အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက အာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါက အာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်
Photo - AFP

မေ ၁၈

အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသည် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ မေလ ၁၇ ရက်တွင် ချမှတ်ခဲ့သည်။ ယင်းသည် ဖေဖေါ်၀ါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းစစ်တပ်အ‌ပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင်ရင်း တိုးမြှင့်ဖိအားပေးခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန်၏ ယခုချမှတ်သော ဒဏ်ခတ်ပိတ်ဆို့မှုသည် အာဏာသိမ်းစစ်ကောင်စီ (SAC) နှင့် လူပုဂ္ဂိုလ် ၁၃ ဦးကို ပစ်မှတ်ထားခဲ့သည်။ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါ၀င်သူများ၏ အမေရိကန်နိုင်ငံတွင်း ရှိသည့် ပိုင်ဆိုင်မှုများ ထိန်းချုပ်လိုက်ပြီ ဖြစ်သလို ၎င်းတို့နှင့် စီးပွားရေးဆက်ဆံပတ်သက်မှု မလုပ်ရန် အမေရိကန်နိုင်ငံသားများကို တားမြစ်မည် ဖြစ်သည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်းထဲတွင် SAC ၏ အဖွဲ့၀င် လေးဦးအပြင် အာဏာသိမ်းစစ်ကောင်စီ ခန့်ထားသည့် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအ၀င် စစ်အုပ်စု၏ အဓိကကျသည့် ပုဂ္ဂိုလ်များ ပါ၀င်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုသည် မြန်မာနိုင်ငံ ဒီမိုက‌ရေစီလမ်းကြောင်းဆီ ပြန်ရောက်စေရန် ကြိုးပမ်းထားခဲ့ခြင်း မရှိကြောင်း၊ ယင်းအတွက်ကြောင့် မြန်မာအပေါ် လက်နက် ရောင်းချမှု ပိတ်ပင်ခြင်းကဲ့သို့ အစီအမံများလုပ်ဆောင်ရေး စဉ်းစားဆုံးဖြတ်ရန် နှင့် စစ်တပ်ပိုင် အဖွဲ့အစည်းများနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်‌ရန်အတွက် နိုင်ငံအားလုံးကို တိုက်တွန်းကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်က ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် မြန်မာ အာဏာသိမ်းစစ်တပ်နှင့် ပတ်သက်ဆက်စပ်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ကနေဒါနိုင်ငံက ထပ်တိုး အရေးယူဒဏ်ခတ်မှုများ ချမှတ်ကြောင်း ကနေဒါ နိုင်ငံခြားရေး၀န်ကြီး မာ့ ဂါနူးကလည်း ပြောသွားခဲ့သည်။

အလားတူ ဗြိတိန်ကလည်း မြန်မာ့ကျောက်မျက်လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။ မြန်မာ့ကျောက်မျက်လုပ်ငန်းသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုထဲတွင် ပါ၀င်ထားခဲ့ပြီးဖြစ်သည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းပြီး စစ်တပ်က မတရားအာဏာသိမ်းယူပြီးနောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ နေ့စဉ်နီးပါး ပေါ်ပေါက်နေခဲ့ပြီး အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်ဖွဲ့၀င်များ၏ လူမဆန်စွာ အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် လူရာပေါင်းများစွာ အသက်ဆုံးရှုံးထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly