ကျောက်ပန်းတောင်းမြို့နယ်ထဲကအုပ်ကြီး နေအိမ်မှာ ဓါးထိုးခံရ

ကျောက်ပန်းတောင်းမြို့နယ်ထဲကအုပ်ကြီး နေအိမ်မှာ ဓါးထိုးခံရ

မေ ၂၀

ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို လူတစ်စုက အိမ်ပေါ်တက်ကာဓါးနဲ့ထိုးမှု မေ ၁၈ ရက်ညက ဖြစ်ပွားခဲ့ပါတယ်။

ပန်းကြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နေအိမ်ကို ည ၁၀ နာရီဝန်းကျင်မှာ လူတစ်စုက ဝင်ရောက်လာပြီး ဓါးနဲထိုးသွားလို့ မိတ္ထီလာဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။

ပန်းကြိုင်ရွာသားတစ်ဦးကတော့ “ခွေးဟောင်သံတွေကြားလို့ ရွာကလူတွေ ပုန်းနေတာကြောင့် ဓါးထိုးခံရချိန် ဘယ်သူဘယ်ဝါ ထိုးမှန်းမသိဘူး"လို့ပြောပါတယ်။ 

အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ဟာ NLD လက်ထက်မှာကတည်းက အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူဖြစ်ပြီး  အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှာလဲ အုပ်ချုပ်ရေးမှူးဆက်လုပ်နေတယ်လို့သိရပါတယ်။ 

အခင်းဖြစ်ပွားချိန်မှာ အုပ်ချုပ်ရေးမှူးဇနီးလည်း အိမ်မှာရှိနေပြီး ဓါးထိုးမှုကျူးလွန်သူလို့ စွပ်စွဲခံရသူတွေဟာ ဆိုင်ကယ်နဲ့ လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးကျော်မြင့်ဟာ ပန်းကြိုင်ရွာက လူငယ်တစ်ချို့ကို ဖမ်းဆီးဖို့ စီစဉ်ခဲ့ဖူးပါတယ်။ မေ ၁၄ ရက်နေ့က ပန်းကြိုင်နဲ့ ချောင်းပဲခြားတဲ့ နတ်မောက်မြို့နယ်အပိုင် ပင်းကြိုင်ရွာမှာ ဖမ်းဖို့အလိုရှိနေတဲ့လူငယ်တစ်ချို့ရောက်နေတယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ရဲကို ခေါ်လာခဲ့တယ်လို့ ဒေသခံတွေက မဇ္ဈိမကို ပြောပါတယ်။

ဒေသတွင်းက အွန်လိုင်းထုတ်ပြန်ချက်တစ်ခုဖြစ်တဲ့ KPG Update News မှာ " စစ်သားတွေက လိုက်ဖမ်းသော်လည်း တစ်ဦးတစ်ယောက်မျှ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် သေနတ် ၁၂ ချက်ဖောက်ခဲ့ပါတယ်။" လို့ရေးသားထားပါတယ်။ 

ရွာသားတစ်ဦးကတော့ " ပင်းကြိုင်ရွာမှာ အဲ့နေ့က မဂ်လာဆောင်ရှိတယ်။ မင်္ဂလာဆောင်ပါဝင်စီးဖမ်းတော့အကုန်ထွက်ပြေးရတယ်။စစ်ကားနှစ်စီးက ထမင်းတွေ၊ ဟင်းတွေ ဝင်စားပြန်သွားတာ။အဲဒါ ခေါ်တဲ့ ဒလန်က စစ်တပ်နဲ့ ရဲကို ငါးသိန်း စရိတ်ပေးရတယ်။" လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးဓားထိုးခံရပြီး နောက်တစ်နေ့ မေလ ၁၉ ရက်မှာ ရွာထဲကို စစ်သားတွေကားငါးစီးနဲ့ထပ်ရောက်လာပြီး အိမ်တွေကိုရှာဖွေမှုတွေလုပ်ကာ ပစ္စည်းတွေယူဆောင်သွားကြတယ်လို့ KPG Update News က ရေးသားထားပါတယ်။ 

အနီးဆုံးရဲစခန်းကနေ ပန်းကြိုင်ရွာကိုရောက်ဖို့ ဆိုင်ကယ်နဲ့ နာရီဝက်နီးပါးသွားရပါတယ်။ 

စစ်သားတွေရဲတွေရောက်တဲ့အချိန် ရွာသားတွေဟာ နီးစပ်ရာတောထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required