နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၂ မေ ၂၀၂၁)
ပုံ - မေလ ၂၂ ရက်၊ မန္တလေးမြို့ရှိ လူငယ်များ၏ စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံမြို့နယ်၊ ၁၈ (က) ရပ်ကွက်၊ မြင့်မိုရ်လမ်းတွင် နေထိုင်သူ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်နှင့် ရေကြောင်းသိပ္ပံ နောက်ဆုံးနှစ်တက်နေသူ ကိုမင်းသိန့်ခိုင်နှင် ကိုမင်းထက်ခိုင်တို့ ညီအစ်ကိုနှစ်ဦးအား ယမန်နေ့ည အသွားအလာကန့်သတ် ထားသည့် ည ၉ နာရီကျော်အချိန်က စစ်အုပ်စုလက်နက်ကိုင်များက အင်အားအလုံးအရင်းဖြင့် နေအိမ်အား ဝင်ရောက်စီး နင်းကာ တိုင်ကြားထားသူရှိသည့်အတွက်ဟု ဆိုကာ ဖမ်းဆီးသွားခဲ့သည်။ 

• အင်းစိန် ဖော့ကန်ရပ်ကွက်ရှိ Denko ဆီဆိုင်အနီးတွင် ယမန်နေ့ည ၈ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ခဲ့ရာ ထိခိုက်သူ မရှိခဲ့ဟု သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ Denko ဆီဆိုင်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ရာ တစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိခဲ့သည်။ 

• NLD တိုင်းအတွင်းရေးမှူး ဦးစိုးမြင့်ထိန်အား ယနေ့နံနက် ၅ နာရီခွဲပတ်ဝန်းကျင်က ၎င်းတိမ်းရှောင်နေသည့် လှည်းကူးမြို့နယ်ရှိ ခြံဝင်းတစ်ခုတွင် စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြားသုံး၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ သူ၏ ဇနီး ဖြစ်သူနှင့် ကိုသိ်နးလွင်ဆိုသူတို့ကိုပါ ဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးလိုက်သည်ဟု သိရသည်။ 

• မြောက်ဒဂုံမြို့နယ်၊ ပင်လုံရင်ပြင်အနီးတွင် ယနေ့နံနက် အစောပိုင်းက ပေါက်ကွဲသံတစ်ရပ် ကြားခဲ့ရပြီး မည်သည့်အတွက် ကြောင့်ဖြစ်သည်ကိုမူ စုံစမ်းဆဲ ဖြစ်သည်။ မြောက်ဒဂုံ ရာဇဓိရာဇ်လမ်းပေါ်တွင် Delivery ပို့သည့် လူငယ်တစ်ဦးထံမှ ဆိုင် ကယ်နှင့် ပစ္စည်းများအား စစ်အုပ်စုလက်နက်ကိုင်များက အတင်းအဓမ္မ လုယူသိမ်းဆည်းသွားသည်။ 

• မြောက်ဥက္ကလာပမြို့နယ်နေ လူငယ်များကလည်း စက္ကူလေယာဉ်ပျံများပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စာများ ရေးသား၍ လမ်းမများပေါ်၌ ဖြန့်ကျဲကာ စက္ကူလေယာဉ်သပိတ် ပြုလုပ်ခဲ့သည်။ 

• မကြာခဏ တိုက်ခိုက်ခံနေရသည့် စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ထွေအုပ်ရုံးမျက်နှာစာတွင် လှောင်အိမ်ဇကာကွက် များဖြင့် ကာရံထားလိုက်ပြီဖြစ်ကာ ယမန်နေ့က တိုက်ခိုက်ခံရမှုတွင် လုံခြုံရေးယူထားသူ လက်နက်ကိုင်အချို့ သေဆုံးခဲ့ သည်။ 

• လှိုင်မြို့နယ်၊ မာလာမြိုင် (၉) လမ်းတွင် ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အဆိုပါအိမ်မှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်ဟု သိရသည်။ လှိုင်မြို့နယ်နေ လူငယ်များကလည်း "တိုက်မောင်းသံကို စောင့်ရင်း ဓားသွေးကြရအောင်" စသည့် တော်လှန်သောစာများ ရေးသားထားသော စာများ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြု လုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• သုဝဏ္ဏမြို့နယ်ပန်းခြံရှေ့ရှိ အ.ထ.က ကျောင်းရှေ့တွင် လုံခြုံရေးယူထားသည့် စစ်အုပ်စုလက်နက်ကိုင်များအား ကားတစ်စီး ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဘက်က တစ်ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိသည်ဟု သိရသည်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာ၌ စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည်။ 

• သင်္ဃန်းကျွန်း လေးထောင့်ကန်လမ်းမပေါ် BOC မှတ်တိုင်အနီးရှိ စစ်အုပ်စုပိုင် Mytel ကုမ္ပဏီရုံးခွဲတွင် ယနေ့နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဟု သိရသည်။ 

• ကမာရွတ်မြို့နယ်နေ လူငယ်များကလည်း "မင်းကွတ်သီးလား၊ နာနတ်သီးလား ကြိုက်ရာ ရွေး"၊ "အားတင်းထား ဖယ်ခုံ"၊ "ဒီးမော့ဆိုရေ မင်းတို့နိုင်မှာ ယုံကြည်တယ်" ဟု ရေးသားထားသည့် စာများအား မီးရထားလမ်း လူကူးခုံးကျော်တံတားများ ပေါ်တွင်ကပ်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• လမ်းမတော်မြို့နယ်၊ ညောင်ပင်လေးစျေးအနီးတွင် ညနေပိုင်းက ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ စစ်အုပ်စုလက်နက်ကိုင် များက လမ်းမတော်လမ်းအား ပိတ်ထားကာ ဖြတ်သန်းသွားလာသူများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• အင်းစိန်မြို့နေ လူငယ်များကလည်း "ကျောင်းသားတွေရဲ့အနာဂတ်ကို ရိုက်ချိုးပြီး ကိုယ်ကျိုးအတွက်ပဲ ကြည့်တဲ့သူတွေကို ဆရာ/မလို့ မခေါ်ချင်ဘူး" အပါအဝင် တော်လှန်သောစာများ ရေးသားထားသည့် စာရွက်များကို ကိုင်ဆောင်ကာ အိမ်တွင်း သပိတ် ပြုလုပ်ခဲ့သည်။ 
• တာမွေမြို့နယ်၊ ယုဇနပလာဇာအနီးတွင် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန်းတကသ သပိတ်စစ်ကြောင်းကလည်း လူစည်ကားရာ မြို့ပေါ်လမ်းများနှင့် နေရာများတွင် စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းလည်း နေ့စဉ်မပျက် လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအ တွက် ဆန္ဒထုတ်ဖော်လျက် ရှိသည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ ခွပ်တဲ့ဒေါင်း G-Z၊ ဗကသ၊ ပညာရေး၊ တက္ကသိုလ်ဆရာ/ဆရာမ/ဝန်ထမ်း၊ အ.ထ.က (၇) ကျောင်းသားဟောင်း၊ သမဝါယမတက္ကသိုလ်ကျောင်းသားများ၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်းတို့ ပါဝင်သည်။

• မန္တလာတက္ကသိုလ်ကျောင်းသားများနှင့် စက်မှုလူငယ်သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် လမ်းမများ ပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်းကလည်း လုံခြုံရေးတင်းကြပ်မှုများ ရှိသည့်ကြားကပင် လမ်းများပေါ်တက်၍ စစ်အာဏာရျင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• အမရပူရမြို့နယ်နေ ပြည်သူများကလည်း "အမှန်တရားကို အရယူမည့် အမရပူရ" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• မန္တလေးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အုပ်စုဘက်က မီတာစာရွက်များ ဖြန့်ဝေမှုများ ရှိနေပြီး ယခင်ကျသင့်သည့် နှုန်းထား များထက် များစွာ လျော့နည်းနေကာ မီတာခဆောင်ရန် နှုန်းထားလျှော့ချ၍ စည်းရုံးနေသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက သုံးသပ်လျက်ရှိသည်။ 

• မန္တလေးမြို့ပေါ် ရဲစခန်းများတွင် ယခင်က လက်နက်ကိုင် ရဲနှင့် စစ်သားများကိုသာ လုံခြုံရေးချထားရာမှ ယခုအခါ အမျိုးသ မီးရဲမေများကိုပါ ပူးတွဲလုံခြုံရေးချထားမှုများ ရှိနေပြီး လုံခြုံရေးစစ်သားများမှာလည်း သာမန်စစ်ဝတ်စုံဝတ်များ ပြောင်းလဲ ဝတ်ဆင်၍ လုံခြုံရေးယူနေကြသည်ဟု နန်းရှေ့နေ မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• မြင်းခြံတွင် စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် မြင်းခြံပင်မသပိတ်စစ်ကြောင်းက လမ်း မများပေါ် ပြန်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် NUG အစိုးရထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မြင်းခြံမြို့ခံအချို့ကလည်း တိုင်းရင်းသားဒေသများတွင် စစ်အုပ်စုက လေကြောင်းသုံးတိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန်အတွက် ရောင်စုံစက္ကူများဖြင့် ပြုလုပ်ထားသည့် လေယာဉ်များတွင် တော်လှန်သောစာများရေးကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• တောင်သာမြို့နယ်၊ ဖက်တောကျေးရွာနေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးပါစေဟု ရေးသားထား သည့် စာရွက်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ ယနေ့နံနက် ၅ နာရီခန့်ကလည်း တောင်သာမြို့နယ်၊ ရုံးပင်ရွာရှိ အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သူ ဦးသောင်းရီအား စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် လူငယ်များအား အကူအညီပေးနေသည်ဟုဆိုကာ ဝင်ရောက်ဖမ်းဆီးသွားသည်။ 

• နွားထိုးကြီးမြို့နယ်၊ စင်္ကြာတောင်ပေါ်တွင် ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး ယမန်နေ့ညပိုင်းကလည်း တောင်ပေါ်နေပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးထားသည်။

• စစ်တက္ကသိုလ် အများအပြားရှိသည့် ပြင်ဦးလွင်တွင်လည်း လူငယ်များက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလို မရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ညောင်လေးပင်မြို့နယ်၊ စမ်းကလေးကျေးရွာအုပ်စု၊ ကောက်ကွေ့ကျေးရွာတွင် ယမန်နေ့ည ၇ နာရီခန့်က စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ ရာအိမ်မှူးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင် ငါးဦး ဒဏ်ရာရရှိကာ ပဲခူးဆေးရုံ၌ ကုသမှု ခံယူနေရသည်။ ဗုံးခွဲခံရသည့်အိမ်တွင် ညောင်လေးပင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် စစ်အုပ်စုလက်ပါးစေ ပျူစောထီးအဖွဲ့များ အစည်းအဝေး ထိုင်လေ့ရှိသည်ဟု သိရသည်။ 

• ပဲခူးတိုင်း၊ ကျောက်တံတားမြို့နယ်၊ ဖဒိုနယ်မြေရဲစခန်းတွင် ယမန်နေ့ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ကြပ်ကြီး ကျော်ဇေယျာမြင့်ဆိုသူ မျက်နှာနှင့် ခြေထောက်တို့၌ ဒဏ်ရာရခဲ့ကာ ဖဒိုဆေးရုံ၌ ကုသမှု ခံယူနေရသည်။

• ပဲခူးမြို့ ကျောင်းသားလူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆိုင်းဘုတ်များကိုင်ဆောင်၍ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ဖြူးမြို့နယ်၊ စာသင်ကျောင်းများအနီး ယနေ့နံနက် ၂ နာရီဝန်းကျင်က ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကာ ထိခိုက်ပျက်စီးမှု မရှိခဲ့ ဟု သိရသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ခန္တီးမြို့နယ်၊ နန်စီပွန်ကျောက်စိမ်းမှော်ရှိ ရဲကင်းစခန်းနှစ်ခုနှင့် တပ်ရင်းတစ်ခု၊ မကျန်ခကျေးရွာ ရဲကင်းတပ်စခန်းတို့အား KIA ဘက်က ယနေ့နံနက် ၄ နာရီခွဲခန့်က စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ နှစ်ဦးပွဲချင်းပြီး သေဆုံးကာ သုံးဦထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စခန်းများအား သိမ်းပိုက်မီးရှို့မှုများ ပြုလုပ်ပြီးနောက် စစ်အုပ်စုဘက်က နံနက် ၆ နာရီခန့်တွင် တိုက်လေယာဉ်သုံးစီးဖြင့် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်ခဲ့သည်။ မကျန်ခကျေးရွာ အပြန်အလှန် ပစ်ခတ်မှုတွင် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် စခန်းမှူးအပါအဝင် ခုနစ်ဦးကိုလည်း KIA က ဖမ်းဆီးသွားသည်။ 

• မုံရွာနေ လူငယ်များက ၂ ငါးလုံးအရေးတော်ပုံ သုံးလပြည့်သည့် ယနေ့တွင် ကျောက်သင်ပုန်းများပေါ်၌ "Uniform ဝတ်ပြီး ထီရောင်းမှာလား"၊ "ထီသာပါမောက္ခ" ဟူ၍ စာသားများ ရေးသားကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျောက် သင်ပုန်းသပိတ် ပြုလုပ်ခဲ့သည်။ မုံရွာ၊ ကျောက္ကာလမ်းရှိ ဇောတိကဘုန်းတော်ကြီးကျောင်း၊ အမှိုက်ကန်အနီးတွင် ယမန်နေ့ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ရာ ဆိုင်ကယ်နှင့် လူနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ မုံရွာတွင် ယနေ့ နံနက်ပိုင်း ကလည်း လုံခြုံရေးအထူးတင်းကြပ်ထားသည့် သာစည်လမ်းပေါ်တွင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ မုံရွာပင်မသပိတ်စစ်ကြောင်းကလည်း ယနေ့နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက်ကျေးရွာများမှာ ဒေသခံနှင့် ကျောင်းသားများက စစ်ကျွန် ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်ရှိ ခရိုင်/မြို့နယ်တရားရုံးမှာ ယနေ့နံနက် ၅ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ရုံးအတွင်းရှိ သက်သေခံပစ္စည်းများနှင့် ဆိုင်ကယ်များ မီးလောင်ပျက်စီးသွားသည်။ 

• ကလေးမြို့ခံလူငယ်များကလည်း နှစ်ငါးလုံး ပြည်သူ့အရေးတော်ပုံ သုံးလပြည့်သည့် ယနေ့တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းအာဇာနည်များအား အလေးပြုခြင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ သည်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများအား ပစ်ခတ်ဖြိုခွင်းခဲ့ရာ ကလေးငယ် အပါအဝင် လူပေါင်း ၈၀၀ ကျော် ဒီမိုကရေစီရေးအတွက် အသက်ပေးခဲ့ရသည်။ ယနေ့နံနက်ပိုင်းကလည်း ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး Paper Strike ပြုလုပ်ခဲ့သေးသည်။ 

• ကနီမြို့နယ်၊ ကင်းစံပြကျေးရွာနှင့် ၁၂ မိုင်အကွာရှိ မြိုင်ဇရပ်လမ်းခွဲတွင် ယနေ့နံနက်ပိုင်း ၇ နာရီ ၁၅ မိနစ်ခန့်ကစ၍ အကြမ်းဖက်စစ်အုပ်စုလက်နက်ကိုင်များက လက်နက်ကြီးသုံး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ ထားကာ တစ်ဦးကိုမူ စစ်အုပ်စုက ခေါ်ဆောင်သွားသည်။ တောတွင်း ဟင်းစာရှာထွက်သည့် ရွာခံများက စစ်အုပ်စုဘက်မှ စတင်ပစ်ခတ်ရာမှာ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

• ပုလဲမြို့နယ်၊ လဲကန်ကျေးရွာတွင် ဒေသခံများက ကျေးရွာတွင်းကျောင်းရှေ့များ၌ သွေးစွန်းကျောင်းစိမ်းဝတ်စုံများ ချိတ်ဆွဲကာ စစ်အာဏာရှင်အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များကပ်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ သရက်ကန်ကျေး ရွာတွင်လည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့အနီး ရာဇဂြိုဟ်ရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဝင်းအား မျက်နှာဖုံးစွပ် လူ ၂၀ ခန့်က ယမန်နေ့ညပိုင်းတွင် ဖမ်းဆီးသွားကာ ယနေ့နံနက်ပိုင်းတွင်မူ ရွာအနီးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးလျက် ရှိသည်။ ပြီးခဲ့ သည့်ရက်ပိုင်းအတွင်းက အဆိုပါရွာရှိ ဘောလုံးပွဲကြည့်နေသည့် လူငယ်ငါးဦးအား စစ်အုပ်စုက ဖမ်းဆီးကာ သုံးဦး ပြန်လွှတ် ပေးပြီး နှစ်ဦးအား ဆက်လက်ထိန်းသိမ်းထားသေးသည်။ 

• ကသာခရိုင်၊ ထီးချိုင့်တွင်လည်း ဒေသခံများက မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ် သပိတ်ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။

• ကန့်ဘလူ၊ ဇီးကုန်းတိုက်နယ်၊ ဆီဆုံကြီးအုပ်စု တောင်သူများကလည်း စိုက်ခင်းများအတွင်း စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်မြို့နယ်တွင် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများက အင်အားထောင်နှင့်ချီ စုပေါင်းကာ စစ်ကျွန်ပပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• စစ်ကိုင်း ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ဗိုလ်မှူးကြီးအောင်သိုက်ထွန်းကို ခန့်အပ်ထားသည်။ 

• တန့်ဆည်နေ ပြည်သူများကလည်း အနီးအနားရှိ ကျေးရွာများအထိ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ 

• ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာနေ ပြည်သူများကလည်း "အမှန်တွေ မလုပ်ရဲတောင်မှ အမှားတွေကို မထောက်ခံပါနှင့်" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ကျွန်းလှမြို့နယ်တွင်လည်း လူဦးရေ ထောင်နှင့်ချီ ပါဝင်သည့် ကျေးရွာပေါင်းစုံ စုပေါင်းသပိတ်ပြုလုပ်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• မကွေးမြို့တွင် စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေ ဒလန်များအား ရရာနည်းဖြင့် ပြန်လည်တိုက်ခိုက်ရန် မကွေး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• မကွေးမြို့တွင် ယမန်နေ့ နံနက်ပိုင်းနှင့် ညပိုင်းတို့က မြို့ပေါ် အ.ထ.က (၃) နှင့် (၄) တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ အ.ထ.က (၄) အနီးတွင် စစ်ကောင်စီ တိုင်းအဖွဲ့ဝင် ဦးတင့်လွင် နေအိမ်ရှိသည်။

• ပခုက္ကူမြို့နေ ပြည်သူများလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းလည်း ယနေ့ နံနက်ပိုင်းတွင် ကျေးရွာများတွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မကွေးတိုင်း၊ နတ်မောက်မြို့တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများကို နှိမ်နင်းသွားရန် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် မိုးရွာသွန်းသည့်ကြားကပင် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။ ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် မြို့တွင်းရပ်ကွက် များ၌ လှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• လောင်းလုံမြို့နယ် မောင်းမကန်၊ ညင်းမော်၊ စစ်ပြဲကျေးရွာများတွင်လည်း မိုးရွာသွန်းနေသည့်ကြားကပင် ကျေးရွာသပိတ်စစ်ကြောင်းများ ဖွင့်ကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင်လည်း ဗကသ ကျောင်းသားများနှင့် ဒေသခံပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ကန်ကြီးထောင့်မြို့နယ်တွင် ယမန်နေ့ ညပိုင်းက မူလတန်းကျောင်း၌ မီးလောင်မှုဖြစ်ပွားရာ ကျောင်းဆောင်ဟောင်းတစ်ခု မီးလောင်ခဲ့ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာကာ ခြောက်လှန့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း လုံခြုံရေးယူထားလျက် ရှိသည်။ 
• မြောင်းမြ စိုက်ပျိုးရေးသိပ္ပံကျောင်းကို ဇွန်လ ၁ ရက်တွင် ဖွင့်လှစ်ရန် စစ်အုပ်စုက ပြင်ဆင်နေပြီး CDM ပြုလုပ်နေသည့် ဆရာ/ဆရာမများနှင့်အတူ ကျောင်းမတက်ရေး CDM ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါကျောင်း ကျောင်းသားသမဂ္ဂက ကြေညာလိုက်သည်။ မြောင်းမြ ပညာရေးဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂလူငယ်များကလည်း စစ်ကျွန်ပညာရေး အလို မရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ပန်းတနော်မြို့နယ်၊ မိမ္မပြေးရွာရှိ ကျေးရွာ NLD ပါတီခေါင်းဆောင် ဦးမြငြိမ်းအား ယနေ့နံနက်ပိုင်း လာရောက်ဖမ်းဆီးရာ ၎င်းအား မတွေ့ရှိသဖြင့် နေအိမ်ရှိ အမျိုးသမီးနှစ်ဦးအတူ ဆိုင်ကယ်နှင့် ပစ္စည်းအချို့အား ဖမ်းဆီးယူဆောင်သွားသည်။ 

• မအူပင်မြို့နယ် အ.လ.က (၁) ကျောင်းရှေ့တွင် ကျောင်းသား/သူများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ပုသိမ် အမှတ် (၂) တံတားအဆင်းရှိ ထွေအုပ်ဝန်ထမ်းအိမ်ရာတွင် နေ့လယ် ၁၂ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွား ခဲ့ကာ လုံခြုံရေးတင်းကြပ်ထားသည့်အတွက် ထိခိုက်သူ ရှိ၊ မရှိကိုမူ မသိနိုင်သေးဘဲ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။ ထို့ပြင် နေ့လယ် ၂ နာရီကျော်ခန့်ကလည်း ပုသိမ်မြို့အဝင်ရှိ စစ်အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားသည့် လေယာဉ်ကွင်းအ နီးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

• ဖျာပုံမြို့နယ်၊ အမာမြို့ အ.ထ.က ကျောင်းတွင် စစ်အုပ်စုလက်နက်ကိုင်များ၊ စစ်အုပ်စုခန့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာ/ဆရာမအချို့က ယနေ့နံနက်ပိုင်းတွင် ကျောင်းပြန်ဖွင့်ရန်အတွက် သန့်ရှင်းရေး လုပ်နေကြသည်။ 

မွန်ပြည်နယ်

• မော်လမြိုင်နည်းပညာတက္ကသိုလ်မှ စစ်အုပ်စုအား ဆန့်ကျင်ကာ လူထုဘက်ရပ်တည်၍ CDM ပြုလုပ်သည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူ ဆရာ/ဆရာမ ၄၇ ဦးကို ရာထူးမှ အပြီးထုတ်ပယ်လိုက်သည်။ 

• မော်လမြိုင်မြို့ခံလူငယ်များကလည်း "မတရားမှုတိုင်းအတွက် စက္ကန့်တိုင်း တော်လှန်နေမယ်" ဟု ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မော်လမြိုင်မြို့ အ.ထ.က (၁) တွင် စစ်အုပ်စုလက်အောက် အလုပ်ဆက်လုပ်မည့် Non CDM ဆရာ/ဆရာမများက ကျောင်းအပ်နှံရေး လက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေလျက် ရှိသည်။ 

• ပေါင်မြို့ လူငယ်များကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ်ပြုလုပ်ကာ ပြသခဲ့သည်။

ကချင်ပြည်နယ်

• ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်ကုန်းလောကျေးရွာအား ယမန်နေ့ည ၇ နာရီဝန်းကျင်ခန့်က စစ်အုပ်စုဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ရာမှာ နေအိမ်ငါးလုံးနှင့် စပါးကျီတစ်ခု မီးလောင်ခဲ့ကာ ရွာခံပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• KIA က ဖျက်ဆီးခဲ့သည့် လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီဝင်းအတွင်း အပျက်အစီးများကြားထဲမှ သံထည်ပစ္စည်းများ သွားရောက်ကောက်ယူသည့် အနီးအနားကျေးရွာများရှိ ဒေသခံပြည်သူ ၆၀ ကျော်အား ခလရ ၂၉၇ တပ်ရင်းမှ စစ်သားများက ယမန်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးသွားကာ တပ်ရင်းအတွင်း ထိန်းသိန်းထားသည်ဟု သိရသည်။ 

• ဖားကန့်မြို့၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း အင်အား ရာနှင့်ချီဖြင့် လမ်းပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြတော်လှန်ခဲ့သည်။ ဖားကန့် တာမခန်မြို့သစ် ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ဖားကန့်၊ မရှီကထောင်ရပ်ကွက်နေ ပြည်သူများကလည်း စစ် အုပ်စုလက်နက်ကိုင်များ လုံခြုံရေးယူထားသည့်ကြားကပင် လမ်းမများပေါ်တက်၍ ဆန္ဒပြခဲ့ကြသည်။ 

• မိုးကောင်းတွင် ပညာရေးမိသားစုနှင့် ဗကသကျောင်းသားလူငယ်များ ဦးဆောင်ကာ ဒေသခံများက "အနိုင်မခံ အရှုံးမပေးနွေဦးတော်လှန်ရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်။ 

• မိုးညှင်းမြို့နယ်၊ ဘီလူးမြို့ရှိ ကျောင်းသားလူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• နမ္မတီးမြို့ခံများကလည်း နွေဦးတော်လှန်ရေးအလံ လွှင့်ထူကာ မြို့ပတ်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဆိုင်ကယ်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြသည်။ 

• ဟိုပင်မြို့ခံများကလည်း "ငါတို့ ရွှေကယားရေ အားတင်းထားပါဟေ့"၊ "သန်မာလို့တော့ မဟုတ်ဘူး ဒါပေမယ့် မမှန်တာကိုတော့ တွန်းလှန်ချင်တယ်" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒ ပြခဲ့ကြသည်။ 

ကယားပြည်နယ်

• လွိုင်ကော်တွင် ယနေ့ နေ့လယ် ၁ နာရီခန့်မှစ၍ မြို့ပေါ် လူသွားလူလာများသည် နာရီစင်လမ်းမကြီးတစ်လျှောက်ရှိ မြို့လယ်မီးပွိုင့်၊ သီရိမင်္ဂလာတောင်စျေး၊ တောင်ကွဲစေတီ၊ မင်္ဂလာရပ်ကွက်နှင့် မိုင်းလုံရပ်ကွက် လမ်းမကြီးများတစ်လျှောက် စစ်အုပ်စုလက်နက်ကိုင်များက အင်အားအများအပြား၊ လက်နက်အစုံဖြင့် လှည့်လည်သွားလာလျက်ရှိပြီး လုံခြုံရေးတိုးမြှင့် ထားသည်။ လွိုင်ကော်တွင် ယမန်နေ့ည ၇ နာရီကျော်အချိန်က မြို့နယ်ခန်းမနှင့် လွိုင်ကော်ရဲစခန်းအနီးတို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး လူထိခိုက်မှု ရှိ၊ မရှိကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ 

• ဒီးမော့ဆိုတွင် စစ်အုပ်စုဘက်က ငွေတောင်ရွာ၌ တပ်စွဲထားကာ ရေဖြူမြို့နှင့် မိုင်းလုံဘက်မှ စစ်ကူများ ထပ်မံဖြည့်ဆည်း ထားပြီး ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်ခန့်ကလည်း ကုန်းသာရွာရှိ "အောင်" စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်ကို စစ်အုပ်စုဘက်က မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် နံနက် ၆ နာရီကလည်း ရှမ်းပြည်နယ် စီဘူးမှ ကယားပြည်နယ်၊ ဒေါတီဘက်သို့ ပြန်လာသည့် ဒေသခံသုံးဦးကိုလည်း စစ်တပ်ဘက်က အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စစ်အုပ်စုအာဘော် သတင်းစာများတွင် ယမန်နေ့က ဒီးမော့ဆိုမြို့နယ်၊ မားနာပလော့နှင့် ငွေတောင်ကျေးရွာတို့တွင် တိုက်ပွဲ ဖြစ်ကာ စစ်တပ်ဘက်မှ သုံးဦးသေဆုံးပြီး ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - KPDF ဘက်မှ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး နှစ်ဦးအား ဖမ်းဆီးမိခဲ့ကာ ထိုအထဲမှ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးစီ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ 

• ယနေ့ နေ့လယ်ပိုင်း ၁ နာရီ ၄၅ မိခန့်ကလည်း ဒီးမော့ဆိုမြို့နယ်တွင် စစ်အုပ်စုလက်နက်ကိုင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေါငံခါးတံတားနှင့် ဆောက်လုပ်ရေးရုံးတို့ ထိမှန်ကာ ရုံးအဆောက်အဦများ မီးလောင်ပျက်စီးခဲ့သည်။ ညနေပိုင်းတွင် စစ်အုပ်စုလက်နက်ကိုင်များ တပ်စွဲထားသည့် ဒေါတဝီဂိတ်အား ကKPDF တပ်ဖွဲ့များက ဝင်ရောက်တိုက် ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။ 

ကရင်ပြည်နယ်

• ဖာပွန်မြို့နယ်၊ မထောရွာတွင် ကရင်အမျိုးသားအစည်းအရုံး - KNU နှင့် စစ်အုပ်စုအဖွဲ့များအကြား ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ရာ စစ်အုပ်စုဘက်မှ သုံးဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရကာ ကားတစ်စီးလည်း ပျက်စီးသွားကြောင်း သိရသည်။ 

• ကရင်ပြည်နယ်၊ ကော့လုံကျွန်းတွင် ဒေသခံများက စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့ သည်။ 

• ယနေ့ နေ့လယ် ၁၂ ခွဲခန့်က ဖာပွန်မြို့နယ်၊ ဖာပွန်-ကတိုင်ကိလမ်းမပေါ်ရှိ မထောနှင့် ခွေးသေကျေးရွာကြားတွင် KNU တပ်မဟာ ၅ နှင့် စစ်အုပ်စုလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်ကမှ နယ်ခြားစောင့် BGF တပ်ဖွဲ့များ ပါဝင်သည်ဟု သိရသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အသေးစိတ် မသိရသေးသော်လည်း မေလ ၂၀ ရက်က တပ်မဟာ ၅ နယ်မြေအတွင်း ဝင်လာသည့် BGF ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကာ တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်။ 

ချင်းပြည်နယ်

• မင်းတပ်မြို့နယ် စစ်ဘေးရှောင်များ တိမ်းရှောင်နေသည့် ချီချောင်းဘက်ရှိ ဘူကွန်းရွာတွင် ယမန်နေ့ နေ့လယ် ၂ နာရီမှ ၆ နာရီအထိ စစ်အုပ်စုလက်နက်ကိုင်များက တာလပတ်များခြုံ၍ အရပ်ဝတ် ဝတ်ဆင်ကာ စစ်ဘေးရှောင်ပုံစံ အသွင်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များ သုံးကာ စီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် Chinland Defense Force (မင်းတပ်) မှ တစ်ဦးကျဆုံးကာ ကိုးဦဒဏ်ရာရရှိခဲ့ပြီး စစ်အုပ်စုဘက်မှလည်း တစ်ဦးသေဆုံးကာ ဒဏ်ရာရသူများလည်း ရှိခဲ့သည်။ နှစ်ဖက်တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် ပြည်သူများအနက် အသက် ခြောက်ရက်သားအရွယ် ကလေးငယ် မှာ မိုးရွာသွန်းကာ ရာသီဥတု ဆိုးရွာမှုဒဏ်ကြောင့် ယနေ့နံနက် ၁ နာရီခွဲခန့်က ဆုံးပါးသွားခဲ့သည်။ 

• စစ်အုပ်စုဖွဲ့ ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများတွေ့ဆုံပွဲတွင် တက်ရောက်ခဲ့သည့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- CNLD မှ ပူးနိုထန်ကပ်မှာ ပါတီတွင် နုတ်ထွက်စာထားသူဖြစ်ကာ ပွဲတက်ရောက်ရန် မည်သူ့ကိုမှ တာဝန်မပေးထားကြောင်း ထုတ်ပြန်လိုက်သည်။

• စစ်အုပ်စုအား လက်နက်ကိုင်တော်လှန်နေသည့် Chinland Defense Force ထံသို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၂ ဦး ပူးပေါင်းကာ CDM ပြုလုပ်လာသည်ဟု CDF ဗဟိုက ထုတ်ပြန်ထားသည်။ ပူးပေါင်းလာသူများမှာ ကန်ပက်လက်ရဲစခန်းမှ တပ်သားမာန်အွမ်၊ ကောက်ထန်း၊ မာန်နိုင်း၊ ရွှီအွမ်၊ လိန်းဟုန်း၊ ထန်းပိုင်၊ ဇာနည်ကျော်၊ ထွန်းဝင်း၊ မန်ထုံးလိန်း၊ ဒုတပ်ကြပ် ဘူချွန်းနှင့် လိန်းထန်း၊ တပ်ကြပ်ကြီး ထန်ခေါမန်တို့ ဖြစ်သည်။ 

• ဖလမ်းမြို့နှင့် လေးမိုင်ခန့်အကွာ ကြောင်ငဲကျေးရွာအနီးတွင် စစ်အုပ်စုလက်နက်ကိုင်များက ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့် က လမ်းသွားလမ်းလာ ဆိုင်ကယ်စီးနင်းသူများကို ခြောက်လှန့်ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။ စစ်အုပ်စုမှာ ဖလမ်းမြို့မှ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက် သွားသည့် ကြောင်ငဲ-ဇာမွာလ်ကျေးရွာကြားတွင် တပ်စွဲထားလျက်ရှိသည်။ 

ရှမ်းပြည်နယ်

• ရှမ်းတောင်ပိုင်း၊ ပင်လောင်းမြို့နယ် ကျောင်းအချို့တွင် ဒေသခံများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း သွေးသပိတ် ပြု လုပ်ခဲ့သည်။ 

• ဟိုပုံးမြို့နယ်တွင် ပြည်သူ့ဘက်ရပ်တည်ကာ စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM ပြုလုပ်နေသည့် ပညာရေးဝန် ထမ်း ၂၀၀ ကျော်ကို စစ်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်သည်။ 

• ကျိုင်းတုံတွင်လည်း ပညာရေးဝန်ထမ်း ၂၂၉ ဦး CDM လုပ်သည့်အတွက် တာဝန်မှ ယာယီရပ်ဆိုင်းခံရသည်။

• မူဆယ်မြို့နေလူထုကလည်း "မူဆယ်မြို့ တိုင်ရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်း" ဖြင့် စစ်အုပ်စုလက်နက်ကိုင်များက အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေမှုများ ချက်ချင်းရပ်တန့် ရန်နှင့် စစ်အုပ်စုက လုံးဝအုပ်ချုပ်ခွင့်မရစေရဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• မူဆယ် ၁၀၅ မိုင် ကားကြီးကွင်းတွင် ယနေ့ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှု သုံးကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး သွင်းကုန် ထုတ်ကုန်များ စစ်ဆေးရာ X-ray စက်ထားရှိသည့် အဆောက်အဦ ထိခိုက်ခဲ့ကာ ကုန်တင်ကားအချို့ မှန်များ ဗုံးစထိမှန်၍ ပျက်စီးခဲ့သည်။ 

• ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်အုပ်စုလက်နက်ကိုင်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် ကျောက်မဲမြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့သည်။ 

• သီပေါမြို့တွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် Paper Strike ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• စစ်အုပ်စုခေါင်းဆောင်များရှိသည့် နေပြည်တော်၊ ပျဉ်းမနားတွင် ကျောင်းသားသမဂ္ဂနှင့် ဝန်းရံသူများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူစည်ကားရာ စျေးများ၌ ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့ပြင် အခြားမြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• လယ်ဝေးမြို့နယ်နေပြည်သူများကလည်း "အမျိုးသမီးများအား ခွေးကျင့်ခွေးကြံ လိင်အကြမ်းဖက်ခြင်းမှ အခု ရပ်" အပါ အဝင် စစ်အုပ်စုအား အလိုမရှိကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• အဆင်မြင့်ပညာလက်အောက်ရှိ ကျောင်းများတွင် ဂြိုဟ်တုစလောင်းများ တပ်ဆင်ထားပါက ထွေအုပ်ရုံးသို့ အပ်ရမည်ဖြစ် ကြောင်း စစ်အုပ်စုက အမိန့်ထုတ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required