။ 

• မင်္ဂလာဒုံတွင် ကျောင်းမတက်ရေး လှုံဆော်စာကပ်သူ အသက် ၁၆ နှစ်အရွယ် မဆောင်းသဇင်နွယ်အား စစ်အုပ်စုဘက်က အသက်ပြည့်ပြီဟုဆိုကာ အရေးယူမည်ဟု ၎င်းတို့၏ ဝါဒဖြန့်သတင်းများတွင် ဖော်ပြထားသည်။ မဆောင်းသဇင်နွယ်အား ယမန်နေ့ နံနက်ပိုင်း ၆ နာရီခန့်က အမှတ် (၆) အ.ထ.က ကျောင်းတွင် လှုံ့ဆော်စာကပ်နေစဉ် ကျောင်းစောင့်ဦးမြင့်လွင်က တိုင်ကြားသဖြင့် စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက်ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ 

• မြောက်ဥက္ကလာပ၊ (စျ) ရပ်ကွက်၊ စက္ကဝတ် (၆) လမ်းနေ ရာအိမ်မှူး ဦးရဲထွဋ်မှာ ယမန်နေ့ညပိုင်း ၁၀ နာရီခွဲခန့်က ဓားထိုးခံခဲ့ရ၍ မြောက်ဥက္ကလာဆေးရုံတွင် ကုသမှု ခံယူနေရသည်။ ၎င်းအား ဓားဖြင့်ထိုးသွားသူအား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းဖမ်းဆီးရာ မတွေ့ရှိသဖြင့် နေအိမ်ရှိ ဖခင်နှင့် ညီဖြစ်သူတို့အား ရိုက်နှက်၍ ဖမ်းဆီးသွားကြောင်း သိရသည်။ 

• ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းသားများက လူစည်ကားရာ စျေးများတွင် ကြက်ခြေခတ်ထားသည့် စစ်အုပ်စုခေါင်းဆောင်ပုံများနှင့် စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများမှ ထုတ်ကုန်ပုံများကို စျေးလမ်းမများ၌ ဖြန့်ခင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်တိုင်းတွင်း မြို့နယ်အချို့တွင် စာသင်ကျောင်းလုံခြုံရေးဟုဆိုကာ စစ်အုပ်စုက ရပ်ကွက်နေပြည်သူများအား လုပ်အားပေးခိုင်းစေမှုများ ပြုလုပ်လျက် ရှိသည်။

• ရွှေပြည်သာမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ကျဆုံးရေးအတွက် ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းကျေးရွာအုပ်စုရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအတွက် ဟုဆိုကာ အဆောင်ဖွင့်ထားသူများအား အစည်းအဝေးခေါ်ယူ၍ အဆောင်ခန်း ၁၀ ခန်းလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် လစဉ် ပေးဆောင်ရမည်ဟု ဖိအားပေး ပြောဆိုခဲ့ကြောင်း သိရသည်။ အစည်းအဝေးခေါ်ယူစဉ်ကလည်း အဆောင်ဖွင့်ထားသူများကိုသာ ခေါ်ယူခဲ့ခြင်းဖြစ်ကာ အဆိုပါအစည်းအဝေးသို့ အဆောင်ပိုင်ရှင် ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ 

• ရွှေပြည်သာမြို့နယ်နေ လူငဘ်များကလည်း မင်းတပ်မြို့အတွက် ဆုတောင်းပေးကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်း ပြသခဲ့သည်။ 

• လှိုင်မြို့နယ်၊ (၃) ရပ်ကွက်၊ အေးရိပ်မွန် (၄) လမ်းထိပ်ရှိ CP ကြက်ကြော်ဆိုင်အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ထိခိုက်မှုမရှိခဲ့သော်လည်း လက်နက်ကိုင်စစ်အုပ်စုလုံခြုံရေးများက စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• နေ့လယ် ၂ နာရီခွဲခန့်က ရန်ကုန်မြို့ အနော်ရထာလမ်း (၄၅ နှင့် ၄၈ လမ်းကြား) တွင် ပေါက်ကွဲသံနှစ်ချက် ကြားခဲ့ရပြီး မည်သည့်နေရာတွင် ဖြစ်ပွားသည်ကို စုံစမ်းဆဲ ဖြစ်သည်။ 

• ရန်ကုန်မြို့ ပုဇွန်တောင်နှင့် တာမွေမြို့နယ်များတွင် စစ်အုပ်စုလက်နက်ကိုင်များ ခြေရှုပ်လျက်ရှိကာ မြို့နယ်ထွေအုပ်ရုံးများ တွင်လည်း စခန်းချ လုံခြုံရေးယူထားလျက် ရှိသည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေး၊ ၆၂ လမ်းပေါ်ရှိ ပြည်ကြီးတံခွန်ရဲစခန်းအား ယမန်နေ့ည ၈ နာရီခွဲကျော်ခန့်တွင် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက လက်လုပ်ဗုံးပစ်သွင်းခဲ့ကာ စစ်အုပ်စုလက်နက်ကိုင် လုံခြုံရေးများက သေနတ်ဖြင့် အချက် ၂၀ ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု မန္တလေးမြို့ခံတစ်ဦးက ညနေပိုင်းတွင် အတည်ပြု ပြောဆိုသည်။ 

• မန္တလေး၊ မတ္တရာမြို့နယ်အရှေ့ပိုင်း ကျေးရွာဒေသခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ရှေးဟောင်းပုဂံဒေသ ညောင်ဦးတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းများပေါ်တက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သာစည်မြို့နယ်တွင်းရှိ ပြည်သူများအတွက် ပြုလုပ်ထားသည့် အားကစားကွင်းနေရာများတွင် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်းစာများကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• မန်းစျေးချိုတော်နှင့် တိုက်တန်းကြီးစျေးတွင် မေလ ၂၄ ရက် နောက်ဆုံးထား စျေးဖွင့်ရန်နှင့် မဖွင့်ပါက ဆိုင်ခန်းအား စည်ပင်ပိုင်သိမ်းမည်ဟု အသိပေးစာများ ကပ်ထားလျက်ရှိသည်။ 

• မန်းတပ်ပေါင်းစုတွင် ပါဝင်သည့် သပိတ်စစ်ကြောင်းများကလည်း ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လက်ဖက်ရည်ဆိုင်သပိတ် ပြုလုပ်ခဲ့သည်။ 

• မန်း အမရပူရ ကျောင်းသားသမဂ္ဂနှင့် ပညာရေးမိသားစု၊ ကျောင်းသား၊ ပြည်သူများ စုပေါင်းကာ စစ်အုပ်စုလက်နက်ကိုင် များက မြို့အနှံ့လုံခြုံရေးယူထားသည့်ကြားကပင် လမ်းများေါပ်တက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်စျေးကျောင်းအနီးတွင် နေ့လယ် ၁၁ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ စစ်အုပ်စုလက်နက်ကိုင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ညပိုင်းကလည်း မိုးကုတ်၊ မင်းတံတားရပ်ကွက်တွင် စစ်အုပ်စုလက်နက်ကိုင်များက တစ်အိမ်တက်ဆင်းရှာဖွေပြီးနောက် အခြားရပ်ကွက်မှ တိမ်းရှောင်လာသူ လူငယ်လေးဦးအပါအဝင် ငါးဦးကို ဖမ်းဆီးသွားသည်။ 

• မြင်းခြံပင်မသပိတ်စစ်ကြောင်းကလည်း စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် လမ်းမများ ပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် ဖယ်ဒရယ်ဒီမိုကရစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• တောင်သာမြို့နယ်နေ လူငယ်များကလည်း "တစ်ကျောင်းလုံးမှာ CDM ပါတဲ့ ဆရာမတစ်ယောက်ဘဲတဲ့။ သိပ်ကို ဂုဏ်ယူရပါတယ် အ.ထ.က တောင်သာရယ်" ဟု ရေးသားထားသော စာရွက်များကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ပြင်ဦးလွင်နေ မြို့ခံများကလည်း "ငါတို့ ဘယ်တော့မှ သွေးမအေးဘူး" အပါအဝင် စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်ငယ်များအား အိုးများတွင် စိုက်ထူကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ထန်းတပင်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက ပြည်သူများနေထိုင်ရာ ရပ်ကွက်များအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဦးမျိုးဆိုသူ ကျည်ထိမှန်ခဲ့ပြီး ၎င်းအား ဒဏ်ရာများဖြင့်ပင် စစ်အုပ်စုက ခေါ်ဆောင်သွားရာမှ သေဆုံးသွားခဲ့သည်။ 

• ပဲခူး၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်များတွင် စစ်အုပ်စုသြဇာခံ ထွေအုပ်များက ကျောင်းလုံခြုံရေးအတွက်ဆိုကာ ရပ်ကွက်နေပြည်သူများအား အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ကင်းမစောင့်နိုင်သည့်အိမ်များအား တစ်အိမ်လျှင် ၅၀၀၀ ကျပ် တောင်းယူနေသည်ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကနီမြို့နယ်၊ မျှိုင်းရွာအနီးတွင် ယမန်နေ့မနက်ပိုင်းက အရပ်ဝတ်လက်နက်ကိုင်များ တင်ဆောင်လာသည့်စစ်ကား နှစ်စီး အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်စီးတိမ်းမှောက်ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ပြီးနောက် တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ၆၀ ဦးခန့် သေဆုံးခဲ့သည်ဟု သိရပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးကျဆုံး ကာ ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်အုပ်စုဘက်မှ သေဆုံးသူအရေအတွက်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ 

• ကသာမြို့နယ်၊ အစုကြီးကျေးရွာတွင် ယနေ့ နံနက် ၃ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ပစ်ဖောက် ခြိမ်း ခြောက်ကာ လူအမည်များပါ စာရွက်ကိုင်ဆောင်၍ လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီး ခံခဲ့ရသည်။ 

• ဆားလင်းကြီးမြို့နယ်၊ အထက်တန်းကျောင်းများတွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများ ရေးသား၍ စာရွက်များကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ကျွန်စနစ်ဆန့်ကျင်ရေးစာများအား အကြမ်းဖက်စစ် အုပ်စုလက်ပါးစေများက မကြာခင်မှာပင် ဆေးသုတ်၍ လာရောက်ဖျက်သွားခဲ့သည်။ ဆားလင်းကြီး၊ ကံကုန်းရွာတွင်လည်း ပညာရေးဝန်ထမ်းနှင့် ကျောင်းသား/သူများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ် ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာများမှ ရွာခံလူထုက အင်အား ရာနှင့်ချီစုပေါင်းကာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ယင်းမာပင်မြို့နယ်၊ တရော်ကျင်းကျေးရွာတွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့နံနက်ပိုင်းတွင် ကျေးရွာတွင်းနေ ပြည်သူများအိမ်အား ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။ ယင်းမာပင်ခရိုင်၊ ကျောက်မှော်ကျေးရွာနေ ပြည်သူများကလည်း အ.ထ.က (ကျောက်မှော်) ကျောင်းဆိုင်းဘုတ်တွင် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း စာများကပ်ကာ လူမဲ့သပိတ်ပြုလုပ် ခဲ့သည်။ 

• ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နေ တောင်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ ကန့်ဘလူ၊ ရီးဒွေးကျေးရွာတွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက ကျေးရွာများအတွင်း ဝင်ရောက်အကြမ်းဖက်မှုကြောင့် ဒေသခံ များ ရှောင်တိမ်းနေရပြီး မေလ ၂၂ ရက်ကစ၍ ရွာတွင်း တပ်စွဲထားကာ ကျန်နေသေးသည့် ဒေသခံများအား စစ်ဝတ်စုံ ဝတ် ခိုင်း၍ ရွာထိပ်တွင် လုံခြုံရေးကင်းချထားသည်ဟု သိရသည်။ 

• ကောလင်းနေ လူငယ်များက လုံခြုံရေးအခြေအနေကြောင့် လမ်းပေါ်တက် သပိတ်ပြုလုပ်ရန် ခက်ခဲနေသည့်အတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ကာ အိမ်တွင်းသပိတ်ပြုလုပ်၍ စစ်အုပ်စုအား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ကလေးမြို့တွင်လည်း ဒေသခံလူငယ်များက "ငါတို့အတွက် ရောင်နီ မင်းတို့အတွက် မှောင်ပြီ" ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများအား အလေးပြုကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• တန့်ဆည်မြို့လူထု သပိတ်စစ်ကြောင်းကလည်း အင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သည်။ တန့်ဆည်မြို့၊ မဟာမြိုင်ရပ်ကွက်နေ ဦးသိန်းဆွေအောင် (ခ) မောင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်ချောစုတို့မှာ ယနေ့နံနက်ပိုင်းက ၈ နာရီကျော်ခန့်က အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မောင်စိုးမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ကုသမှု ခံယူနေရသည်ဟု သိရပြီး သေဆုံးသူမှာ စစ်အုပ်စုသတင်းပေးဟု အများက သတ်မှတ်ထားသူ ဖြစ်သည်။ 

• မုံရွာ ပင်မသပိတ်စစ်ကြောင်းကလည်း အာရုဏ်ဦးသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ နေ့လယ်ပိုင်းတွင်လည်း ပင်မသပိတ်စစ်ကြောင်းနှင့် လယ်ဇင်ရွာ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အင်အား ရာနှင့်ချီ စုဝေး၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်ကိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ချင်းတွင်မြစ်ကူးတံတားတွင် လုံခြုံရေးယူထားသည့် စစ်အုပ်စုကင်းစခန်းအား ယမန်နေ့ည ၁၀ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရာ ရဲတစ်ဦးသေဆုံးကာ စစ်သားတစ်ဦး သေလောက် သည်အထိ ဒဏ်ရာရရှိခဲ့သည်ဟု သိရပြီး ဖြစ်ပွားပြီးနောက်ပိုင်း ရဲနှင့် စစ်ကားများက တစ်မြို့လုံးပတ်၍ လှည့်လည်စစ်ဆေး လျက်ရှိခဲ့သည်။ 

• စစ်ကိုင်း၊ ဟုမ္မလင်းတွင် NLD ကိုယ်စားလှယ်နှစ်ဦးနှင့် NLD ထောက်ခံသူ ၁၀ ဦးအား ဟုမ္မလင်းပျူစောထီးအဖွဲ့က ယနေ့နံ နက်ပိုင်းတွင် ခြိမ်းခြောက်စာ ပေးပို့လာကာ မြို့ပေါ်ရှိ ပြည်သူပိုင်ပစ္စည်းများ၊ အဆောက်အဦများ၊ စာသင်ကျောင်းနှင့် ဆေးရုံများ တစ်ခုခုဖြစ်ပါက ၎င်းတို့၏ နေအိမ်၊ မိသားစုဝင်များနှင့် ပိုင်ဆိုင်မှုများအား ပြန်လည်တိုက်ခိုက်မည်ဟု ပါရှိသည်။ 

• ဒီပဲယင်းမြို့နယ်၊ ဆင်ရောက်ကြီးရွာ လူငယ်နှင့် ပညာရေးဝန်ထမ်းများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• ရွှေဘိုမြို့နယ်၊ ဆိပ်ခွန် ပင်မသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပုလဲမြို့၊ မင်းမအရှေ့ရွာ လူငယ်များကလည်း စစ်ကျွန်ပညာရေ အလိုမရှိကြောင်း အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နယ်၊ သာလင်းရွာနေ သံဃာ၊ ကျောင်းသားနှင့် မိဘပြည်သူများက စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြိုင်မြို့နယ် ပြည်သူများကလည်း အင်အားရာနှင့်ချီ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာများတွင်း လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ 

• အောင်လံမြို့နယ်၊ ပစ္စဉ်တိုင်းကျေးရွာရှိ အခြေခံပညာကျောင်းတွင်လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ရေးသားကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ကမ္မမြို့နေ လူထုကလည်း သံဃာတော်များ၊ ပညာရေးဝန်ထမ်းများအား ဦးဆောင်စေကာ အင်အားရာနှင့်ချီ စုပေါင်း၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများလည်း မြို့ပေါ်စျေးနေရာများ၌ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ် ပင်မသပိတ်စစ်ကြောင်းကလည်း မြို့နယ်ရပ်ကွက်များတွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ ထားဝယ်တောင်ပိုင် ကျေးရွာစုံသပိတ်စစ်ကြောင်းကလည်း ကျေးရွာများတွင်း လှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ်ကာ ဆန္ဒပြတော်လှန်ခဲ့သည်။ ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ညင်းမော်၊ ကဒက်ငယ်ထိန်၊ ကဒက်ကြီး၊ ပန်းဒလဲ၊ မောင်းမကန်၊ ဝေဒီ၊ စစ်ပြဲကျေးရွာများကလည်း ကျေးရွာသပိတ်စစ်ကြောင်းကိုယ်စီဖြင့် လမ်းမ များပေါ်တက်ကာ စစ်အာဏာရှင်စနစ် အဆုံးတိုင်ကျဆုံးရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ မဲမော်ကျေးရွာတွင်လည်း ရွာခံပြည်သူ ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ 

• တနင်္သာရီမြို့နယ်၊ ကျားခေါင်းကျေးရွာတွင်လည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့နယ်တွင် စစ်အုပ်စုအား အာခံ၍ ပြည်သူ့ဘက်ရပ်ကာ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၂၈၅ ဦးအား တာဝန်မှ ယာယီရပ်ဆိုင်းထားသည်။ 

• ပုသိမ်ခရိုင်တရားရုံးတွင် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး တရားလိုပြုလုပ်ကာ NLD အမတ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၈ ဦးကို နိုင်ငံတော်ပုန်ကန်မှုများဖြင့် တရားစွဲဆိုထားသည်။ 

• ဇလွန်မြို့နယ်နေ လူငယ်များကလည်း "အမှန်တရားဘက်က အဆုံးထိတိုက်မယ်"၊ "ငါတို့ GZ တွေက မင်းတို့အတွက် သေမင်း" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• မြောင်းမြ ပညာရေးကောလိပ် ကျောင်းသားများကလည်း စစ်ကျွန်ပညာရေး အလိုမရှိ၊ ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ရေးသားထားသော စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်းစာများအား လမ်းဘေးအကာ ဓာတ်တိုင်များ၊ လမ်းပေါ် ကမ္ဗည်းမှတ်တိုင်များတွင် လိုက်လံကပ်ထားကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• ကျိုက်ထိုမြို့ခံများကလည်း ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းအား မြို့ပေါ်လမ်းမများပေါ် လှည့် လည်ကြွေးကြော်၍ ဆန္ဒပြခဲ့ကြသည်။ 

• မော်လမြိုင်နေ လူထုကလည်း စစ်အုပ်စုသတင်းပေးဒလန်များအား "လူအများမုန်းတီးတဲ့ ဒလန်အလုပ်ကို မလုပ်ပါနှင့်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ သတိပေးထားသည်။ 

• ပေါင်မြို့နယ်နေ လူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း အိမ်တွင်းသပိတ်ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• မိုးကောင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့် မြို့ဦးရပ်ကွက်နေ လူငယ်တစ်ဦးအား စစ်အုပ်စုလက် နက်ကိုင်များက ယမန်နေ့ ညနေပိုင်းက နေအိမ်၌ ဝင်ရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် ၎င်း၏ မိခင်အား ဓားစာခံ ဖမ်းဆီး သွားသည်။ 

• မိုးကောင်းတွင် ယနေ့နံနက်ပိုင်းကလည်း ဒေသခံများ စုဝေးကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ နေ့လယ်ပိုင်းတွင်လည်း ဆိုင်ကယ်သပိတ်ပြုလုပ်ကာ မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်း ရေး ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။ 

• နမ္မတီးမြို့ခံများကလည်း အာရုဏ်ဦးသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်၍ မြို့တွင်း လှည့်လည်ခဲ့ကြသည်။ ထို့ပြင် မြို့ပေါ်ကျောင်းအချို့တွင်လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆေးနီများဖြင့် ရေးသား၍ သွေးသပိတ် ပြုလုပ်ခဲ့ကြသေးသည်။ 
• မြစ်ကြီးနား၊ နောင်နန်းကျးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ ယနေ့နံနက် ၁ နာရီကျော်ခန့်က မီးလောင်ပျက်စီးသွားပြီ ဖြစ်သည်။ 

• ဖားကန့်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်း (အေးမြသာယာ) ကလည်း စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးယူထားမှုများ ရှိသည့်ကြားကပင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း သပိတ်မှောက်ဆန္ဒပြခဲ့ကြသည်။ သပိတ်စစ်ကြောင်းထွက်နေချိန်တွင်ပင် ဖားကန့်မြို့၊ စုပေါင်းရုံးအနီးနှင့် မော်ဝမ်းရှေ့နေရုံးရှေ့တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

• ဖားကန့် တာမခန်မြို့သစ်တွင်လည်း စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများ လုပ်နေသည့် ကြားကပင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဝိုင်းမော်မြို့နေ လူငယ်များကလည်း စစ်အုပ်စု ဖွင့်လှစ်မည့် ကျောင်းများတွင် သားသမီးများအား ကျောင်းမအပ်၊ ကျောင်းမသွားခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းကြောင်း ရေးသားထားသည့် စာများကို မြို့ပေါ် လူသွားလူလာများသည့် နေရာများ၌ ကြဲဖြန့်ခဲ့ကြသည်။ 

ကယားပြည်နယ်

• ရှမ်း-ကယားနယ်စပ် မိုးဗြဲတွင် ယနေ့နံနက် ၉ နာရီခွဲန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် စစ်အုပ်စုအကြား တိုက်ပွဲဖြစ်ပွားလျက်ရှိရာ PDF က စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့် မိုးဗြဲရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်ကလည်း လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်။ နေ့လယ်ပိုင်းတွင်မူ မိုးဗြဲရဲစခန်းအား PDF တပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOsတို့ ပူးပေါင်းသိမ်းပိုက်ကာ စစ်အုပ်စုဘက်မှ ၁၅ ဦးသေဆုံးကာ လေးဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်အများအပြား သိမ်းယူနိုင်ခဲ့သည်။ PDF နှင့် EAOs ဘက်မှ ခြောက်ဦးဒဏ်ရာရကာ နှစ်ဦးစိုးရိမ်ရသည်ဟု သိရပြီး မိုးဗြဲထွေအုပ်ရုံးလည်း မီးလောင်ပျက်စီးသွားပြီ ဖြစ်သည်။ မိုးဗြဲ PDF က ယမန်နေ့ ညကတည်းက မနက် ၈ နာရီနောက်ပိုင်း အပြင်သို့ သွားလာခြင်းမပြုရန်နှင့် နေအိမ်အတွင်း နေထိုင်ကြရန် သတိပေးထားသည်။ 

• ကရင်နီပြည်နယ် (ကယား) တွင် စစ်အုပ်စုဘက်က တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော် နေရပ်စွန့်ခွာနေရသည့်အတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြည်သူနှင့်အတူ ရပ်တည်၍ အဆုံးတိုင်တွန်းလှန်တိုက်ပွဲဝင်မည်ဟု ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက ထုတ်ပြန်လိုက် သည်။ 

• လွိုင်ကော်မြို့အထွက်ဂိတ်ဖြစ်သည့် ပန်ကန်းဂိတ်နှင့် စံပြ (၆) မိုင်တို့တွင်လည်း ဒေသခံ PDF နှင့် စစ်အုပ်စုလက်နက်ကိုင် များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

• ဘော်လခဲတွင် နံနက် ၁၀ နာရီခွဲခန့်က ငါးမျှားပြန်လာသည့် ဒေသခံသုံးဦးအား စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်ခဲ့ရာ တစ်ဦးဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ပြီး အလောင်းအား စစ်တပ်က သိမ်းယူသွားခဲ့သည်။ ယမန်နေ့က ဘော်လခဲ၊ နန်းဖဲတွင် PDF နှင့် စစ်အုပ်စုကြား တိုက်ပွဲဖြစ်ရာ ရဲတစ်ဦးသေဆုံးခဲ့ပြီး ကျန်ရုပ်အလောင်းအား သင်္ဂြိုဟ်နေစဉ် အဆိုပါ ငါးမျှားသူ သုံးဦးက ဖြတ်သန်းသွားလာမိသည့်အတွက် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ 

• လွိုင်ကော်၊ ဒီးမော့ဆို၊ ဘော်လခဲ၊ ဖားဆောင်းနှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် စစ်အုပ်စုတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်နေသည့်အတွက် ပီကင်းကောခူကျေးရွာတွင် စစ်ဘေးရှောင်စခန်း ဖွင့် လှစ်ထားကာ လက်ရှိတွင် နေအိမ်စွန့်ခွာ တိမ်းရှောင်ရသူ ၅၀၀၀ ကျော် ရှိသည်။ ပီကင်းကောခူဂိတ်တွင် PDF နှင့် စစ်အုပ်စု ကြား တိုက်ပွဲများပြင်းထန်နေကာ ဒေသခံတစ်ဦး ကျည်ထိမှန်ထားသည်။ 

• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်တွင်လည်း ယနေ့ နေ့လယ် ၃ နာရီခန့်ကစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ 

ကရင်ပြည်နယ်

• ဘားအံ၊ ပအိုဝ်းကော့ကျိုက်ကျေးရွာနေ လူငယ်များက ကျေးရွာတွင်းကျောင်းများတွင် စစ်ကျွန်ပညာရေး အလိုရှိကြောင်း ဆေးနီများဖြင့် ရေးသား၍ သွေးသပိတ်ပြုလုပ်ခဲ့သည်။ 

• မြဝတီမြို့၊ အမှတ် (၂) ရပ်ကွက်၊ ကြံ့ခင်းလမ်းရှိ ကြံ့ခိုင်ရေးပါတီလက်ထက် ကရင်ပြည်နယ် လူမှုဝန်ကြီးဟောင်း ဦးချစ်လှိုင် နေအိမ်ရှေ့တွင် ယနေ့ နံနက်ပိုင်းက လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ရာ လူထိခိုက်မှု မရှိခဲ့ပေ။ 

ချင်းပြည်နယ်

• ဟားခါးမြို့ GTC ကျောင်းရှေ့တွင်ရပ်ထားသည့် JCB စက်ကြီးမှာ ယမန်နေ့ နံနက်ပိုင်းက မီးလောင်ပျက်စီးခဲ့ရာ မိမိတို့ Chinland Defense Force ၏ လက်ချက်မဟုတ်ဘဲ ထိုသို့ လုပ်ဆောင်ခဲ့သူကို စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူသွားမည်ဟု CDF-Hakha က ထုတ်ပြန်ထားသည်။ 

• စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မင်းတပ်မြို့တွင် စစ်အုပ်စုလက်နက်ကိုင်များက မြို့မစျေးနှင့် ပြည်သူများ၏ နေအိမ် များအား တံခါးများဖျက်ဆီး၍ ဝင်ရောက်ကာ ဖုန်းနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားများကို သိမ်းယူနေကြ ကြောင်း သိရသည်။ 

• မင်းတပ်တွင် စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့် မြန်မာ့စီးပွားရေးဘဏ်အတွင်းရှိ ဝန်ထမ်းအိမ်ရာများအား ၎င်းတို့ကိုယ်တိုင် အိမ်သော့ဖျက်၍ ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများ လုယက်ခြင်းနှင့် ကျန်ပရိဘောဂပစ္စည်းများအား ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။ 

ရှမ်းပြည်နယ်

• တောင်ကြီးမြို့ အမှတ် (၁) ရဲစခန်းရှေ့တွင် ယမန်နေ့ညပိုင်းက ဗုံးတွေ့ရှိခဲ့သည့်အတွက် စစ်အုပ်စုဘက်က လမ်းပိတ်ကာ ဖယ်ရှားခဲ့ရသည်။

• မူဆယ်မြို့တောင်ပိုင်း သုဿန် ငှက်ပျောကုန်းအနီးရှိ စစ်အုပ်စုတပ်စခန်းအား ကချင်လွတ်မြောက်ရေးတပ်မတော် - KIA က ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေအိမ်အချို့နှင့် ကားအချို့ ပျက်စီးထိခိုက်ခဲ့သည်။ 

• မူဆယ်မြို့နယ်တွင် စစ်အာဏာရှင်ကို အာခံကာ ပြည်သူဘက်ရပ်၍ CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၄၂၈ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။ အတည်မပြုနိုင်သေးသည့် စာရင်းများအရ အဆိုပါစာရင်းတွင် Non CDM သမားများ လည်း ပါဝင်နေသည်ဟု သိရသည်။ 
• ကျောက်မဲနေ ပြည်သူများကလည်း မြို့တွင်းလှည့်လည်ကာ ဆိုင်ကယ်သပိတ်ပြုလုပ်၍ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

ရခိုင်ပြည်နယ်

• ရခိုင်တစ်ပြည်လုံးတွင် စာသင်ကျောင်းပေါင်း ၁၁၃ ကျောင်းအား ဖွင့်လှစ်နိုင်မည် မဟုတ်ဟု ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောဆိုထားသည်။ 

နေပြည်တော်

• ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိပြီး မကြာမီ တရားရုံးတွင် လာရောက်ထွက်ဆိုတာ လုပ်ပါလိမ့်မယ်လို့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အစိုးရပိုင် Phoenix ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုထားသည်။ 

• နေပြည်တော် ပျဉ်းမနားရှိ ကျောင်းသားသမဂ္ဂနှင့် ဝန်းရံသူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ်ပြုလုပ်ခဲ့သည်။ 

မေ ၂၃ သုံးသပ်ချက်

• ရန်ကုန်တွင် ပျောက်ကြားသပိတ်များ ရှိနေပြီး ပေါက်ကွဲမှုများလည်း ဆက်တိုက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ်စုဘက်က နေ့လယ်ခင်းများတွင်ပါ ပစ်ခတ်ခံရမှုများ ရှိနေသည့်အတွက် ရဲစခန်းနှင့် စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးရုံးများတွင် လုံခြုံ ရေးတိုးမြှင့်ထားကာ ရွေ့လျားပုံစံဖြင့် ကင်းလှည့်မှုများ ဆက်တိုက်လုပ်လာနေသည်။ 

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းဆဲဖြစ်ပြီး ညပိုင်းများတွင်လည်း ပေါက်ကွဲမှုများ ဆက်ရှိနေဆဲ ဖြစ်သည်။ စစ်အုပ် စုဘက် အေးချမ်းပြီဖြစ်ကြောင်း ပြနိုင်ရန်အတွက် စျေးကြီးများအား ဖိအားပေးဖွင့်ခိုင်းနေပြီး ယမန်နေ့ညပိုင်းက လူမှုကွန် ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သော ပျူစောထီးလက်နက်ကိုင်များက မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းလာသူများအား စစ်ဆေးနေသည်ဆိုသည့်ဓာတ်ပုံသတင်းမှာ မန္တလေးတွင် မဟုတ်ကြောင်းလည်း ဒေသခံများက ပြောဆိုလျက် ရှိသည်။ 

• ကယားပြည်အနှံ့တွင် သပိတ်များအစား တိုက်ပွဲများ ဖြစ်နေပြီး စစ်အုပ်စုဘက်က စခန်းများ လက်လွှတ်နေရကာ အကျအဆုံးအများအပြား ရှိနေသည်။ 

• မင်းတပ်တွင် တိုက်ပွဲများ ခဏရပ်နေပြီး စစ်ဘေးရှောင်များအတွက် အခြားမြို့နယ်များက ဆေးဝါးနှင့် အစားအသောက်များ ကူညီပေးနေရကာ လူမရှိတော့သည့် မြို့ပေါ်တွင် စစ်အုပ်စုက ပြည်သူပိုင်ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးလျက် ရှိသည်။ 

• အခြားမြို့ကြီးများနှင့် ကျေးရွာများတွင် သပိတ်များ အားကောင်းလာလျက် ရှိကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း လှုပ် ရှားမှုများလည်း ပိုမိုများပြားလာလျက် ရှိသည်။

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာအား ငြိမ်းချမ်းနေသည်ဟု ပြသရန်အတွက် ဖိနှိပ်နေသည့်ကြားကပင် လူထုသပိတ်အပြင် လူထုလက်နက်ကိုင်တိုက်ပွဲများပါ ရှိလာနေသည့်အတွက် အကျပ်ရိုက်နေပြီး အကျအဆုံးပါ များနေသည့်အတွက် တပ်တွင်း စည်းရုံးရေးပိုင်း၌ ထိခိုက်လာနေသည်။ စစ်အုပ်စုဘက်က သပိတ်များ ဖြိုခွင်းပြီးနောက် အုပ်ချုပ်ရေးယန္တရား တည်ဆောက် ရန် လုပ်ဆောင်နေသည့်အပြင် ပျူစောထီးလက်နက်ကိုင်များ သုံး၍ လူထုအား ခြိမ်းခြောက်မှုများကို စတင်လာနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly