နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၂၀ မေ ၂၀၂၁)
ပုံ - မေလ ၂၀ ရက်၊ ချင်းပြည်နယ် ကလေးမြို့ရှိ ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီအလိုမရှိကြောင်း ဆန္ဒပြလှုပ်ရှားမှု မြင်ကွင်း(Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်း၊ ကုလသမဂ္ဂရုံးအနီးရှိ အ.ထ.က (၁) တာမွေတွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားရာ ရဲမှူးအပါအဝင် ရဲသားအချို့ ဒဏ်ရာရရှိခဲ့သည်။ 

• အင်းစိန်လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။

• တောင်ဒဂုံမြို့နယ်နေ ပြည်သူများကလည်း စစ်အုပ်စုအား ပျောက်ကြားစနစ်ဖြင့် ခုခံတွန်းလှန်သွားရန်အတွက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ - PDF ကို ဖွဲ့စည်းထားပြီ ဖြစ်သည်။ တောင်ဒဂုံနေ လူငယ်များကလည်း ယနေ့နံနက်ပိုင်းတွင် မြို့နယ်တွင်း လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ဒဂုံမြိုသစ် တောင်-မြောက်လမ်းဆုံအနီး တောင်ဒဂုံရဲစခန်းအနီးရှိ ဆိုင်ကားဂိတ်တွင် Bluetooth စပီကာဖြင့် တော်လှန်ရေး သီချင်းဖွင့်ထားမှုကြောင့် သွားရောက်ပိတ်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး ရဲသား တစ်ဦး ထိခိုက်သေဆုံးခဲ့သည်။ ထို့ပြင် ၁၀၅ ရပ်ကွက်ရှိ စက်မှုလက်မှုသိပ္ပံကျောင်းတွင်လည်း Bluetooth စပီကာဖြင့် သီချင်းဖွင့်ထားသည့်နားတွင် ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့သဖြင့် စစ်အုပ်စုလက်နက်ကိုင်များက သိမ်းဆည်းသွားသည်။ ပေါက်ကွဲမှုဖြစ်အပြီးတွင် ရဲစခန်းအနီးနှင့် မြို့နယ်ထွေအုပ်ရုံးရှေ့တို့တွင် လမ်းများပိတ်ကာ စစ်ဆေးမှုများပြုလုပ်လျက် ရှိသည်။

• ကြည့်မြင်တိုင်လူငယ်များကလည်း မြို့နယ်တွင်းကျောင်းများရှေ့တွင် ကျောင်းမတက်နဲ့ ကျောင်းပျက် ကမ်ပိန်းပြုလုပ်ကာ စစ်ကျွန်ပညာရေးစနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ ဆင်မလိုက်သင်္ဘောကျင်းမှတ်တိုင်အနီးတွင် ရန်ကုန်လူငယ်များက "ညီညာဆင်နွှဲ ရန်ကုန်တိုက်ပွဲ" ဆိုင်းဘုတ်များ ကိုင်ဆာင်ကာ လူအင်အား ၁၀၀ ကျော်ဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယင်းသပိတ်စစ်ကြောင်းတွင် ရန်ကုန်မြို့နယ်စုံမှ လူငယ်များ ပါဝင်သည်။ 

• တာမွေမြို့နယ်၊ ၁၅၅ လမ်းနေ အနည်းဆုံး လူငယ် ၁၀ ဦးကျော်အား ယနေ့ နေ့လယ် ၁၁ နာရီခွဲခန့်က စစ်အုပ်စုလက်အောက်ခံ ရဲနှင့် စစ်သားများက စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး မျိုးကြီးဆိုသူနှင့်အတူ Double Cab နှစ်စီး၊ Light Truck ကားတစ်စီးတို့ဖြင့် လာရောက်ကာ ဖမ်းဆီးသွားသည်ဟု သိရသည်။ 

• စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းနှင့် တရုတ်ကျောင်းလမ်းကြားတွင် ယနေ့ နေ့လယ်ပိုင်း ၁၂ နာရီခန့်က ပေါက်ကွဲမှုတစ် ရပ်ဖြစ်ပွားခဲ့ပြီး တရုတ်ကျောင်းလမ်းအတွင်း စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိကာ လမ်းများပိတ်ထားခဲ့သည်ဟု သိရသည်။ 

• စမ်းချောင်းတွင် မီတာခများ ပေးဆောင်းရန်အတွက် မီတာစာရွက်များ လိုက်လံဖြန့်ဝေနေပြီဖြစ်ကာ ကင်းလွတ်ခွင့်များ ထည့်သွင်းပေးထားဆဲဖြစ်ပြီး ဇန်နဝါရီလအတွက် ပေးဆောင်ရမည့် မီတာစာရွက်များ ဖြစ်နေသည်။ 

• ရန်ကုန်မြို့ပေါ် ပုဂ္ဂလိကဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းရှိ Makro ရှော့ပင်းစင်တာ ကားပါကင်တွင် ယနေ့နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်က အသံဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ယမန်နေ့ကလည်း စျေးဝယ်သူများမှ မှတ်ပုံတင်၊ လိုင်စင်ပြမှသာ ဝင်ခွင့်ပေးမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် စစ်အုပ်စုလက်နက်ကိုင် များက ကုန်တိုက်အား ပိတ်ဆို့ထားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• မင်္ဂလာဒုံနေ လူငယ်များက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• သင်္ဃန်းကျွန်းမြို့နယ်တွင် သီတင်းသုံးနေသည့် သံဃာတော်များက "မင်းတို့လုပ်သလို မလုပ်နိုင်တဲ့ ရဟန်းဘဝမို့ ခွင့်လွှတ်ပါ" အပါအဝင် စစ်အုပ်စုအား အလိုမရှိကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကျောင်းတွင်းသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ဦးဖြိုးမင်းသိန်းလက်ထက် ဖွဲ့စည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို မြို့ပြကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) အဖြစ် ပြောင်းလဲဖွဲ့စည်းကာ စစ်ကောင်စီမှ နယ်/လုံတာဝန်ယူထားသူ ဗိုလ်မှူးကြီးဝင်းတင့် (ဥက္ကဋ္)၊ ယခင် ကညနညွှန်မှူးငြိမ်း ဦးချစ်ကိုကို (ဒုဥက္ကဋ္ဌ) နှင့် YRTA စည်းကမ်း ထိန်းသိမ်းရေးဌာနတွင် လုပ်ကိုင်ခဲ့သူ ဗိုလ်မှူးကြီးအောင်ဝင်းက အတွင်းရေးမှူးအဖြစ် ပါရှိသည်။ ယခင် YRTA အုပ်ချုပ်မှု ဒါရိုက်တာ ဒေါက်တာမောင်အောင်နှင့် တွဲဖက်အတွင်းရေးမှူး ဦးလှေအာင်တို့လည်း အကြံပေးပညာရှင်အဖြစ် YRTC တွင် ပါဝင်မည် ဖြစ်သည်။ 

မန္တလေးတိုင်းဒေသကြီး

• မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် ယမန်နေ့ အသွားအလာကန့်သတ်ထားသည့် ည ၉ နာရီခန့်က မန္တလေး အ.ထ.က (၂၄) မှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ ဒေါ်စောစန္ဒာအေးနှင့် ကျောင်းစောင့်တစ်ဦးကို စစ်အုပ် စုလက်နက်ကိုင်များက လာရောက်ဖမ်းဆီးသွားပြီး သတင်းပေးကြောင့် ဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက သုံးသပ်နေ ကြသည်။ 

• မန္တလေးတွင် ယနေ့နံနက်ပိုင်းက မန္တလာတက္ကသိုလ် ကျောင်းသား/သူများ သပိတ်စစ်ကြောင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေး၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နေ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ်ပြု လုပ်ခဲ့သည်။ 

• ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းသားစုပေါင်းသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ချမ်းမြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂ သပိတ်စစ်ကြောင်းလည်း လမ်းမများပေါ်တက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းများက လမ်းမကြီးများပေါ်ထိတက်၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ တပ်ပေါင်းစုတွင် ဘုရားကြီး၊ အ.ထ.က (၇) ကျောင်းသားဟောင်း၊ တမ္ပဝတီလူထု စသည့် သပိတ်စစ်ကြောင်းများ ပါဝင်သည်။ 

• အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းပေါ်တက် ဆန္ဒပြခဲ့သည်။ 

• လေးပြင်ရပ်သံဃာတော်နှင့် ပြည်သူများ ပူးပေါင်းထားသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကလည်း နေ့လယ်ပိုင်းတွင် ပုံမှန်အတိုင်း လမ်းပေါ်တက်လာကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းနှင့် NUG အစိုးရထောက်ခံကြေငာင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• မြင်းခြံတွင် ယနေ့နံနက်ပိုင်းက နေရာသုံးခု၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ နံနက် ၇ နာရီကျော်ခန့်က မြို့ပေါ် ငွေကြယ်ဖြူဆေးဆိုင်တွင် ပေါက်ကွဲပြီးနောက် ဆေးဆိုင်ပိုင်ရှင်အိမ်တွင်လည်း ထပ်မံပေါက်ကွဲခဲ့သည်။ ယင်းနောက် အမှတ် (၁၉) ရပ်ကွက်ရှိ မသီတာယုမွန်ဆိုသူအိမ်တွင် ထပ်မံပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှုများပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက မြို့ပေါ်နှင့် အနီးကျေးရွာများအထိပါ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်လျက် ရှိသည်။ 

ပဲခူးတိုင်းဒေသကြီး

• ပြည်တွင် ယမန်နေ့ညနေပိုင်းက ရွှေတံခါးရပ်ကွက်ရုံးတွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်။

• ပဲခူးတွင် အမှတ် (၆) မီးရထားရဲတပ်ဖွဲ့မှ ရဲသားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ ယမန်နေ့ည ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ တစ်ဦးမှာ နဖူးကျည်ထိမှန်၍ သေဆုံးသွားသည်။ 

• ပဲခူးမြို့ ကျောင်းသားသမဂ္ဂလူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ပဲခူးမြို့၊ ပုဏ္ဏားစုရပ်ကွက်တွင် ဧည့်စာရင်းတိုင်သူများ ရှိနေကာ တစ်ခါတိုင်ကြားပါက ငွေကျပ် ၅၀၀ ကောက်ခံနေကြောင်းလည်း သိရသည်။ 

• ဝေါမြို့နယ်၊ ညောင်ခါးရှည်ရွာတွင် စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးအိမ် ဗုံးကွဲပြီးနောက် ဒေသခံ ၄၀ ကျော်အား ဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း သိရသည်။ မေလ ၁၉ ရက် နံနက်ပိုင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်အုပ်စုလက်နက်ကိုင်များက စစ်ကား ခြောက်စီး၊ အင်အား ၁၅၀ ခန့်ဖြင့် လမ်းများပိတ်ဆို့ကာ တစ်အိမ်တက်ဆင်းရှာဖွေမှုများ ပြုလပ်ပြီးနောက် ပေါက်ကွဲရာ (၂) လမ်းအတွင်းရှိ လူအများစုအပါအဝင် ရွာခံ ၄၀ ကျော်ကို ယနေ့နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေခြင်း ဖြစ်သည်။ ထို့ပြင် ရွာအဝင်အထွက်လမ်းများအား ပိတ်ဆို့ထားကာ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စမှ လွဲ၍ အပြင်မထွက်ရန်နှင့် မနက် ၆ နာရီမတိုင်ခင်နှင့် ည ၆ နာရီကျော်ပေါ်က အပြင်မထွက်ရန်လည်း ညွှန်ကြာထားကာ လူစုံသည့် ကျေးရွာစျေးကိုလည်း ပိတ်ထားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• နာဂဒေသ၊ လေရှီးမြို့နယ်တွင် မေလ ၁၇ ရက်က စစ်အုပ်စုစခန်းတစ်ခုအား အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ်တစ်ဦးအပါအဝင် စုစုပေါင်းလေးဦး သေဆုံးခဲ့ပြီး စစ်အုပ်စုဘက်က အဆိုပါသတင်းအား ဖုံးကွယ်ထားသည်။ 

• စစ်ကိုင်းမြို့မစျေးအရှေ့ဘက်ရှိ အလယ်ပေါက်အနီးတွင် ယမန်နေ့ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လက်နက်ကိုင် စစ်အုပ်စုအဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့မှာ စစ်မှုထမ်းဟောင်းများဟု သိရသည်။ ပေါက်ကွဲမှုဖြစ်အပြီး စစ်အုပ်စု ဘက်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် သွားလာနေသူနှစ်ဦးကို ဖမ်းဆီးသွားသည်။ ထို့ပြင် စစ်ကိုင်း ဇေယျာကွက်သစ်နှင့် ရွှေမင်းဝံရပ်ကွက်များတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သေးသည်။ 

• ပင်လယ်ဘူးမြိုနယ် NLD တိုင်းအမတ် ဦးသန်းလှိုင်မှာ မြို့နှင့် မိုင် ၂၀ ခန့် ဝေးသည့် ကျေးရွာတစ်ခုတွင် ပုန်းရှောင်နေစဉ် စစ်အုပ်စုလက်နက်ကိုင်များက ၎င်းနှင့်အတူ ဒေသခံသုံးဦးအား ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားသည်။

• စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးတွင် ဒေသခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့တွင် မင်းတပ်စစ်ဘေးရှောင်များအတွက် အလှူလာခံသူများအား တည်းခိုခွင့်ပေးခဲ့သည့် ဦးထန်းမန်ကီးအား ယနေ့နံနက်ပိုင်းက စစ်အုပ်စုလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားသည်။ ကလေးမြို့တွင် မြို့ခံလူငယ်များဦးဆောင်သည့် သပိတ်စစ်ကြောင်းများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက မြို့လယ်ခေါင် ရုပ်ရှင်အနီးရှိ လျှပ်စစ်ရုံး၌ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ် ရာရရှိသူ မရှိခဲ့ဟု သိရသည်။ ယနေ့နံနက်ပိုင်းကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းဝင်းအနီးတွင် စစ် အုပ်စုလက်နက်ကိုင်များက ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား တားဆီးစစ်ဆေးမှုများ ပြုလုပ်ကာ လုံခြုံရေး တင်ကြပ်ထားသည်ဟု သိရသည်။ ယမန်နေ့ကလည်း တာဟန်းရပ်ကွက် အနောက်ဘက်ရှိ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အနီး တွင် စစ်အုပ်စုလက်နက်ကိုင် ယာဉ်တန်းအား ဆိုင်ကယ်စီးနင်းလာသူတစ်ဦးက ဗုံးပစ်သွင်းမှု ဖြစ်ပွားခဲ့ကာ မပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။ 

• မုံရွာပင်မသပိတ်စစ်ကြောင်းနှင့် တကသသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မုံရွာ၊ အမြင့်လမ်းပေါ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး သပိတ်စစ်ကြောင်းအပြီး လူစုခွဲပြီးချိန်တွင် စစ်ကားကိုးစီး ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

• ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း လူအင်အား ရာနှင့်ချီ စုဝေးကာ စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဟောပြောခြင်းနှင့် စီတန်းလှည့်လည်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

• တန့်ဆည်နေ ပြည်သူများက ဆိုင်ကယ်သပိတ်စစ်ကြောင်းဖွင့်ကာ အနီးအနားရှိ ကျေးရွာများအထိ လှည့်လည်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဘုတလင်မြို့ခံများကလည်း လူအင်အား အများအပြားဖြင့် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထီးချိုင့်မြို့နေ ပြည်သူများကလည်း ဆိုင်ကယ်များဖြင့် မြို့တွင်းလှည့်လည်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။ 

မကွေးတိုင်းဒေသကြီး

• တောင်တွင်းကြီးမြို့နယ်တွင် တောတွင်းရှောင်တိမ်းနေသည့် စည်သာကျေးရွာခံ ခြောက်ဦးအား စစ်အုပ်စုလက်နက်ကိုင်များ က ဖမ်းဆီးကာ ၎င်းတို့အနက် NLD အစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်မောင်ကြည်မှာ ရိုက်နှက်စစ်ဆေးခံရမှုများကြောင့် ကွယ်လွန်သွားပြီ ဖြစ်သည်။ 

• စစ်အုပ်စုဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ရှိသည့် ရေစကြိုမြို့နယ်၊ ဇီးတောရွာတွင် ဒေသခံပြည်သူများ၏ ခြောက်လှန့်ပစ်ခတ်ကာ နေအိမ်နှင့် ဆိုင်ကယ်များအား ဖျက်ဆီးပြီး နောက် ရွာခံနှစ်ဦးကို စစ်အုပ်စုက မတ်လ ၁၉ ရက် ညနေပိုင်းတွင် ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သည်။ 

• မြိုင်မြို့နယ်တွင်လည်း CDMပညာရေးဝန်ထမ်းများ၊ ကျောင်းသားများနှင့် မိဘပြည်သူများက စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ပခုက္ကူ၊ မြို့လယ်စျေးကြီးအတွင်း ဒေသခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• ပခုက္ကူမြို့နယ်၊ ကမ္မမြို့ခံများကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်းကို ဆန္ဒပြခဲ့ကြသည်။ 

• မြိုင်မြို့နယ်တွင်လည်း ပညာရေးမိသားစု၊ ကျောင်းသားနှင့် မိဘပြည်သူများ ပါဝင်သည့် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းကလည်း ယနနံနက်ပိုင်းက ကျေးရွာများတွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်လံမြို့၊ ဇိန့်ကျေးရွာရှိ အခြေခံပညာကျောင်းများတွင်လည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်းစာများအား ကျောင်းနံရံများတွင် ရေးကာ သွေးသပိတ် ပြုလုပ်ခဲ့သည်။ 

• ဆိပ်ဖြူမြို့နယ်နေ လူငယ်များကလည်း Paper Strike ပြုလုပ်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ် ညင်းမော်၊ စစ်ပြဲ၊ သဗျာနှင့် ပဉ္စသီမော်ပူးပေါင်း၊ ကထောင်းနီ၊ မောင်းမကန် ကျေးရွာတွင် ကျေးရွာသပိတ်စစ်ကြောင်းများ ထွက်၍ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ရေဖြူမြို့နယ်၊ ကံပေါက်ဒေသခံများကလည်း အင်အား ၇၀ ခန့်ဖြင့် ဖမ်းဆီးခံခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ NUG အစိုးရထောက်ခံကြောင်းနှင့် စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ထားဝယ်သပိတ်အား မေလ ၁၇ က စစ်အုပ်စုလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွဲကာ ဖမ်းဆီးသွားသူ ရှစ်ဦးအနက် သပိတ်နှင့် မဆိုင်သူ နှစ်ဦးကို ပြန်လွှတ်ပေးကာ ခြောက်ဦးအား ပုဒ်မ ၅၀၅ (က) (ဂ) နှင့် ပုဒ်မ ၁၄၅ တို့ဖြင့် တရားစွဲထားသည်ဟု သိရသည်။ ခြောက်ဦးအနက် အသက်မပြည့်သေးသူ နှစ်ဦးကိုမူ အာမခံဖြင့် လွှတ်ပေးကာ ကျန်လေးဦးကို ထားဝယ်အကျဉ်း ထောင်၌ ထိန်းသိမ်းထားသည်။ 

• ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းဆွေ (ခ) ဦးအိုငယ်ကို စစ်အုပ်စုလက်နက်ကိုင်များက ကြက်စားပြင်ရပ်ကွက်၊ အကောက်ခွန်ဂိုထောင်အနီးတွင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ယမန်နေ့ညပိုင်း ၉ နာရီခွဲခန့်က လက်နက်ကိုင်လုံခြုံရေးယူထားသူ စစ်သားတစ် ဦးအား ဆို်ငကယ်စီးလာသူတစ်ဦးက အုတ်ခဲဖြင့် ထုကာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ 

• မြောင်းမြနေ လူငယ်များကလည်း "လက်နက်မဲ့ပြည်သူတွေအပေါ်ဆို မင်းတို့က Power, လက်နက်ကိုင်ပြည်သူတွေနဲ့ဆို မင်းတို့က မသာ" အပါအဝင် တော်လှန်သော စာသားများ ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ဟင်္သာတမြို့ခံ လူငယ်များကလည်း "ဒီမိုကရေစီ မရသေးဘူး အင်တာနက်ရတိုင်း ပျော်မနေနဲ့"၊ "ငါတို့ အသံတိတ်ချင် တိတ်လိမ့်မယ် ဘယ်တော့မှ အလံမလိပ်ထားဘူး" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ အိမ်တွင်းသပိတ်ပြုလုပ် ၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• စစ်အုပ်စုလက်အောက် ဆက်လုပ်ကိုင်နေသည့် ပုသိမ်တက္ကသိုလ် တက္ကသိုလ်ပညာရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့များအား ဖျက်သိမ်းကာ ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်သည်။

• ဧရာဝတီတိုင်းတွင် မြစ်ဝကျွန်းပေါ် အထောက်အကူပြုအဖွဲ့ Delta Support Group (DSG) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်နိုင်ရေးကို အဓိက ဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။ 

• ဖျာပုံတွင် ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ ဖွင့်ပါက ကျောင်းဝင်းအတွင်း ပေါက်ကွဲခြင်း၊ မီးလောင်ခြင်း၊ ကျောင်းသားများ ပျောက်ဆုံးခြင်း၊ ဆရာနှင့် ကျောင်းသားများ ထိခိုက်ခြင်းတို့ ဖြစ်လာပါက ဖျာပုံ Gen-Z က လုံးဝတာဝန် မယူကြောင်းနှင့် လုံးဝမသက်ဆိုင်ပါကြောင်းနှင့် ကလေးငယ်များ လုံခြုံရေးအတွက် မိဘများတွင် တာဝန်ရှိကြောင်း သတိပေးစာများကို မြို့ပေါ်လမ်းများ၌ ကြဲဖြန့်ခဲ့ကြသည်။ 

• တနင်္သာရီမြို့နယ်၊ တကူးကျေးရွာနေ ဆရာ၊ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မအူပင်တွင် ပြည်သူ့ဘက်ရပ်တည်ကာ စစ်အုပ်စုလက်အောက် အလုပ်မလုပ်ဘဲ CDM လုပ်နေသည့် ပညာရေးဝန်ထမ်း ၃၀၆ ဦး အလုပ်မှ ယာယီရပ်ဆိုင်းခံထားရသည်။ 

• ကန်ကြီးထောင့်မြို့နယ် Gen – Z များကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Animation ရုပ်များ ပြုလုပ်၍ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• ကြံ့ခင်းမြို့နယ် Gen – Z များက စစ်အုပ်စုအထောက်အပံ့ဖြစ်စေမည့် မီတာခများ မပေးဆောင်ရန်အတွက် မေတ္တာရပ်ခံ ဆန္ဒပြခဲ့သည်။

• ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နေ့လယ် ၃ နာရီကျော်ခန့်က ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ကာ ထိခိုက်သူ ရှိ-မရှိကိုမူ စုံစမ်းနေဆဲဖြစ်ပြီး စစ်အုပ်စုက စည်သူကျော်ဆိုသူအား အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ထားကာ ဒေသခံများက လက်မခံသူ ဖြစ်သည်။ 

မွန်ပြည်နယ်

• ပေါင်မြို့နယ် ပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စာများအား သစ်ပင်များတွင် ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ သယ်ဆောင်လာသည့် ဆီဘောက်စာကားနှစ်စီးအား စစ်အုပ်စုအတွက် ဖြစ်နိုင်သည်ဟု မသင်္ကာဖွယ်ဖြစ်နေသည့် အကြောင်းပြချက်ဖြင့် KIA ဘက်က ယမန်နေ့ နေ့လယ်ပိုင်းက ဆွမ်ပရာဘွမ်မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်ထောင်နှင့် ခဂရားကျေးရွာကြားတွင် မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ 

• ဖားကန့်မြို့နယ်၊ တနိုင်းမြို့အသွား လီဒိုလမ်းပေါ်ရှိ ဘန်ကောက်ကျေးရွာအနီးမှ စစ်တပ်ကျောထောက်နောက်ခံ ယုဇန ကုမ္ပဏီဝင်းအား ယမန်နေ့ည ၉ နာရီခန့်က KIA မှ ဘတ်ဟိုးကားဖြင့် ဝင်ရောက်ဖျက်ဆီးပစ်ခဲ့ရာ ကုမ္ပဏီဝန်ထမ်းအိမ်ရာ၊ ဂိုထောင်နှင့် အုတ်တံတိုင်းနံရံများအားလုံး ပျက်စီးသွားခဲ့သည်။ ယခု ဖျက်ဆီးခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ကာ ဧပြီလ ၁ ရက်ကလည်း ဂိုထောင်လေးလုံး၊ ကုမ္ပဏီပိုင် ကားနှင့် စက်ယန္တရား ၂၃ စီးထက်မနည်း ဖျက်ဆီးတိုက်ခိုက်ခံရကာ ကုမ္ပဏီတာ ဝန်ရှိသူများနှင့် ဝန်ထမ်းများ ထွက်ပြေးခဲ့ရဖူးသည်။ 

• ဝိုင်းမော်တွင် ယမန်နေ့ည ၆ နာရီခန့်က လူငယ်လေးဦးအား အမှတ် (၃) ရပ်ကွက်ရှိ တက်တူးဆိုင်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ နော်ဆန်အောင် (၁၉ နှစ်)၊ မုန်ရိန်အောင် (၁၇ နှစ်)၊ မုန်ရိန် (၁၉) နှစ်နှင့် နောနော် (၂၀ နှစ်) တို့ ဖြစ်သည်။

• မိုးညှင်းမြို့ခံ လူငယ်များကလည်း ယနေ့အစောပိုင်းက မြို့ပေါ် ဓာတ်တိုင်နှင့် လူစည်ကားရာနေရာများတွင် စစ်ကျွန်ပညာ ရေးလက်မခံရန်နှင့် စစ်အုပ်စုလက်အောက် ဆက်လုပ်နေသည့် Non CDM ဆရာ/ဆရာမဓာတ်ပုံများကပ်ကာ ရှုံ့ချကြောင်း စာများ ကြဲဖြန့်ကာ စစ်ကျွန်ပညာရေးအား ဆန့်ကျင်တော်လှန်ခဲ့သည်။

• ဖားကန့်၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းကလည်း မြို့နယ်တွင်း လှည့်လည်ကာ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ မရှီကထောင်ရပ်ကွက်နေ ပြည်သူများကလည်း စစ်အုပ်စုလက်ပါးစေ လက်နက် ကိုင်များ လုံခြုံရေးယူထားသည့်ကြားကပင် ရပ်ကွက်တွင်း လှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ တာမခန်မြို့သစ်နေ ပြည်သူ များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့်၊ ဆိပ်မူအုပ်စု၊ တောင်းကော့ကျေး ရွာနေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့သည်။ 

• နမ္မတီးမြို့ခံများကလည်း "စစ်အာဏာရှင်စနစ် ကျဆုံးပါစေ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မြို့တွင်းလှည့်လည်၍ ဆန္ဒပြခဲ့ကြသည်။ 

• မိုးကောင်းပြည်သူများကလည်း "စစ်ခွေးနောက်လိုက် ဒလံတွေ မင်းတို့အနာဂတ် စဉ်းစားထားကြ" ဟု ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ရွှေကူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့နယ်စည်ပင်ဦးစီးမှူးနေအိမ်အနီးတွင် မိုင်းဟု ယူဆရသည် ပစ္စည်းများ တွေ့ရှိခဲ့ကာ စစ်အုပ်စုလက်နက်ကိုင်များက လာရောက်သိမ်းယူသွားသည်။ 

• ချီဖွေမြို့နယ်တွင် ခိုလှုံနေသည့် ဂျိတ်လွယ်နှင့် ရစ်ကျော်ရွာခံ စစ်ဘေးရှောင်များအား နေရပ်ပြန်ပါက တစ်အိမ်တစ်ယောက်နှုန်းဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် လုပ်ရမည်ဟု စစ်အုပ်စုဘက်က ဖိအားပေးနေကြောင်း သိရသည်။

ကယားပြည်နယ်

• လွိုင်ကော်၊ ချိကယ်ရပ်ကွက်နေ ပြည်သူငါးဦးအား ယမန်နေ့ည ၁၀ နာရီခွဲခန့်တွင် စစ်အုပ်စုလက်နက်ကိုင်များက ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးသွားပြီးနောက် ယနေ့န့နက်ပိုင်းတွင် တစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။ ဖမ်းဆီးခံရသူများမှာ ဘူးရယ်၊ ဆော်ရယ်၊ ဘိုဘိုအောင်၊ တင်မေင်လှိုင် (ခ) ဆလိုင်းနှင့် ကြည်ဇော်လှိုင်တို့ ဖြစ်ကာ ဘူးရယ်မှာ ပြန်လွတ်လာပြီ ဖြစ်သည်။ 

• လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာရှိ နီလာရိုးမဓာတ်ဆီဆိုင်နှင့် ဦးကြီး စိုက်ပျိုးရေးနှင် ဆေးပစ္စည်းရောင်းဝယ်ရေး ဆိုင်အနီးတွင် တိတ်အမဲဖြင့် ပတ်ထားကာ ဝါယာကြိုးစထွက်နေသည့် မပေါက်ကွဲသေးသော မိုင်းတစ်လုံး တွေ့ရှိခဲ့သဖြင့် စစ်အုပ်စု လက်နက်ကိုင်များက လာရောက်ဖောက်ခွဲသွားကာ အနီးရှိ သွားလာနေသည့် ပြည်သူများကို တားဆီးကာ ဆိုင်ကယ်နှင် ဖုန်းများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

• ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွဆုံသို့ စစ်အုပ်စုလက်နက်ကိုင်များက နံနက် ၈ နာရီခန့်က အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာတွင် ခြောက်လှန့်ပစ်ခတ်မှုများ စတင်ပြုလုပ်ခဲ့သည်။ 

• ယင်းနောက် မာနားပလော့ရပ် ကွက်နှင့် ဒေါငံခါး (၃) ရပ်ကွက်အတွင်းရှိ ပြည်သူများပြုလုပ်ထားသည့် အတားအဆီးများကို ဝင်ရောက်ဖယ်ရှားကာ ပစ်ခတ်မှုအချို့ ထပ်မံပြုလုပ်ခဲ့သဖြင့် ဒေသခံလူငယ်တစ်ဦး ကျည်ထိမှန်ထားသည်ဟု သိရသည်။ လက်ရှိတွင် ဒေါငံခါးရပ် ကွက်လမ်းမကြီးဘေးတစ်လျှောက်ရှိ စျေးဆိုင်များလည်း ပိတ်ထားလျက်ရှိသည်။ ထို့ပြင် ကရင်နီပြည်လူမျိုးပေါင်းစုံလွတ် မြောက်ရေးတပ်ဦး (ကလလတ) ဆက်ဆံရေးရုံးကိုလည်း စစ်အုပ်စုလက်နက်ကိုင်များက ဝင်စီးထားသည်။ 

• ဒီးမော့ဆိုမြို့နယ်၊ မာနာပလော့ရပ်ကွက်ရှိ နာရေးအိမ်တစ်အိမ်မှာ ဒေသခံ ရှစ်ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်ကောင်စီလက်နက်ကိုင်တပ်များက ယနေ့ နေ့လယ် ၃ နာရီကျော်ကလည်း ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာသို့ ဝင်ရောက်ကာ ရွာတွင်းရှိ စာသင်ကျောင်းဝန်းထဲ၌ တပ်စွဲထားသည်ဟု သိရသည်။

ကရင်ပြည်နယ်

• ကရင်အမျိုးသားအစည်းအရုံး - KNU ၏ တပ်မဟာ (၁)၊ (၆)၊ (၇) နယ်မြေများတွင် NUG/CRPH/PDF နှင့် ပတ်သက်သူများကို စစ်သင်တန်းပို့ချနေပြီး ယင်းမှာ NCA ပါ သဘောတူညီချက်ကို ဖောက်ဖျက်သည့်အတွက် ထိုသို့ သင်တန်းပေးနေမှုအား ကန့်ကွက်ကြောင်း ကရင်နစကကောင်စီက မေလ ၁၈ ရက် နေ့စွဲဖြင့် အကြောင်းကြားစာ ပို့ထားသည်။ ယင်းစွပ်စွဲချက်အ ပေါ် KNU က ငြင်းဆန်းထားသည်။ 

• သံတောင်ကြီးမြို့ခံများကလည်း မြို့တွင်းလှည်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကရင်ပြည်နယ်၊ သံလွင်မြစ်ကမ်း၊ မဲ့သရီးထစခန်းရှိ စစ်အုပ်စုလက်နက်ကိုင်များ ပစ်ခတ်သည့် လက်နက်ကြီး ကျည်ဆံ သုံးလုံး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့ခါထာ (ခ) ဘန့်ထာ့ထဖန်းကျေးရွာသို့ ယနေ့နေ့လယ် ၁၂ နာရီခန့်က ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းရုပ်သံသတင်းဌာနက ထုတ်လွှင့်သွားသည်။ 

ချင်းပြည်နယ်

• တီးတိန်တွင် ယမန်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အသက် ၁၀ နှစ်အရွယ် အပြစ်မဲ့ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

• ဟားခါးတွင် Chinland Defense Force ဘက်က ဟားခါး-မတူပီလမ်းမအကြားတွင် နယ်မြေရှင်းလင်းရေးလုပ်နေသည့် အင်အား ၇၀ ခန့်ရှိ စစ်အုပ်စုလက်နက်ကိုင်များအား ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ သုံးဦးသေဆုံးကာ အနည်းဆုံး ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားပြီး CDF တပ်ဖွဲ့ပိုင် ဆိုင်ကယ်အစီး ၃၀ ကျော်ကို စစ်အုပ်စုလက်နက်ကိုင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

• စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မင်းတပ် မြို့နယ်အုပ်ချုပ်ရေးမှူးနေရာတွင် မြောင်းမြအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေအား ပြောင်းလဲခန့်အပ်ထားသည်။ 

ရှမ်းပြည်နယ်

• သီပေါတွင် စစ်ဘေးရှောင်ပြည်သူများအား ရိက္ခာပို့ရန် ပြင်ဆင်နေသည့် လူငယ်နှင့် ကားငှားပေးသူ ၁၀ ဦးအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့က ဖမ်းဆီးသွားကာ ရိက္ခာနှင့် ကားကိုပါ ယူဆောင်သွားသည်ဟု သိရသည်။ 

• တောင်ကြီးတွင် စစ်အုပ်စု လက်အောက်အလုပ်မလုပ်ဘဲ ပြည်သူနှင့် တသားတည်းရပ်တည်ကာ CDM ပြုလုပ်သည့် အခြေခံ ပညာအဆင့် ဆရာ/ဆရာမ ၈၁၃ ဦးကို အလုပ်က ယာယီရပ်ဆိုင်းလိုက်သည်။

• ကျောက်မဲတွင် ဒေသခံများကလည်း နေ့စဉ်မပျက် ဆိုင်ကယ်သပိတ်ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော် လှန်လျက် ရှိသည်။ 

• မူဆယ်မြို့ခံများကလည်း "ကျွန်ခံမှာလား တော်လှန်မှာလား" ဟု ကြွေးကြော်ကာ မြို့တွင်းလှည့်လည်၍ စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ရခိုင်ပြည်နယ်

• ရခိုင်ရောက် ချင်းလူငယ်များကလည်း မင်းတပ်နှင့်အတူ ရပ်တည်ကြောင်း Paper Strike ပြုလုပ်ဆုတောင်းပေးကာ စစ်အာ ဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• ရခိုင်ပြည်နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းဦးအား ပြည်သူ့ဘက် ရပ်တည်ကာ CDM ပြုလုပ်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်မှုဖြင့် အလုပ်မှ ထုတ်ပစ်ခံလိုက်ရသည်။ 

နေပြည်တော်

• စစ်အုပ်စုခေါင်းဆောင်များ၏ စစ်မှုထမ်းနိုင်သည့် အသက်ကန့်သတ်ချက်များ ပယ်ဖျက်လိုက်ကာ ဗိုလ်ချုပ်အဆင့်ရှိ တိုင်းမှူးနှင့် စစ်တက္ကသိုလ်များရှိ ကျောင်းအုပ်နှင့် ဌာနမှူးများအား အသက် ၆၀ မပြည့်မီ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းကာလကျော်လွန်ပါက ဒုဗိုလ်ချုပ်ကြီးအဆင့်ထိ တိုးမြှင့်၍ အငြိမ်းစားပေးရန် ပြင်ဆင်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly