ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ‌ရေးကောင်းမွန်ပြီး မကြာမီ တရားရုံး၌ လူကိုယ်တိုင် လာရောက် ကြားနာလိမ့်မည်ဟု အာဏာသိမ်းခေါင်းဆောင် ပြော

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ‌ရေးကောင်းမွန်ပြီး မကြာမီ တရားရုံး၌ လူကိုယ်တိုင် လာရောက် ကြားနာလိမ့်မည်ဟု အာဏာသိမ်းခေါင်းဆောင် ပြော

မေ ၂၃

ရွေးကောက်ခံ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် ကျန်းကျန်းမာမာ ရှိနေပြီး မကြာမီရက်အနည်းငယ်အတွင်း ရုံးထုတ်ရာတွင် တရားရုံး၌ လူကိုယ်တိုင် လာရောက်ကြားနာလိမ့်မည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်တာဗျူးတစ်ခုဖြေဆိုစဥ် ထည့်သွင်းပြောကြားသွားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်၀ါရီလ စစ်တပ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယင်းနောက် သူမသည် လမ်းလျှောက်စကားပြောစက်များ  တရားမ၀င် ပိုင်ဆိုင်ထားမှုမှ စပြီး နိုင်ငံတော်လျှို့၀ှက်အက်ဥပဒေ ချိုးဖောက်မှုအထိ စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ကောင်းမွန်ပါတယ်၊ နေအိမ်မှာပဲ ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ်၊ နောက် ရက်အနည်းငယ်ကျရင် တရားရုံးမှာ လူကိုယ်တိုင် လာရောက်ကြားနာပါလိမ့်မယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဟောင်ကောင် အခြေစိုက် တရုတ်ဘာသာစကားရုပ်သံဌာန Phoenix Television နှင့် ဗီဒီယိုလင့်ကနေတဆင့် တွေ့ဆုံသည့် အင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းပြတ်တောက်သွားခဲ့ရသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို ဖြစ်ပေါ်စေခဲ့သည့် သူမ၏ ကြိုးပမ်းမှုအတွက် လူဦးရေ ၅၃ သန်းရှိ နိုင်ငံတွင် အကြီးအကျယ် လေးစားနှစ်သက်ခံရသူ အသက် ၇၅ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ လုပ်နိုင်စွမ်းနှင့်ပတ်သက်ပြီး မည်သို့မည်ပုံ ထင်မြင်သလဲ ဆိုပြီး အင်တာဗျူးမေးမြန်းသူက မေးမြန်းခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူ (‌ဒေါ်အောင်ဆန်းစုကြည်) လည်း လုပ်နိုင်သမျှအားလုံးကို ကြိုးစားလုပ်ခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ရုံးချိန်းကို နေပြည်တော်တွင် မေလ ၂၄ ရက်တွင် ပြုလုပ်ရန် စီစဥ်ထားသည်။ လက်ရှိအချိန်အထိ သူမကို ဗီဒီယိုလင့်ကနေတဆင့်သာ ရုံးထုတ်ထားခဲ့ပြီး သူမ၏ ရှေ့နေများနှင့် လူကိုယ်တိုင် တိုက်ရိုက် စကားပြောခွင့် အာဏာသိမ်းစစ်ကောင်စီဘက်က ခွင့်ပြုပေးခြင်း မရှိသေးပေ။

လုံခြုံရေး အကြောင်းရင်းများကြောင့် သူမကို သူမ၏ ရှေ့နေများနှင့် လူကိုယ်တိုင်တိုက်ရိုက် သီးသန့်တွေ့ခွင့် မပြုသေးခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီဘက်က အကြောင်းပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required