မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲမည့် အစီအစဉ် ကုလ ရွှေ့ဆိုင်း

မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရေး ဆုံးဖြတ်ချက်မူကြမ်း မဲခွဲမည့် အစီအစဉ် ကုလ ရွှေ့ဆိုင်း

မေ ၁၈

မြန်မာနိုင်ငံကို လက်နက် ရောင်းချခြင်းနှင့် လွှဲပြောင်းပေးခြင်းများ ရပ်ဆိုင်းထားရေး တောင်းဆိုမည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မေလ ၁၈ ရက်တွင် ဆွေးနွေးရန် စီစဉ်ထားသည့် အစည်းအဝေးကို ယခုအခါ အကန့်အသတ်မရှိ နောက်ဆုတ်ရွှေ့ဆိုင်းလိုက်ကြောင်း သံတမန် သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ ဆုံးဖြတ်ချက်ပါ စာပိုဒ်များကို အတည်ပြုရန် လုံလောက်သည့် ထောက်ခံမှု မရှိခြင်းကြောင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခု မူကြမ်းဆုံးဖြတ်ချက် ရေးသားသူများသည် အဖွဲ့၀င် ၁၉၃ နိုင်ငံရှိ အထွေထွေညီလာခံတွင် အဆိုပြုချက်ကို အတည်ပြုနိုင်ရန် အလို့ငှာ ၎င်းတို့ မျှော်မှန်းထားခဲ့သလောက် ထောက်ခံမှု မရရှိထားခဲ့ကြောင်း အမည်မဖော်လိုသူ သံတမန်တစ်ဦးက ပြောသည်။

“ပြီးတော့ သူတို့က အထူးသဖြင့် အာဆီယံအုပ်စုနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အချိန်ယူဖို့ ဆန္ဒရှိနေခဲ့ပါတယ်” ဟု အခြားသတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

လက်ချင်စတိန်းနိုင်ငံ၏ ပန်ကြားချက်ဖြင့် မူကြမ်းရေးဆွဲခဲ့သည့် ထိုဆုံးဖြတ်ချက် စာပိုဒ်များကို ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ အပါအ၀င် နိုင်ငံ ၄၈ နိုင်ငံက ထောက်ခံထားသည်။ သို့သော် ယင်းကို ထောက်ခံလက်မှတ်ထိုးသည့် နိုင်ငံများထဲတွင် တောင်ကိုရီးယားသည် တစ်ခုတည်းသော အာရှနိုင်ငံအဖြစ် ရှိနေခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး အနည်းဆုံး အာဆီယံအဖွဲ့၀င် တစ်နိုင်ငံ၏ ထောက်ခံမှု ရရေး အားထုတ်သည့်အနေဖြင့် သီတင်းပတ်တစ်ချို့ ညှိနှိုင်းဆွေးနွေးခဲ့ရပြီး တောင်ကိုရီးယား၏ ထောက်ခံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မဖြစ်မနေ လိုက်နာစရာ မလိုသော်လည်း နိုင်ငံရေးအရ သြဇာကြီးသည့် ထို ကုလအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းထဲတွင် အာဏာသိမ်းမြန်မာစစ်အုပ်စုကို လက်နက်စုံ၊ ခဲယမ်းမီးကျောက်များနှင့် အခြား စစ်ဘက်နှင့် ဆက်စပ်သည့် ပစ္စည်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရောင်းချခြင်း၊ ထောက်ပံ့ခြင်း၊ လွှဲပြောင်းပေးခြင်း တို့ ချက်ချင်း ရပ်ဆိုင်းရေးကို တောင်းဆိုမည် ဖြစ်သည်။

ထို့ပြင် ထိုဆုံးဖြတ်ချက်မူကြမ်းတွင် မြန်မာတွင် အရေးပေါ်အခြေအနေ ကြေညာထားမှု အဆုံးသတ်ရေးနှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု ချက်ချင်း ရပ်ဆိုင်းရေးကိုလည်း အာဏာသိမ်းစစ်အုပ်စုကို တိုက်တွန်းတောင်းဆိုထားသည်။

အလားတူ ထိုဆုံးဖြတ်ချက်မူကြမ်းတွင် သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ဖက်သတ် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးကို ချက်ချင်း ပြန်လွှတ်ရေး တောင်းဆိုထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly