ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ညစ်ညမ်းပုံဖျက်ကာ ဖေ့စ်ဘုတ်တင်သူအား ဒုတိယအကြိမ် ရုံးချိန်း

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ညစ်ညမ်းပုံဖျက်ကာ ဖေ့စ်ဘုတ်တင်သူအား ဒုတိယအကြိမ် ရုံးချိန်း

ကန်ကြီးထောင့်၊ ဒီဇင်ဘာ ၂ ။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာတွင် Thu Thu အကောင့်ဖြင့် ညစ်ညမ်းပုံများတင်ကာ ဖြန့်ဝေခဲ့သည့် ဦးသန်းထွန်းအား ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့၊ မြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၂ရက်က ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

"အမှုကို ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့၊ တိုင်း ဥပဒေက လိုက်မှာပါ၊ တတိယရုံးချိန်မှာ စတင်စစ်ဆေးမှာပါ၊ လူထုခေါင်းဆောင်ပုံကို ညစ်ညမ်းပုံတွေလုပ်လို့ " ဟု တရားလိုရှေ့နေ   ဒေါ်မြင့်သိန်းက မဇ္ဈိမသို့ပြောသည်။

အမှုရင်ဆိုင်နေရသူ ဦးသန်းထွန်းကို ဆက်သွယ်ရေးပုဒ်မ ၆၆(က)ဖြင့် ကန်ကြီးထောင့်မြို့မရဲစခန်းတွင် အောက်တိုဘာလ ၁၇ ရက်က အမှုဖွင့်ခဲ့သည်။ နိုဝင်ဘာလ၂၅ ရက်တွင် ဖမ်းဆီးပြီး ပုသိမ် အကျဉ်းထောင်တွင် အချုပ်ဖြင့် ထားရှိထားသည်။ ယင်းအမှုအား ကန်ကြီးထောင့်မြို့နယ် တရားရုံးတွင် စစ်ဆေးပြီး ဒီဇင်ဘာလ ၁၄ ရက်တွင် တတိယရုံးချိန်း ပြန်လည်ချိန်းဆိုထားသည်။

"ကျွန်တော်တို့ သိတော့ သူ့ကိုတောင်းပန်ခိုင်းပါသေးတယ်၊ မတောင်းပန်လို့တရားစွဲဆိုတာပါ၊ ကျွန်တော်တို့ လူထုခေါင်းဆောင်ကို အခုလိုလုပ်တာ မကြိုက်ဘူး"ဟု ကန်ကြီးထောင့်မြို့မှတရားစွဲဆိုသူ ဦးစည်သူအောင်က ပြောသည်။

၎င်းအား နိုဝင်ဘာ ၂၅ရက်က ဆက်သွယ်ရေးဝန်ကြီးက တရားစွဲဆိုရန် ခွင့်ပြုလိုက်သဖြင့် ပြန်လည် ဖမ်းဆီးခြင်းလည်း ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ်တရားရုံးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖေ့စ်ဘုတ်ပေါ်တွင် လှောင်ပြောင်သရော်သည့်အတွက် မချောစန္ဒီထွန်း (ခေါ်) ချစ်သမီးကို ဖမ်းဆီးထားကာ အသေဖျက်မှု၊ ဆက်သွယ်ရေးပုဒ်မ ၆၆(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly