အမျိုးသားရေးသမားများနှင့် စစ်ကောင်စီတို့ သဘောတူညီမှုရလျှင် အနီတွေ " အသံတောင်ထွက်ရဲမှာမဟုတ်" ဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်

အမျိုးသားရေးသမားများနှင့် စစ်ကောင်စီတို့ သဘောတူညီမှုရလျှင် အနီတွေ " အသံတောင်ထွက်ရဲမှာမဟုတ်" ဟု မိုက်ကယ်ကျော်မြင့် ခြိမ်းခြောက်
ဓါတ်ပုံ- သူ့ကိုယ်သူ အမျိုးသားရေးလှုပ်ရှားသူဟု တံဆိပ်တပ်သည့် မိုက်ကယ်ကျော်မြင့်

မေ ၁၉

အမျိုးသားရေးလှုပ်ရှားသူများနှင့် အာဏာသိမ်းစစ်ကောင်စီတို့အကြား နားလည်သဘောတူညီမှုရလာပြီဆိုလျှင် စစ်အုပ်စုကိုဆန့်ကျင်သူများ အသံပင် ထွက်လာရဲမည် မဟုတ်ဟု ယနေ့ ထောင်ကလွတ်လာသည့် မိုက်ကယ်ကျော်မြင့်က ပြောဆိုလိုက်သည်။ 

"အစ်ကိုတို့ အမျိုးသားရေးလှုပ်ရှားသူတွေ တပ်မတော်ချစ်သူတွေက စောင့်ကြည့်နေတာ။ စောင့်ကြည့်တယ်ဆိုတာ တပ်မတော်ရဲ့ အစိုးရရဲ့ နားလည်မှုတစ်ခု ရဖို့၊ အချိန်ကာလတစ်ခုကို စောင့်နေတာ။ တပ်မတော်ရဲ့အမြင်သည် ကိုယ်တို့ ဒီဘက်ကအမျိုးသားရေးသမားတွေ အပေါ် နားလည်ခွင့်လွှတ်နိုင်တယ်ဆိုတဲ့ တစ်နေ့ ရောက်လာပြီဆိုရင် အဲ့ဒီအနီတွေ အသံတောင် ထွက်ရဲ မှာ မဟုတ်ဘူး။ ဒလန်တွေဘာတွေ ပြောနေတယ်ဆိုတာက သူတို့သေတွင်း သူတို့ တူးနေတာပဲ။ သူတို့ကိုယ် သူတို့ နိုင်ပြီထင်နေတာ။ အခု ကိုယ်တို့က ပြေး နေတာ မဟုတ်ဘူး ရှောင်ပေးနေတာ။ ရှောင်တယ်ဆိုတာက အစိုးရရဲ့ ယန္တရားကြီးလည်ပတ်မှုမှာ အစ်ကိုတို့ကြောင့် အဖုအထစ်တွေ အနှောက်အယျက်တွေဖြစ်မှာစိုးလို့ အစ်ကိုတို့က အသာလေး ကြည့်ပေးနေတာ။သူတို့ကိုကြောက်လို့ မဟုတ်ဘူး''ဟု  လက်ျာစွန်းဝါဒီ မိုက်ကယ်ကျော်မြင့်က ပြောသည်။

ရာထူးက ဖယ်ရှားခံရသည့် သမ္မတဦးဝင်းမြင့်အစိုးရလက်ထက်တွင် မိုက်ကယ်ကျော်မြင့်အပေါ် စွဲဆိုထားခဲ့သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ၅၀၅ (ခ) နှင့် အစိုးရကို မထီမဲ့မြင်ပြုမှု ပုဒ်မ ၁၂၄(က) တို့ကို စစ်ကောင်စီက အမှုပိတ်သိမ်းပေးလိုက်ကြောင်း သိရသည်။

ထောင်တွင်းသုံးလကျော်နေခဲ့ရသူ မိုက်ကယ်ကျော်မြင့်က သူ၏ ဖေ့စ်ဘွတ် လူမှုကွန်ယက်စာမျက်နှာတွင်  "တပ်မတော်အပေါ် အမြဲကျေးဇူးတင်လျက်ပါ။ ဒီကျေးဇူးတရားတွေကို ကျုပ်အသက်နဲ့ ရင်းပြီး ပြန်ဆပ်ရမယ်ဆိုရင်တောင် အမြဲအဆင့်သင့်ပါ''ဟု ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုထောက်ခံသူများကို အနီဟုရည်ညွှန်းပြောဆိုလျှက် လက်ရှိ စစ်အုပ်စု၏ နှိပ်ကွပ်မှုအပေါ် အပေါ် အားမလို အားမရဖြစ်နေကြောင်း သူက ပြောသည်။  

"၈၈ကို သွားတုနေလို့ မရဘူး။ ၈၈က သူတို့မှာ နိုင်ငံရေး လှုပ်ရှားမှုဆိုတဲ့အရိပ်ရှိတယ်။ အခုလက်ရှိမှာကျတော့ မဲလိမ်မဲခိုးပြီး နိုင်ငံတော်အာဏာကို အဓမ္မယူတဲ့အရိပ်နဲ့ နောက်တစ်ခုက ပေါ်ပေါက်လာတဲ့ အဂတိလိုက်စားမှုတွေရှိတယ်။ အခု သူတို့လက်ရှိလုပ်ကိုင်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေအရ သူတို့နှိပ်ကွပ်ခံရတယ်၊ သူတို့အခုလို အရေးယူခံရတယ်ဆိုတာ နည်းတောင် နည်းသေးတယ်။ ပြည်သူတွေ အားမရဘူး" 

" အစ်ကိုတို့က သူတို့အစိုးရလက်ထက်မှာတောင် အစ်ကိုတို့တွေ တော်လှန်လာတယ်၊ အစ်ကိုတို့တွေ သူတို့ကိုတိုက်ခိုက်လာတယ်ဆိုတာ ဥပဒေဘောင်အတွင်းကပဲ အနစ်နာခံပြီး နောက်ဆုံး ကိုယ့်ကိုကိုယ် ဝရမ်းပြေးအဖြစ်ခံပြီး တိုက်ခဲ့တာပဲ ရှိတယ်။ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာမရှိဘူး။ အကြမ်းဖက်ခဲ့တာ မရှိဘူး။ အခုသူတို့လုပ်နေတဲ့ လုပ်ရပ်တွေက သူတို့ကိုယ်သူတို့တော့ ဟုတ်နေကြတာပဲ။" ဟု သူက ပြောသည်။ 

ဆက်လက်၍ အမျိုးဘာသာ သာသနာနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမထိခိုက်စေသည့် အစိုးရမျိုး ပေါ်ပေါက်လာပါက ယခင်ပုံစံအတိုင်း အတိုက်အခံအနေဖြင့်သာ ရပ်တည်သွားမည်ဟု ဆက်လက်ပြောသည်။

တပ်မတော်ကိုထောက်ခံကြောင်း တဖွဖွပြောတတ်သည့် မိုက်ကယ်ကျော်မြင့်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံအပ်နှံပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့တွင် စိုက်ထူမည်ဆိုသော အထိမ်းအမှတ်ကျောက်တိုင်တစ်ခုနှင့်ပတ်သက်၍ ထုဆစ်ပြီးသော်လည်း အကောင်အထည်မဖော်ရခင်မှာ အဖမ်းခံခဲ့ရသည်။ 

" မဲလိမ် မဲခိုးပြီး တိုင်းပြည် အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးပမ်းအားထုတ်နေသူများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးယူဖြေရှင်းဆောင်ရွက်ပြီး တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ကယ်တင်ပေးပါရန် တပ်မတော်ကိုတာဝန်ပေးသည့် အထိမ်းအမှတ်အဖြစ် စိုက်ထူမည့် တိုင်းပြည်ပြည်ပြုမော်ကွန်းကျောက်တိုင်" ဟူ၍ သူ၏ကျောက်တိုင်အကြောင်းကို ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

အဆိုပါရေးသားချက်ကြောင့်လည်း နိုင်ငံတော်အကြည်ညိုပျက်ရန်ဆောင်ရွက်သူအဖြစ် သူ့ကို ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုလုပ်သောအမှုတွင်လည်း ဖမ်းဝရမ်းထုတ်ခဲ့သည်။

သူ့ကိုဖမ်းဆီးပြီး ကရော်ကမယ်ထုလုပ်ထားခဲ့သော ကျောက်တိုင်လေးအသိမ်းခံရမှု မတိုင်ခင်ဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်းကလည်း စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့်တရားစွဲခဲ့သည့် အစိုးရကို အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ရှောင်းတိမ်းနေခဲ့ရသည်။

နောက်ဆုံး အဖမ်းခံရပြီးနောက် ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် အာဏာသိမ်းခဲ့သည်။ အာဏာသိမ်းရသည့်အကြောင်းရင်းကိုပြောရာတွင် မိုက်ကယ်ကျော်မြင့်ပြောတာနှင့်ဆင်တူသော ရွေးကောက်ပွဲတွင် မဲစာရင်းကွာဟမှု ၁၀ သန်းကျော်ဖြစ်ခဲ့၍ မဲမသမာမှုရှိခဲ့သည်ကို ရှင်းလင်းပေးခြင်းမရှိ၍ဟု ပါဝင်ခဲ့သည်။ 

အစ္စလာမ်ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြဆူပူကြောင့် ထောင်ဒဏ်ကျခံဖူးသူ မိုက်ကယ်ကျော်မြင့်သည်  ရွေးကောက်ပွဲမတိုင်မီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ မဟာမိတ် နိုင်ငံရေးပါတီ၃၄ ပါတီတွေ့ဆုံပွဲတွင် သူထူထောင်ထားသည့် လူသိနည်းသော အခြေခံ လူတန်းစားဘဝမြင့်မားရေးပါတီကို ကိုယ်စားပြု၍ တက်ရောက်ခဲ့ဖူးသည်။ သူတို့နှစ်ယောက်တွဲရိုက်ထားသော ဓာတ်ပုံများကလည်း ဖေ့စ်ဘွတ်စာမျက်နှာတွင် ပျံနှံ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required