NLD ပါတီ ဖျက်သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ကော်မရှင်၏ ကြိုးပမ်းမှု အီးယူ ရှုတ်ချ

NLD ပါတီ ဖျက်သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ကော်မရှင်၏ ကြိုးပမ်းမှု အီးယူ ရှုတ်ချ

မေ ၂၃

နို၀င်ဘာ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းရန် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ အဆိုပြုချက်အပေါ် ဥ‌ရောပသမဂ္ဂ (အီးယူ) က မေလ ၂၃ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်သည်။

“အကယ်၍များ ကော်မရှင်က ဒီအဆိုပြုချက်အတိုင်း ဆက်လုပ်ခဲ့မယ်ဆိုရင် ဒါဟာ မြန်မာပြည်သူပြည်သားတွေရဲ့ သ‌ဘောဆန္ဒနဲ့ ထိုက်သင့်တဲ့ ဥပဒေလုပ်ငန်းစဥ်တို့ကို ထပ်ပြီး ပေါ်‌ပေါ်ထင်ထင် အလေးမထားဘူးဆိုတာကို ပြသနေပါလိမ့်မယ်” ဟု အီးယူအမှုဆောင်ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောဆိုသည်။

နို၀င်ဘာ ရွေးကောက်ပွဲတွင် မဲမသမာမှု ကျူးလွန်ခဲ့သည်ဆိုပြီး  NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ရန် စီစဥ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

သို့သော် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ၏ အနိုင်ရမှုကို လွတ်လပ်သည့် ပြည်တွင်းနှင့် နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများအားလုံးက အတည်ပြုပေးထားခဲ့ကြောင်း အီးယူက ပြောသည်။

“ဖိနှိပ်မှု ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့ အတုအယောင် ဥပဒေ တရားစွဲဆိုမှုတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ တရားမ၀င် အာဏာသိမ်းယူမှုကို တရား၀င်ဖြစ်စေမှု ခွင့်ပြုပေးနိုင်မှာ မဟုတ်ပါဘူး” ဟု အီးယူ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“မြန်မာပြည်သူ ပြည်သားတွေရဲ့ သဘောဆန္ဒကို ပယ်ဖျက်ဖို့နဲ့ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို ပြောင်းလဲပြင်ဆင်ဖို့ ကြိုးပမ်းမှုတိုင်းကို အီးယူဘက်က ဆက်လက် ပြစ်တင်ရှုတ်ချသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required