မြန်မာကို အကူအညီအားလုံး ရပ်ပစ်နိုင်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး သတိပေး 

မြန်မာကို အကူအညီအားလုံး ရပ်ပစ်နိုင်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး သတိပေး 

မေ ၂၂

အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်သူများအား သေလောက်သော အင်အားသုံးကာ စစ်အာဏာသိမ်းအုပ်စုက ဆက်လက်နှိမ်နင်းနေခြင်းကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာအား ပေးထားသော အကူအညီအားလုံးကို ရပ်ဆိုင်းရလိမ့်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့ အင်တာဗျူးတစ်ရပ်၌ သတိပေးပြောဆိုသည်။ 

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား အကူအညီ အများဆုံး ပေးအပ်လှူဒါန်းနေသည့် နိုင်ငံဖြစ်ပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်က ဖြုတ်ချပြီးနောက် အကူအညီသစ်များကို ဆိုင်းငံ့ထားပြီးလည်း ဖြစ်သည်။ 

သို့သော် ထိုသို့ အကူအညီ ဆိုင်းငံ့ရပ်တန့်ထားခြင်းကို ထပ်တိုးလုပ်ဆောင်ရဖွယ် ရှိသည်ဟု Nikkei သတင်းစာသို့ ဝန်ကြီး တိုရှီမတ်ဆုမိုတေးဂျီက ပြောသည်။ 

“ဒီလိုမျိုး လုပ်လိုစိတ်တော့ မရှိပါဘူး၊ ဒါပေမယ့် ဒီ အခြေအနေတွေအောက်မှာတော့ အခက်အခဲတွေ ဆက်ဖြစ်နေဦးမှာပဲဆိုတာကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ ဖော်ပြရလိမ့်မှာ ဖြစ်တယ်”ဟု ၎င်းက သတင်းစာသို့ ပြောသည်။ 

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုကို နည်းလမ်းပေါင်းစုံကနေ ထောက်ပံ့ကူညီနေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်၊ မိတ်ဖက်နိုင်ငံအဖြစ် ကျွန်တော်တို့ဟာ နိုင်ငံတကာအသိုက်အဝန်းကို ကိုယ်စားပြုရလိမ့်မှာ ဖြစ်သလို ဂျပန်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိစေရလိမ့်မှာ ဖြစ်တယ်”ဆိုပြီး ၎င်းက ဆိုသည်။ 

အခြားသော နိုင်ငံအချို့က ချမှတ်ဒဏ်ခတ်မှုမျိုး စစ်တပ်နှင့် ရဲတပ်ဖွဲ့အကြီးအကဲများကို သီးခြားဒဏ်ခတ်ပိတ်ဆို့မှုမျိုး ဂျပန်နိုင်ငံက ချမှတ်ပြဋ္ဌာန်းခြင်း မရှိသော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ဆင်းရဲသည့် မြန်မာနိုင်ငံအား အကူအညီသစ်အားလုံးကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း မတ်လအတွင်းက ကြေညာခဲ့သည်။  

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အကြီးဆုံး စီးပွားရေး အကူအညီ ပေးသည့် နိုင်ငံဖြစ်ပြီး မြန်မာစစ်တပ်နှင့်လည်း ရေရှည်တည်မြဲသည့် ဆက်ဆံရေး ရှိထားကြောင်း မိုတေးဂျီက ပြောသည်။ 

၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအား ဖွံ့ဖြိုးရေးအကူအညီ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၄ ဘီလီယံ ဂျပန်နိုင်ငံက ပံ့ပိုးခဲ့ကြောင်း Nikkei အရ သိရပြီး အခြားသော မည်သည့်နိုင်ငံမဆို၏ အများသိ ထုတ်ပြန်သည့် အကူအညီထက် ပိုမို များပြားသည်။ တရုတ်နိုင်ငံ၏ အကူအညီစာရင်းဇယားကို အများသိ ထုတ်ပြန်ခြင်း မရှိပေ။ 

မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်အား ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းပြီးကတည်းက မတည်ငြိမ်မှုများအတွင်း လူပေါင်း ၈၀၀ ကျော်ထက်မနည်း သေဆုံးခဲ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly