အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်မှ မြန်မာသို့ ပို့ကုန်တင်ပို့မှု ၆၀ ရာခိုင်နှုန်း ကျဆင်း

အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်မှ မြန်မာသို့ ပို့ကုန်တင်ပို့မှု ၆၀ ရာခိုင်နှုန်း ကျဆင်း

မေ ၂၀

စစ်တပ်အာဏာသိမ်းသည့် ဖေဖေါ်၀ါရီလတွင် မြန်မာ၏ နိုင်ငံတကာ ကုန်သွယ်မှုသည် စတင် ကျုံ့၀င်သွားခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်မှ မြန်မာသို့ ပို့ကုန်တင်ပို့မှုသည် ၆၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းကို Nikkei Asia က ရရှိသည့် ပဏာမ ကုန်သွယ်မှုဆိုင်ရာ ဒေတာအချက်အလက်များက ပြသနေသည်။

အမေရိကန်၊ ကနေဒါနှင့် နယူးဇီလန် အပါအ၀င် ကုန်သွယ်ဘက်နိုင်ငံ ရှစ်နိုင်ငံမှ မြန်မာသို့ ပို့ကုန်တင်ပို့မှု စုစုပေါင်းသည် ဖေဖေါ်၀ါရီလက ၃၈ ရာခိုင်နှုန်း ကျခဲ့ပြီး တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံမှ ယင်းနိုင်ငံများ၏ သွင်းကုန်တင်သွင်းမှုသည် ၉ ရာခိုင်နှုန်း ကျခဲ့ကြောင်း ကုလသမဂ္ဂသို့ တင်ပြသည့် ကုန်သွယ်မှု အချက်အလက်များအရ သိရသည်။

အဆိုပါ နိုင်ငံရှစ်နိုင်ငံ၏ မြန်မာနှင့်အကြား ကုန်သွယ်မှုသည် ပုံမှန်အားဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု စုစုပေါင်း၏ အကြမ်းဖျင်း ဆယ်ပုံ တစ်ပုံခန့် ရှိသည်။

အဆိုပါ ကုန်သွယ်ဘက် ရှစ်နိုင်ငံထဲတွင် အမေရိကန်မှ မြန်မာသို့ ပို့ကုန်တင်ပို့မှုသည် ၆၀ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့သလို တစ်ချိန်တည်းမှာပင် မြန်မာမှ အမေရိကန်၏ သွင်းကုန်တင်သွင်းမှုသည်လည်း ၁၂ ရာခိုင်နှုန်း ကျခဲ့ကြောင်း သိရသည်။ ယင်းသည် ၀ါရှင်တန်ဘက်က မြန်မာအပေါ် အရေးယူပိတ်ဆို့မှုများ မြန်မြန်ဆန်ဆန် ချမှတ်ခဲ့ခြင်းနှင့် သက်ဆိုင်နေသည်။ အခြားနိုင်ငံများသည်လည်း ယင်းအတိုင်း လိုက်လုပ်ထားခဲ့သလို အမေရိကန်သည် ပြီးခဲ့သည့်အပတ်များအတွင်း မြန်မာစစ်အုပ်စုကို ပစ်မှတ်ထားလျက် ထပ်တိုးအရေးယူမှုများ လုပ်ဆောင်ထားခဲ့ရာ မတ်လနှင့် ဧပြီလအတွက် ကုန်သွယ်မှု ကိန်းဂဏန်းများသည် ပိုမို သိသာထင်ရှားသည့် ကျုံ့၀င်မှုများကို ပြသလာဖွယ် ရှိနေပြီး ယင်းက စစ်တပ် စီမံခန့်ခွဲနေသော စီးပွားရေးအပေါ် ထပ်မံထိခိုက်မှုကို ထင်ဟပ်ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly