ဖက်ရှင်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ အော်ဒါအသစ်များကို ပြန်လည် စတင်မှာယူနေ

ဖက်ရှင်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ အော်ဒါအသစ်များကို ပြန်လည် စတင်မှာယူနေ

မေ ၁၈

ဖေဖေါ်၀ါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှ အော်ဒါအသစ် မှာယူမှုကို ယာယီ ရပ်ဆိုင်းထားခဲ့ပြီးနောက် ယခုအခါ မြန်မာနိုင်ငံရှိ ကုန်ပစ္စည်း ထောက်ပံ့ပေးသွင်းသူများထံမှ အော်ဒါသစ်များ ပြန်လည်မှာယူမှုကို တဖြည်းဖြည်းချင်း စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆွီဒင် ဖက်ရှင်လက်လီကုမ္ပဏီကြီး H&M က မေလ ၁၇ ရက်တွင် ပြောသည်။

“ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်း ထောက်ပံ့သူတွေ သူတို့တွေရဲ့ စက်ရုံတွေကို ပိတ်ရမယ့် အကျပ်အတည်းကို ရှောင်ရှားနိုင်စေဖို့ ကျွန်တော်တို့ ဆန္ဒရှိခဲ့ပါတယ်၊ အဲဒီလို စက်ရုံတွေ ပိတ်ရရင်လည်း အထည်ချုပ်လုပ်သား ထောင်သောင်းချီဟာ အလုပ်လက်မဲ့ဖြစ်တော့မှာဖြစ်ပါတယ်၊ ဒါကြောင့် ခုလို ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်” ဟု H&M က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားသည်။

အလေးထား စိစစ် အကဲဖြတ်မှု လုပ်ပြီးနောက် ကုမ္ပဏီအနေဖြင့် မြန်မာရှိ အာဏာသိမ်းစစ်တပ်နှင့် တိုက်ရိုက် ချိတ်ဆက်ပတ်သက်မှု မရှိဟု ကောက်ချက်ချထားခဲ့ကြောင်း H&M က ပြောသည်။ “နိုင်ငံတကာ ကုမ္ပဏီတွေမှာ ရှိကောင်း ရှိနေနိုင်တဲ့ ဖြစ်နိုင်ခြေရှိ သွယ်၀ိုက် ချိတ်ဆက်ပတ်သက်မှုတွေကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့လည်း ခုလက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ဥပဒေဆိုင်ရာ လမ်းညွှန်ချက်တွေ ရှာနေပါတယ်” ဟုလည်း ယင်းက ထုတ်ပြန်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီလုပ်ငန်းကြီးသည် မြန်မာနိုင်ငံတွင် ဆန္ဒပြသူများအပေါ် အသက်သေစေသည်အထိ အင်အားသုံးခဲ့မှုနှင့်ပတ်သက်ပြီး အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်းနှင့် နိုင်ငံတွင် အော်ဒါသစ်မှာယူမှုကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့် မတ်လက ထုတ်ဖော်ခဲ့သည်။

လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်ပြီး အလွန် စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း ယင်းက မေလ ၁၇ ရက်တွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required