အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် မြန်မာသံအရာရှိ ၁၀၀ ခန့်ကို နိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီ ညွှန်ကြား

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်သည့် မြန်မာသံအရာရှိ ၁၀၀ ခန့်ကို နိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီ ညွှန်ကြား

မေ ၂၀

ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုကို ထောက်ခံအားပေးသည့် ပြည်ပရောက် မြန်မာသံ၀န်ထမ်း ၁၀၀ ခန့်ကို နိုင်ငံသို့ ပြန်လာရန် အာဏာသိမ်းစစ်အုပ်စုက ညွှန်ကြားထားကြောင်းကို ပြင်ပသို့ ပေါက်ကြားခဲ့သည့် ရုံးတွင်း စာရွက်စာတမ်းတစ်ခုအရ သိရသည်။

သို့သော် သံ၀န်ထမ်း အချို့သည် ထို အမိန့်ညွှန်ကြားချက်ကို လိုက်နာခဲ့ခြင်း မရှိဘဲ ၎င်းတို့တာ၀န်ကျရာ နိုင်ငံများတွင်သာ ဆက်ရှိနေကာ မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများကို ထောက်ခံပြီး ထုတ်ဖော်ပြောဆိုလျက် ရှိသည်။

မြန်မာနိုင်ငံသို့ ပြန်လာရန် ညွှန်ကြားခံရသည့် သံရုံး၀န်ထမ်းများသည် ဂျပန်၊ အမေရိကန်၊ ဗြိတိန်နှင့် စင်ကာပူ အပါအ၀င် နိုင်ငံ‌ပေါင်း ၂၀ ခန့်တွင် တာ၀န်ထမ်းနေခဲ့ကြသူများ ဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သောအားဖြင့် တာ၀န်၀တ္တရားများကို မထမ်းဆောင်ဘဲ ကန့်ကွက်သပိတ်မှောက်ခဲ့မှုအတွက် တိုကျိုရှိ မြန်မာသံရုံးမှ သံအရာရှိနှစ်ဦးကို စစ်အုပ်စုက ရာထူးကနေ ထုတ်ပယ်ခဲ့ကြောင်း သံတမန်သတင်းရင်းမြစ်များက မေလ ၁၉ ရက်တွင် ပြောသည်။

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်သူတစ်ဦးဖြစ်သည့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ဖေဖေါ်၀ါရီ ၂၆ ရက်က ကုလ အထွေထွေညီလာခံ အစည်းအဝေးတစ်ခုတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ထားခဲ့သည်။

ဦးကျော်မိုးထွန်းသည် ၎င်းအား ထုတ်ပယ်သည်ဆိုသည့် စစ်အုပ်စု၏ ထုတ်ပြန်ချက်ကို အရေးမစိုက်ဘဲ မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်အားစုများကို ဆက်လက်ထောက်ခံပေးရေးအတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်းလျက် ရှိသည်။

အမေရိကန်ရှိ မြန်မာသံရုံးမှ ဒုတိယအတွင်း၀န် ဒေါ်သက်ထားမြရီစန်းက ဧပြီ ၂၉ ရက်တွင် The Washington Post တွင် အတွေးအမြင်ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။

ဆောင်းပါးထဲတွင် ဒေါ်သက်ထားမြရီစန်းက သူမနှင့် သံရုံးတွင် ရှိသည့် အခြားသံအရာရှိသုံးဦးတို့သည် စစ်အုပ်စုကို ဆန့်ကျင်ကြောင်း ကြေညာရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောထားခဲ့သည်။ ယင်းသည် ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ကြောင်းလည်း သူမက ပြောခဲ့သည်။

“ဒါ‌ပေမယ့် ကျွန်မတို့ အောင်နိုင်လိမ့်မယ်၊ တရားမျှတမှုကို ပြန်လည်ရရှိနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်’ ဟု အဆိုပါ သံအရာရှိက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly