ဧရာဝတီတိုင်းက လွှတ်တော်အမတ်နှင့် တက်ကြွလှုပ်ရှားသူ ၅၀ နီးပါးကို စစ်ကောင်စီက အမှုကြီးများတပ်

ဧရာဝတီတိုင်းက လွှတ်တော်အမတ်နှင့် တက်ကြွလှုပ်ရှားသူ ၅၀ နီးပါးကို စစ်ကောင်စီက အမှုကြီးများတပ်

မေ ၁၉

ဧရာဝတီတိုင်းအတွင်းက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ စုစုပေါင်း ၄၈ယောက်ကို အာဏာသိမ်း စစ်ကောင်စီက အစိုးရ အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄နဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ၁၂၂ ပုဒ်မတွေနဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

အမှုဖွင့်ခံရတဲ့အထဲမှာ ယခင်က ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်ခံထားရတဲ့သူတွေ နဲ့ ပုဒ်မ ၁၂၂နဲ့ အမှုဖွင့်ခံထားရသူတချို့ ထပ်မံပါဝင်လာပြီး အမှုနောက်တစ်မှုထပ်တိုးခဲ့တာလည်းဖြစ်တယ်လို့ အမှုဖွင့်ခံရတဲ့သူတွေထဲက တစ်ယောက်ကပြောပါတယ်။

"ကျွန်တော့်ကို အစက ၅၀၅ (က )နဲ့ ၁၂၂ နှစ်မှုနဲ့ဖွင့်ထားပြီးသားဗျ။ အခုက ၁၂၄ ပါထပ်တိုးလာတာ ဘယ်လိုပဲထပ်အမှုဖွင့်ဖွင့်ပါ ဒါကျွန်တော်တို့အစိုးရမှ မဟုတ်တာ၊ သူပုန်အဖွဲ့ပဲလေ ရင်ခုန်စရာမရှိပါဘူး။ ဒီအရေးတော်ပုံကိုမကြာခင်အချိန်အတွင်းမှာ နိုင်အောင်ပြန်တိုက်ကြမှာပါ"လို့ ပုသိမ်မြို့က ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းကစတင်ဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ကိုကျော်နန္ဒ က ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုက အဲ့ဒီ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်အထိအမိန့် ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပြီး အမှုဖွင့်ခံရတဲ့သူတွေကတော့ကြောက်ရွံ့မနေပဲ ဒီတော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်သင့်တာတွေကိုဆက်လုပ်သွားမယ်လို့ပြောပါတယ်။

လက်ရှိမှာတော့ ပုဒ်မ ၁၂၄၊ပုဒ်မ ၁၂၂ တွေ နဲ့ အမှုဖွင့်ခံထားရတဲ့သူတွေထဲက လူတချို့ကိုတော့  စစ်အုပ်စုကဖမ်းဆီးထားပြီး တချို့ကတော့ ဧရာဝတီတိုင်းအတွင်းကထွက်ခွာပြီး စစ်အုပ်စုပြုတ်ကျရေးနဲ့ တော်လှန်ရေးအတွက်ပြင်ဆင်နေကြတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly