NLD ပါတီကို ဖျက်မည်ဟု စစ်ရွေးကော်ဥက္ကဋ္ဌ ကြုံးဝါး

NLD ပါတီကို ဖျက်မည်ဟု စစ်ရွေးကော်ဥက္ကဋ္ဌ ကြုံးဝါး
ဓါတ်ပုံ- မဲအပြတ်အသတ်နိုင်ပြီးနောက် NLD ပါတီ ထောက်ခံသူများ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်တွင် လှည့်လည်အင်အားပြနေကြစဉ်။

မေ ၂၁

ရွေးကောက်ပွဲကော်မရှင်သစ်အကြီးအကဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ မဲမသမာမှုပြုသူများကို နိုင်ငံတော်သစ္စာဖောက်အဖြစ်အရေးယူရန် စဉ်းစားနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဏာသိမ်း စစ်ကောင်စီကဖွဲ့စည်းထားသော ကော်မရှင် ဥက္ကဌ ဦးသိန်းစိုးက နေပြည်တော်တွင် ယနေ့ကျင်းပသော နိုင်ငံရေးပါတီများနှင့်ဆွေးနွေးပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

"  အဲဒီလို ဥပဒေနဲ့ မညီ ကြိုတင်ကြံစည်ပြီးဆောင်ရွက်ခဲ့တဲ့  NLD ပါတီကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ၊ ပါတီကိုဖျက်ပစ်ရမယ်။ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်သစ္စာဖောက်တွေဖြစ်တယ်ဆိုတဲ့အပေါ်မှာ စဉ်းစားဆောင်ရွက်ပြီးဖြစ်တယ်" ဟု စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်သော ဦးသိန်းစိုး၏ပြောစကားကို မြန်မာနောင်းက တင်ထားသော အသံဖိုင်အရ သိရသည်

အစည်းအဝေးတက်ရောက်သူနိုင်ငံရေးပါတီကိုယ်စားလှယ်တစ်ယောက်က “ အခုလက်ရှိ မဲစာရင်းအမှားတွေကို ပြန်စစ်ဆေးနေတာ ရှစ်မြို့နယ်စာ လောက်ပဲ ကျန်တော့တယ် ဆိုတဲ့အကြောင်းရယ်၊ မဲစာရင်း အားလုံးနီးပါး စစ်ဆေးပြီးပြီ" ဟု ပြောဆိုကြောင်း ပြန်လည်ဖောက်သည်ချသည်။ 

ကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီများ ဒုတိအကြိမ်ဆွေးနွေးပွဲသို့  ပါတီ ၆၀ ခန့် တက်ရောက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံတဝှမ်းယှဉ်ပြိုင်သည့်ပါတီနှင့် ဒေသတွင်းယှဉ်ပြိုင်သည့်ပါတီ စုစုပေါင်း ၉၃ ပါတီရှိခဲ့ပြီး NLD ပါတီက မဲအပြတ်အသတ်အနိုင်ရခဲ့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့ လွှတ်တော်ခေါ်မည့်နံနက်တွင် စစ်အုပ်စုက အာဏာသိမ်းလိုက်ကာ ပါတီခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required