မော်တာကျည်တစ်ချို့ ထိုင်းဘက် ကျရောက်မှုအတွက် ထိုင်းစစ်တပ်က မြန်မာအာဏာသိမ်းစစ်တပ်ကို သတိပေး

မော်တာကျည်တစ်ချို့ ထိုင်းဘက် ကျရောက်မှုအတွက် ထိုင်းစစ်တပ်က မြန်မာအာဏာသိမ်းစစ်တပ်ကို သတိပေး
Photo - Bangkok Post

မေ ၂၁

မြန်မာအာဏာသိမ်းစစ်တပ် ပစ်ခတ်ခဲ့သည့် မော်တာကျည်တစ်ချို့ ထိုင်းနိုင်ငံထဲ ကျရောက်ထိမှန်ခဲ့မှုဖြစ်စဥ်နှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်က မြန်မာအာဏာသိမ်းစစ်တပ်ကို သတိပေးသည့် အကြောင်းကြားစာတစ်စောင် ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ရှေ့ကာလတွင် မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ ထိုင်းနယ်နမိတ်ထဲအထိ ချဲ့ထွင်လုပ်ဆောင်ခြင်းမျိုး မရှိစေရေးအတွက် တောင်းဆိုမည့် စာတစ်စောင်ကို ထိုင်း-မြန်မာ နယ်စပ်ကော်မတီကနေတဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးကို ကြီးကြပ်ကိုင်တွယ်နေသည့် ထိုင်း အမှတ်-၃ ကြည်းတပ် အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အပီချတ် ဆွီဆက်က ပြောသည်။

မြန်မာ အာဏာသိမ်းစစ်တပ်သည် ယမန်နေ့ နေ့လည်ပိုင်းက နယ်စပ်ကို ကျော်ပြီး မော်တာကျည် သုံးလုံး ပစ်ခတ်ခဲ့ရာ ယင်းတို့သည် မယ်ဟောင်ဆောင် ပြည်နယ် မဲစရီယန်းအရပ် တမ်ဘွန်မဲယွမ်ရှိ ဘန်သာတာဖန်း ကျေးရွာသို့ ကျရောက်ထိမှန်ခဲ့ပြီးနောက် ထိုင်းစစ်တပ်၏ သတိပေးမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

“နယ်စပ်မှာ မီးခိုးဗုံးတစ်လုံး ပစ်ပြီး ကျွန်တော်တို့ဘက်က သူတို့ကို သတိပေးခဲ့ပါတယ်၊အဲဒီတော့ သူတို့ ပစ်နေတာတွေ ရပ်သွားခဲ့ပါတယ်’ ဟု အပီချတ်က ပြောသည်။

မော်တာကျည်များသည် မြစ်ကမ်းပါးအနီး လူသူမနေသည့် ဧရိယာများသို့ ထိမှန်ခဲ့သည့်အတွက် တစုံတရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဟုလည်း ၎င်းက ပြောသည်။ ကရင်အမျိုးသားအစည်းအရုံး တပ်ဖွဲ့၀င်များ နယ်စပ်ကို ဖြတ်ပြီး ပြေးသည်ဟု အာဏာသိမ်းစစ်တပ်က ယုံကြည်ပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ဖွယ် ရှိကြောင်း ထိုင်းစစ်တပ် သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly