နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ မေ ၂၀၂၁)
ပုံ - မန္တလေးမြို့ရှိ ကျောင်းသားလူငယ်များစုပေါင်း၍ အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း (Photo - AFP)

ရန်ကုန်တိုင်းဒေသကြီး

• တောင်ဒဂုံမြို့နယ်၊ (၇၀) ရပ်ကွက်၊ ရွှေပြည်အေးနေ ကိုအဲစုအား မေလ ၄ ရက်တွင် စစ်အုပ်စုလက်နက်ကိုင်များက ရိုက်နှက် ဖမ်းဆီးခံရကာ ဒဏ်ရာများဖြင့် ပြန်လွတ်ပေးခဲ့သော်လည်း ဆေးရုံတွင် ကုသနေစဉ် ယနေ့နံနက်ပိုင်းက ကွယ်လွန်သွားပြီ ဖြစ်သည်။ ကိုအဲစုအား မိသားစုဝင်များက ငွေကျပ် ခြောက်သိန်းခွဲဖြင့် ပြန်လည်ရွေးယူထားခြင်းဖြစ်ကာ ပြန်လွတ်လာစဉ် ဒဏ်ရာများဖြင့် သတိမလည်သေးသည့်အတွက် ကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ 

• ရွှေပြည်သာမြို့နယ်၊ ၂၅ ရပ်ကွက်၊ သာဓုကန်စက်မှုဇုန်၊ ရွှေတံခါးလမ်းတွင် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကာ ညနေ ၄ နာရီခွဲခန့်တွင်လည်း သာဓုကန်ဘုရားအနီး၌ မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့သည်။

• စစ်အုပ်စုအား နေ့စဉ်နီးပါး လမ်းပေါ်တက်ကာ ဆန္ဒပြတော်လှန်နေသည့် စမ်းချောင်းမြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့အား ဖွဲ့စည်းထားပြီ ဖြစ်သည်။ 

• ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီး၊ တရားစွဲခံထားရသည့် အနုပညာရှင်များအား စစ်အုပ်စုဘက်မှ လိုက်လံစည်းရုံးနေကာ အမှုပိတ် သိမ်းခအဖြစ် ကျပ်သိန်းရာချီ တောင်းဆိုမှုများလည်း ရှိနေသည်ဟု သိရသည်။ 

• တွံတေး အ.ထ.က (၂) တွင် တပ်စွဲထားသည့် ဧရာဝတီရေတပ်ဌာနချုပ်နှင့် ရေတပ်ပစ္စည်းထိ်နးဌာနမှ တပ်သား မင်းသီဟကျော်နှင့် ဆလိုင်းအေးချမ်းအောင်တို့မှာ စစ်အုပ်စုလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့်အတွက် အာဏာဖီတဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်လာပြီ ဖြစ်သည်။ 

• တိုက်ကြီးမြို့နယ်တွင်းရှိ လူမျိုးပေါင်းစုံနှင့် အလွှာစုံမှ ပြည်သူများပူးပေါင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တိုက်ကြီး ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ရန်ကုန်မြို့နယ်စုံရှိ ချင်းတိုင်းရင်းသားလူငယ်များက စစ်အုပ်စုအား နည်းပေါင်းစုံဖြင့် ခုခံတော်လှန်နေသည့် ချင်းပြည်နယ်တွင်းရှိ ပြည်သူများနှင့်အတူ ရှိနေကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

မန္တလေးတိုင်းဒေသကြီး

• မိုးကုတ်တွင် စစ်အုပ်စု၏ ဗျူဟာကုန်းအရာရှိအိမ်ရာနှင့် မြို့တွင်း ထွေအုပ်ရုံးတို့တွင် ယမန်နေ့ ညနေ ၆ နာရီခန့်နှင့် ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ရာ ထွေအုပ်ရုံးအုတ်တံတိုင်းများ ပြိုကျခဲ့သည်ဟု သိရသည်။ 

• မြင်းခြံတွင် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က အမှတ် (၁၃) ရပ်ကွက်၊ အသေးစားချေးငွေဘဏ်အနီးတွင် ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ကာ တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ မြင်းခြံတွင် ဧပြီလ ၁၈ ရက်က စစ်အုပ်စုလက်နက်ကိုင်များက အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိ မှန်ခဲ့ကာ မန္တလေးတွင် တစ်လနီးပါးခန့် ဆေးကုသမှုခံယူနေရသူ ဆန်ဆိုင်အလုပ်သမား ဦးထွန်းဦးမှာ ယင်းဒဏ်ရာကြောင့် ပင် ယမန်နေ့က ကွယ်လွန်သွားပြီ ဖြစ်သည်။ 

• မြင်းခြံဒေသခံများကလည်း စစ်အုပ်စုဘက်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအား ရှုံချကြောင်းရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေးတက္ကသိုလ်တွင် CDM လုပ်နေသည့် ပညာရေးဝန်ထမ်းများအား လိုအပ်သည့်အကူအညီများ ပေးအပ်နိုင်ရန်အတွက် CDM အထောက်အကူပြုကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်သည်။ 

• မန္တလေးရှိ လက္ကားစျေးကြီးများအား မေလ ၂၄ ရက် နောက်ဆုံးထား၍ ဖွင့်လှစ်ရန်နှင့် မဖွင့်သည့်ဆိုင်ခန်းများအား စည်ပင်ပိုင်အဖြစ် သိမ်းယူမည်ဖြစ်ကြောင်းကို မန်းစည်ပင်ကော်မတီက ဖိအားပေး အကြောင်းကြားစာများ ထုတ်ထားသည်။

• “စစ်တပ်ဟာ နိုင်ငံတော်ကို ပုန်ကန်တဲ့အခါ ပြည်သူဟာ တော်လှန်ရေးသမား ဖြစ်လာတယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မန္တလေးမြို့ အင်ဂျင်နီယာအဖွဲ့သပိတ်စစ်ကြောင်းက လုံခြုံရေးတင်းကြပ်ထားသည့်ကြားက ပင် လမ်းများပေါ်တက်၍ စစ်အာဏာရှင်စနစ်အား တိုက်ထုတ်တွန်းလှန်လျက် ရှိသည်။ သပိတ်ပြုလုပ်နေစဉ်အတွင်း အရပ် ဝတ်လူစိမ်းများ ရောက်လာခဲ့သည့်အတွက် သပိတ်အား ယခင်စီစဉ်ထားချိန်ထက် စော၍ လူစုခွဲခဲ့ရသည်။ 

• မန္တလေးတွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် မန်းအခြေစိုက် တကသ သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန်း ချမ်းမြသာစည်မြို့နယ် ဗကသအဖွဲချုပ်ဝင် ကျောင်းသားများကလည်း "ပေးဆပ်သင့်တဲ့အချိန်မှာ ပေးဆပ်ရမယ်"၊ "ပညာရှာရမဲ့အရွယ်မှာ ဒီမိုကရေစီရှာနေတဲ့ ငါတို့သမိုင်း လှတယ်" ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။

• မန္တလေးတွင် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင် ရောက်ရှိနေသည့်အတွက် လုံခြုံရေးတင်းကြပ်နေသည့်ကြားကပင် နေ့လယ် ၁၂ နာရီခွဲခန့်က ၁၀၆ လမ်းနှင့် ၅၈ လမ်းထောင့်တွင် အသံဗုံးကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။

• မန်း လေးပြင်ရပ် သံဃာတော်နှင့် ပြည်သူများ ပူးပေါင်းထားသည့် သံဃသမဂ္ဂသပိတ်စစ်ကြောင်းမှာ ယမန်နေ့က စစ်အုပ်စု လက်ပါးစေများ ဖြိုခွင်းခံခဲ့ရသော်လည်း ယနေ့နေ့လယ်ပိုင်းတွင် လမ်းမများပေါ်တက်ကာ NUG အစိုးရထောက်ခံကြောင်း နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

• အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ရောက်ရှိနေသည့် မန္တလေးတွင် ၎င်းသွားရောက်ခဲ့သည့် မျက်ပါးရပ် ရတနာပုံခန်းမ ဖွင့်ပွဲပြုလုပ်ရာအနီးရှိ အဓိကလမ်းမများတွင် လုံခြုံရေးအထူးတင်းကြပ်ခဲ့ကာ အချို့လမ်းပိုင်းများအား လုံးဝ ပိတ်ပစ်ခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ ထို့ပြင် အဆိုပါအနီးအနားရှိ အထပ်မြင့်တိုက်များတွင် စနိုက်ဘာလက်ဖြောင့်တပ်သားများ ထားရှိခဲ့သည်ဟုလည်း သိရသည်။ 

• စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်မှာ ၎င်း၏ မန္တလေးခရီးစဉ်အတွင်း မန်းစစ်ကောင်စီတာဝန်ရှိသူများနှင့် မြို့တော်ခန်းမ၌ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း မန်းဒေသခံများထံက သိရသည်။ ထို့ပြင် စစ်အုပ်စု၏ လူ/ကယ်/ပြန်အဖွဲ့မှ ဒေါ်သက်သက်ခိုင်မှာလည်း မြို့ပေါ်ရှိ နေ့ကလေးထိန်းကျောင်းအချို့ကို သွားရောက်ခဲ့ကာ CDM မဝင်ဘဲ ဆက်လက်လုပ်ကိုင် နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။ 

• “ကြောက်ခတ်ကို မှောက်ပစ်မဲ့ ကျောက်ပန်းတောင်း" ဆိုင်းဘုတ်အား တပ်ဦးတွင် ကိုင်ဆောင်ကာ ကျောက်ပန်းတောင်းမြို့ခံများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

ပဲခူးတိုင်းဒေသကြီး

• ပဲခူး၊ ဒိုက်ဦးတွင် မတ်လ ၁၆ ရက်ညက ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ရပ်ကွက်အတွင်း ပစ်ခတ်ဝင်ရောက်၍ CDM လုပ်နေသည့် ပညာရေးဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် အခြား CDM လုပ်နေသည့် ဝန်ထမ်းကို ဖမ်းဆီးရာ မတွေ့ရှိခဲ့ သည့်အတွက် ၎င်း၏ မိသားစုဝင်နှစ်ဦးကို ဓားစာခံလုပ် ဖမ်းဆီးသွားသည်။ 

• ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးရုံးမှာ ယနေ့နံနက် ၄ နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ ပြာကျပျက်စီး သွားပြီ ဖြစ်သည်။ 

• သာယာဝတီမြို့နယ်တွင် ယနေ့ နံနက်အစောပိုင်းက ပေါက်ကွဲမှု နှစ်ရပ် ဖြစ်ပွားခဲ့သည်။ နံနက် ၃ နာရီခွဲခန့်က သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ ကြံ့ခိုင်ရေးပါတီဝင် တိုင်းဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးမြင့်လွင်ဦး အိမ်ရှေ့နှင့် သာယာဝတီမြို့နယ် ပညာရေးမှူး ဒေါ်လှလှဝင်းနေထိုင်ရာ အဆောင်အနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။ 

• ဇီးကုန်းမြို့နယ် တောင်သူများကကလည်း ကျေးရွာပဲခင်းများအတွင်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ထန်းတပင်မြို့နယ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒ ထုတ်ဖော်ခဲ့သည်။ 

• ပဲခူးမြို့လူငယ်များက "ချင်းပြည်နယ်မှ သူရဲကောင်းများကို လေးစားပါတယ်"၊ "ကြောက်ခေတ်ကို မှောက်ပစ်" ဟု ရေးသား ထားသည့် စာရွက်များ ကိုင်ဆောင်ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ကသာမြို့၊ မြို့မစျေးတွင် ယမန်နေ့ ည ၈ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များက သေနတ်ထောက်၍ စျေးဖွင့်ခိုင်းကာ ဝင်ရောက်စီးနင်းမှု လုပ်ခဲ့ရာ မီးရှို့ခံရမည်ကို စိုးရိမ်မှုကြောင့် ဒေသခံများ ရောက်လာခဲ့ကာ လူစုခွဲရန်နှင့် မခွဲပါက ပစ်ခတ် မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် လူစုခွဲခဲ့ရသည်။ 

• ကောလင်းမြို့နယ်၊ ကျောက်တန်းရွာ မန္တလေး-မြစ်ကြီးနားကားလမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယမန်နေ့ညပိုင်း က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်ရသည့် ဖြစ်စဉ်ကို မသိရသေးသော်လည်း အဆိုပါဆိုင်မှာ စစ်အုပ်စုဘက်မှ ရဲအရာရှိ သမီးတစ်ဦး ပိုင်ဆိုင်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

• စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ယနေ့နံနက် ၁ နာရီကျော်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စာကြည့် တိုက်ပြုလုပ်ထားသည့် အဆောက်အဦ မီးလောင်ပျက်စီးခဲ့သည်။ 

• “လိုက်ရင် ပြေးမယ် လစ်ရင် ဆော်မယ်" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကလေးမြို့လူငယ်များက လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ်ကို ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ 

• ဆားလင်းကြီး မြောက်ပိုင်းနှင့် ယင်းမာပင်အရှေ့ပိုင်း ကျေးရွာများစုပေါင်းသပိတ်စစ်ကြောင်းကလည်း အင်အား ၃၀၀ ခန့်ဖင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာစံပြ ကျေးရွာနေ ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေးအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ပုလဲမြို့ခံ ကျောင်းသားလူငယ်များကလည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်းနှင့် မိဘများက ၎င်းတို့၏ သားသမီးများအား ကျောင်းအပ်ခြင်း မပြုကြရန် သရုပ်ဖော်ဆန္ဒပြခဲ့ကြသည်။ 

• ရွှေဘို မြို့မစျေး မီးလောင်မှုအား ကူညီငြိမ်းသတ်ပေးခဲ့သည့် မီးသတ်၊ ကြက်ခြေနီနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များအား တိုင်းနစကကောင်စီဥက္ကဋ္ဌက ဂုဏ်ပြုငွေပေးအပ်ပွဲအခမ်းအနားက ခရိုင်မီးသတ်ဦးစီးမှူးရုံး၌ ပြုလုပ်ခဲ့သည်။ အဆိုပါစျေး မီး လောင်မှုမှာ စစ်အုပ်စုလက်ချက်သာ ဖြစ်ကြောင်း ရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး ဖြစ်သည်။ 

• ယနေ့နံနက်ပိုင်းက မီးလောင်ခဲ့သည့် ရွှေဘိုမြို့မစျေးရှေ့တွင် လူငယ်တစ်ဦးက "သွေးအေးနေပြီလား ရွှေဘို - ဒီတိုင်းပဲ သွေးအေးအေးနဲ့ ထိုင်ကြည့်နေကြမှာလား" ဟု ရေးသားထားသည့် စာရွက်ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်အား တစ်ကိုယ်တော်ပုန်ကန်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မြိုင်မြို့နယ်၊ တောင်ပိုင်းဇုန်ကျေးရွာများမှ ဒေသခံများက အင်အား ထောင်နှင့်ချီ စုဝေး၍ "အဆုံးထိတိုက်မဲ့ တော်လှန်ရေး" စာသားများကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ထိုင်သပိတ် ပြုလုပ်ခဲ့သည်။ 

• ကလေးမြို့ခံ လူငယ်များ ဦးဆောင်သည့် သပိတ်စစ်ကြောင်း သုံးခုကလည်း ယနေ့နံနက်ပိုင်းက အင်အား ၁၅၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ ကလေးမြို့တွင် စစ်အုပ်စုဘက်က ညပိုင်းများတွင် မြို့ပေါ်နေရာ အနှံ့အချို့၌ ခြောက်လှန့်ပစ်ခတ်မှုများအား ညတိုင်းလိုလို လုပ်ဆောင်နေကြောင်းလည်း ကလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• တန့်ဆည်တွင် ဒေသခံများက စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ဒီပဲယင်းမြို့နယ်၊ ကုန်းတဲကျေးရွာတွင်လည်း ပညာရေးမိသားစုများ ဦးဆောင်ကာ အင်အား ထောင်နှင့်ချီ၍ စစ်ကျွန်ပညာ ရေးနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဝက်လက်မြို့နယ်တွင်းကျေးရွာများတွင်လည်း စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာနေပြည်သူများကလည်း "ပွဲသိမ်းတော့မည် အရှိန်လျော့မသွားနဲ့" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ သပိတ်စစ်ကြောင်းဖွင့်၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

• ဂန့်ဂေါမြို့နေ ပြည်သူများကလည်း အင်အား ၁၅၀ ခန့်ဖြင့် မြို့တွင်းလမ်းမများပေါ် လှည့်လည်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ ဂန့်ဂေါမြို့နယ်၊ နှမ်ခါးရွာနေ ပြည်သူများကလည်း စစ်အုပ်စုအား ကျိန်စာတိုက်ဆန္ဒပြ၍ တော်လှန်ခဲ့သည်။ 

• မင်းဘူးတွင်လည်း လူငယ်များဦးဆောင်ကာ စစ်အာဏာရှင်စနစ်နှင့် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း သရုပ်ဖော်ပုံများ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ 

• ပခုက္ကူခရိုင်၊ ကမ္မမြို့နေ လူထုကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• အောင်လံမြို့နေ ပြည်သူများကလည်း စစ်အုပ်စုခေါင်းဆောင်ပုံများအား မြေပုံများတွင် စိုက်ထူကာ အသုဘသပိတ် ပြုလုပ်ကာ စစ်အာဏာရှင်စနစ်အား ရသည့်နည်းဖြင့် တော်လှန်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• လောင်းလုံမြို့နယ်၊ စစ်ပြဲဒေသခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် နေ့စဉ်မပျက် ဆန္ဒထုတ်ဖော်လျက်ရှိသည်။ ပန်းဒလဲကျေးရွာ၊ ကဒက်ငယ်ကျေးရွာ၊ မောင်းမကန်ကျေးရွာ၊ ညင်းမော်ကျေးရွာတို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ကျေးရွာသပိတ်များ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။

• ထားဝယ်မြို့၊ တပ်ပေါင်းစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ထားဝယ်ပင်မသပိတ်စစ်ကြောင်းမှာလည်း ယနေနံနက်ပိုင်းက ပုံကျွန်းရပ်ကွက်၌ စုဝေး၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း စစ်ကြောင်းစထွက်ချိန်တွင် စစ်အုပ်စုလက်နက်ကိုင်များက စစ်ကားနှစ်စီးဖြင့် ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့သည့်အတွက် ဆန္ဒပြပြည်သူ တစ်ဦး ရာဘာကျည်ထိကာ ခုနစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ 

• ထားဝယ်၊ ကျောက်မော်ကြီးရပ်ကွက်၊ လမ်းသစ်လမ်းတွင် သပိတ်ခေါင်းဆောင်နှင့် ဆက်စပ်သည်ဟုဆိုကာ အသက် ၂၀ နှစ် အရွယ် မောင်ပိုင်ခန့်ဇော်အား ယနေ့နံနက်ပိုင်း နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ရာ ၎င်းနှင့် ဆွေမျိုးတော်စပ်သူ ခြောက်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်။ 

ဧရာဝတီတိုင်းဒေသကြီး

• စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေ (ဒလန်) များအား နည်းပေါင်းစုံဖြင့် တိုက်ခိုက်ကာ ပြည်သူနှင့် CDM လုပ်နေသည့် ဝန်ထမ်းများအား ကာကွယ်ရန်အတွက် မအူပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• အိမ်မဲမြို့ခံများကလည်း "မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွှတ်ပေးရေး"၊ "အာဏာရှင်စနစ် ကျဆုံးရေး" စသည့် ဆိုင်းဘုတ်များအား သစ်ပင်များတွင် ချိတ်ဆွဲကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။

• မြန်အောင်တွင် CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်း ၁၁၆ ဦးအား စစ်အုပ်စုက အလုပ်မှ ယာယီရပ်ဆိုင်းထားသည်။ 

• ဖျာပုံမြို့တွင်လည်း မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြောင်းစာများ ရေးသားထားသည့် စာရွက်များကို လမ်းမများပေါ် ကြဲဖြန့်ကာ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ ယနေ့နေ့လယ်ပိုင်းက လူမှုကွန်ရက် ဖေ့ဘုတ်ပေါ် တွင် ဖျာပုံတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း ဗီဒီယိုတစ်ခု ပြန့်နှံ့လျက်ရှိကာ ယင်းမှာ မဟုတ်မှန်ကြောင်း မြို့ခံများက ပြောဆိုထားသည်။

• ဒေးဒရဲမြို့နယ်နေ ကျောင်းသားလူငယ်များကလည်း "ပညာမတတ်တဲ့သူတွေက အုပ်ချုပ်နေသရွေ့ ဘာပညာတတ်မှ မွေးထုတ်မပေးနိုင်ဘူး"၊ "ကျွန်တော်တို့ကို ပညာသင်ပေးနေတဲ့ ဆရာ/ဆရာမတွေက ပညာမတတ်တဲ့ စစ်ခွေးတွေ ခိုင်းတာလုပ် ပြီး ကျောင်းပြန်တက်ကြတော့မှာလား" စသည့် စာရွက်များကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒထုတ် ဖော်ခဲ့ကြသည်။ 

• သာပေါင်းမြို့နေ ပြည်သူများကလည်း "အားတင်းထားပါ မင်းတပ် သာပေါင်းသားတွေ အတူရှိနေတယ်" စသည့် စာတန်းများ ကိုင်ဆောင်ကာ မင်းတပ်မြို့နေ ပြည်သူများအတွက် အားပေးထောက်ခံ အတူရှိနေကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• မုဒုံမြို့နယ်၏ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူ၏ ညီမဖြစ်သူ မအေးစုအား စစ်အုပ်စုလက်နက်ကိုင်များက ယမန်နေ့ညနေပိုင်းက လာရောက်ဖမ်းဆီးသွားသည်။ မအေးစုမှာ မုဒုံမြို့၊ ညောင်ကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စစ်အာဏာရှင်စနစ် လူထုလှုပ်ရှားမှုသပိတ်များတွင် ပါဝင်သူဖြစ်ကာ သူမအား ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။ 

• မုဒုံတွင် ယနေ့နံနက်အစောပိုင်းကလည်း မော်သံလမ်းနှင့် လူစည်ကားရာနေရာများတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် သောစာသားပါ စာရွက်များကို ကြဲဖြန့်ခဲ့ကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• မော်လမြိုင်လူငယ်များက "စစ်ကျွန်မခံ တို့တော်လှန်ရေး" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ပေါင်မြို့နယ်နေ လူငယ်များက"သတ္တိနည်းတဲ့မြို့မှာ နေတာမလို့ နွေဦးတော်လှန်ရေးက သူရဲကောင်းအားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်" နှင့် CDM လုပ်နေသည့် ဝန်ထမ်းများအား အစဉ်လေးစားလျက် ရှိကြောင်း စာများကိုင် ဆောင်ကာ ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

ကချင်ပြည်နယ်

• ဖားကန့်၊ အေးမြသာယာ မှော်ပေါင်းစုံသပိတ်စစ်ကြောင်းကလည်း မင်းတပ်မြို့အား အားမလျော့ ဇွဲမလျော့ရန်နှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) ဒေသခံများကလည်း သပိတ် စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ ဖားကန့် တာမခံမြို့သစ်နေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း "ပြောင်းလဲချင်ရင် ကျောင်းထဲ မဝင်နဲ့" ဆိုင်းဘုတ်များ လွှင့်ထူကာ စစ်ကျွန်ပညာရေးနှင့် စစ်အုပ်စုအလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဖားကန့် မရှီကထောင်ရပ်ကွက်တွင်လည်း စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားမှုကြောင့် ယခင်ထွက်နေကျအချိန်အတိုင်း သပိတ်မထွက်နိုင်ဘဲ နောက်ကျပြီးသာ သပိတ်စစ်ကြောင်းထွက်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• “တူမီးဘဲ ရှိတဲ့ မြို့ကလေးကို လေယာဉ်နဲ့ပစ်တဲ့ခွေးတွေ မရှက်ဘူးလား" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မိုးကောင်းနေပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေးအတွက် လမ်းများပေါ်တက် ဆန္ဒပြတော်လှန်ခဲ့သည်။ 

• ပူတာအိုခရိုင် နောင်မွန်တွင် KIA တပ်ဖွဲ့ဝင်များ စစ်အုပ်စုတပ်စခန်းများတွင် အလင်းဝင်ရန်နှင့် လုံခြုံရေးအား အပြည့်အဝ တာဝန်ယူကြောင်းစာများ လိုက်လံကပ်ထားလျက် ရှိသည်။ နောင်မွန်တွင် စစ်အုပ်စုခန့် ပြည်နယ်နစကဥက္ကဋ္ဌ ခတ်ထိန်နန် က ယဉ်ကျေးမှုနှင့် ဘာသာရေးအသင်းများအား ငွေပေးစည်းရုံးမှုများ တောက်လျောက်လုပ်နေကာ ဌာနပြည်သူ့စစ်အဖွဲ့ထံ တွင်လည်း သင်တန်းပေးမှုများ ဆက်တိုက်လုပ်ဆောင်လျက် ရှိသည်။ 

• ရွှေကူမြို့နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ကို အစီးရေ ၁၀၀ ခန့်ဖြင့် ပြုလုပ်၍ မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• ဗန်းမော်နေ ပြည်သူများကလည်း ယာဉ်ထိန်းရဲရုံး အရာရှိရိပ်သာလမ်းနှင့် ဗန်းမော်ဆေးရုံတို့တွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ အမှတ်တံဆိပ်များကို လမ်းပေါ်ချနင်းကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်အာခံ ခဲ့သည်။ 

• ဗန်းမော်တွင် မေလ ၁၄ ရက်က ဖမ်းဆီးခံခဲ့ရသည့် ကက်သလစ်ဘုန်းတော်ကြီး Rev.Fr.Columban La Di ပြန်လည် လွတ် မြောက်လာပြီ ဖြစ်သည်။ 

• ဝိုင်းမော်မြို့နေ လူငယ်များကလည်း "စစ်တိုက်နေတာ မဟုတ်ဘူး စနစ်ကို တိုက်နေတာ"၊ "ကျွန်ခံမလား တော်လှန်မလား" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်၍ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• နမ္မတီးမြို့ခံ လူငယ်များကလည်း "သေနတ်ကိုင်မှ မိုက်ရဲတာ သတ္တိဆိုတာ ဒါကို ခေါ်သလား"၊ "ထိုင်ခုံမက်တဲ့ အာဏာရူးတွေ မျိုးဆက်တွေကို ချမနင်းနဲ့" ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

ကယားပြည်နယ်

• ဒီးမော့ဆိုမြို့နယ်တွင်းရှိ နေအိမ်အချို့အား မြို့ခံ Gen-Z လူငယ်များက "နေ့ရက်တိုင်းဟာ မင်းတို့ရဲ့ နောက်ဆုံးနေ့ ဖြစ်တယ်" ဟု ရေးသားထားသည့် သတိပေးစာများ လိုက်လံဖြန့်ဝေခဲ့သည်။ 

ကရင်ပြည်နယ်

• ပြည်နယ်အတွင်း စစ်အုပ်စုလက်နက်ကိုင်များက ပြည်သူများအပေါ် ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို ကာကွယ်ရန် အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ တော်လှန်ရေးအင်အားစုများ စုစည်း၍ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ကရင်) ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူးစေးဖိုးနှင့် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့၏ NCA လမ်းကြောင်းအတိုင်း စေ့စပ်ညှိ နှိုင်းအဖြေရှာရေး သဘောထားထုတ်ပြန်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ကရင်လူငယ်များက "Revoluation is not for Business”၊ "Stop doing NCA with military Dictator” ဟု ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြ သည်။ 

• ကရင်ပြည်နယ်၊ သံတောင်မြို့နေ ကျောင်းသားနှင့် မိဘပြည်သူများကလည်း စစ်ကြောင်းထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• KNU ထိန်းချုပ်ရာ ဝင်းရေးမြို့နယ်တွင် စစ်အုပ်စုက ဖွင့်လှစ်မည့်ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမ များ၏ လုံခြုံရေးကို တာဝန်မယူနိုင်သည့်အတွက် ကျောင်းများ ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်း KNU ကရင့်ပညာရေးနှင့် ယဉ်ကျေးမှုဌာနက ထုတ်ပြန်ထားသည်။ 

ချင်းပြည်နယ်

• မင်းတပ်တွင် ယနေ့နံနက် ၇ နာရီခန့်မှစ၍ စစ်အုပ်စုလက်နက်ကိုင်များက မြို့တွင်းလှည့်လည်ကာ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ကလေးငယ်တစ်ဦး လည်ပင်းကျည်ဆံထိမျှန်ခဲ့ပြီးမြို့ခံပြည်သူများ အိမ်ပြင်မထွက်ဘဲ နေကြရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။ မင်းတပ်တွင် ယမန်နေ့က Chinland Defense Force တပ်ဖွဲ့ဝင် Salai Van Biak Ling မှာ စစ်အုပ်စုနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

• မင်းတပ်တွင် နှစ်ဘက်တိုက်ပွဲများအတွင်း ပိတ်မိနေသူများအား လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရန်အတွက် အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန့်ပေးရန် ကုလသမဂ္ဂ နိုင်ငံတကာကလေးများ ရန်ပုံငွေအဖွဲ့ - UNICEF က တောင်းဆိုလိုက်သည်။ မြို့တွင်းပိတ်မိနေသည့် ကလေးသူငယ်များ ဘေးကင်းလုံခြုံရေးကို ချွင်းချက်မရှိ အာမခံပေးရန်၊ ကလေးများ ၏ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းကာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို လိုက်နာရန် လည်း UNICEF က တောင်းဆိုထားမှု အကြမ်းဖက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းများက ရပ်ဆိုင်းပေးရမည်ဆို သည်ကိုမူ တိကျစွာ ပြောဆိုထားခြင်း မရှိပေ။ 

• တီးတိန်မြို့နယ်၊ မြို့မရပ်ကွက်နေ ကိုဂိုရှမ်မုန်မှာ ယမန်နေ့ညပိုင်းက အလုပ်မှ အိမ်သို့ပြန်လာစဉ် စစ်အုပ်စုလက်နက်ကိုင် များက ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းကျည်မှန်၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။ 

• ဟားခါး-ဖလမ်းမြို့ကြားတွင် ယမန်နေ့ညပိုင်း ၅ နာရီခွဲမှ ၈ နာရီအထိ Chinland Defense Force – Hakha နှင့် စစ်အုပ်စုလက်နက်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ ခြောက်ဦး သေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ စစ်အုပ်စုဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် CDF ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရသည်။ 

• ကန်ပက်လက်တွင် ယနေ့နံနက်ပိုင်းက စစ်ရဟတ်ယာဉ်လေးစီးက လက်နက်ကိုင် ၁၀၀ ခန့်အား ထပ်မံအင်အားတိုးထား လျက်ရှိကာ မြို့ပေါ်ရှိ စျေးဆိုင်အများစုလည်း ဆိုင်ပိတ်ထားကြသည်ဟုသိရသည်။ 

ရှမ်းပြည်နယ်

• မူဆယ်မြို့တွင် ဦးကိုကိုသက် ဆိုသူ ဖွင့်လှစ်ထားသည့် IELTS အင်္ဂလိပ်စာသင်ကျောင်းအား စစ်အုပ်စုလက်နက်ကိုင်များက စစ်အုပ်စုဆန့်ကျင်ရေး သပိတ်နှင့် ဆက်စပ်သည်ဟုဆိုကာ ယမန်နေ့ နေ့လယ်ပိုင်းက ဝင်ရာက်စီးနင်း ရှာဖွေမှု ပြုလုပ်ရာ ၎င်းအား မတွေ့ခဲ့သည့်အတွက် ကျောင်းအတွင်းရှိ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအား ဖျက်ဆီးသွားခဲ့သည်။

• မူဆယ်မြို့ခံလူငယ်များလည်း မင်းတပ်မြို့နေ ပြည်သူများအား အားတင်းထားရန်နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ မူဆယ်တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က စစ်တပ်ပိုင် အင်းဝဘဏ်အား ဆိုင်ကယ်တစ်စီးဖြင့် လက်လုပ်မိုင်းလာပစ်ခဲ့သည့်အတွက် ပေါက်ကွဲမှုဖြစ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ပြညသူ့စစ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

• ကျောက်မဲမြို့ခံများကလည်း မြို့တွင်းလှည့်လည်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ်သပိတ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

• ဟဲဟိုးမြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကို လမ်းများပေါ် ကြဲဖြန့်၍ လူမဲ့သပိတ်ပြုလုပ်ခဲ့သည်။ 

• ဟိုပုံးနေ ပြည်သူများက NUG အစိုးရအဖွဲ့ဝင်များ၏ မျက်နှာပုံပါရှိသည့် မျက်နှာဖုံးများ ဝတ်ဆင်ကာ ကျောင်းမတက်နဲ့ ကျောင်းပျက်၊ CDM ထောက်ခံကြောင်း ရေးသားထားသည့် စာရွက်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ 

• ပင်းတယမြို့ခံ လူငယ်များကလည်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• စစ်အုပ်စုက နည်းပေါင်းစုံဖြင့် သပိတ်များအား ဖိနှိပ်ဖြိုခွဲလျက်ရှိသော်လည်း ပြည်သူများက နည်းပေါင်းစုံဖြင့် ပြန်လည်တွန်း လှန်အာခံလျက်ရှိရာ တောင်ကြီးမြို့နေ လူငယ်များက ကိတ်မုန့်များပေါ်တွင် "အဆုံးသတ်တိုက်ပွဲနွှဲဖို့ တို့ပြည်သူတွေ အသင့်ပြင်ထားပါ။ ပြည်သူသာလျှင် အဓိက" အပါအဝင် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကြောင်းဖော်ပြထားသည့် ဆိုင်းဘုတ်ငယ်ကလေးများအား ကိတ်မုန့်များပေါ်တွင် စိုက်ထူ၍ ကိတ်မုန့်သပိတ် ပြုလုပ်ခဲ့သည်။

• ယနေ့နေ့လယ် ၁ နာရီကျော်ခန့်က တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်ရှိ ရိုးမဘဏ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ဟု သိရသည်။ ပြီးခဲ့သည့် မေလ ၁၄ ရက်ကလည်း တောင်ကြီး နည်းပညာတက္ကသိုလ်ရှေ့တွင် ဗုံးပေါက် ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့သေးကာ အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။ 

ရခိုင်ပြည်နယ်

• စစ်တွေအခြေစိုက် DMG သတင်းဌာနမှ သတင်းထောက်နှစ်ဦးအား ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားမှုအပေါ် တရားစွဲခံထားရသူများက ရှောင်တိမ်းနေသည့်အတွက် သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုမိုးဇော်နှင့် တာဝန်ရှိသူအချို့အား စစ်အုပ်စု လက်နက်ကိုင်များက မေလ ၁၆ ရက် နေ့လယ်ပိုင်းတွင် စခန်းသို့ ခေါ်ယူကာ ဖိအားပေးမှုများ ပြုလုပ်ခဲ့သည်။ 

နေပြည်တော်

• နေပြည်တော် ဟိုတယ်/ခရီး CDM ဝန်ထမ်းများကလည်း "စိတ်ချပါ ရှေ့တန်းသူရဲကောင်းတွေအတွက် ငါတို့ ရုံးမတက်ဘူး" စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ 

• နေပြည်တော် အမှတ် (၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်သား ဦးထွန်းမင်းဦးမှာ စစ်အုပ်စုလက်အောက် တာဝန်မထမ်းဆောင်ဘဲ CDM တွင် ပါဝင်လာပြီ ဖြစ်သည်။ 

မေ ၁၇ သုံးသပ်ချက်

• ရန်ကုန်တွင် လမ်းပေါ်တက် သပိတ်များ နည်းနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းသည့်မြို့နယ်များ ပိုမိုများ ပြားလာလျက် ရှိသည်။ စီးပွားရေးမြို့တော်ဖြစ်သည့်အလျှောက် စီးပွားရေးလုပ်ငန်းများ သုံးလခန့် ပိတ်ထားရာမှ ပြန်လည် ဖွင့်လှစ်လာသည့်အတွက် ပုံမှန်အနေအထားရှိနေသည်ဟု ထင်ရသော်လည်း ဘဏ်နှင့် ငွေကြေးလုပ်ငန်းများ မလည်ပတ် နိုင်သေးခြင်း၊ စက်ရုံ/အလုပ်ရုံများ ပိတ်နေသေးသည့်အတွက် အလုပ်လက်မဲ့ပြဿနာများ ပိုမိုများပြားလာလျက်ရှိသည်။ စစ်အုပ်စုဘက်က တည်ငြိမ်နေပြီဟု ပြောဆိုနေသော်လည်း စစ်အုပ်စုဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ပုံစံပြောင်းလဲကာ ဆက် လက်တည်ရှိနေသည်။

• မန္တလေးတွင် သပိတ်များအား ထိန်းထားနိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုဘက်က သတင်းထုတ်လိုသော်လည်း လမ်းပေါ်တက် သပိတ်များ ဆက်လက်အားကောင်းကာ တော်လှန်ရေး ဒုတိယအဆင့်သို့ ဦးတည်လာနေပြီ ဖြစ်သည်။ သပိတ်စစ်ကြောင်း များအား စစ်အုပ်စုဘက်က အရပ်ဝတ်လက်နက်ကိုင်၊ သတင်းပေးဒလန်များ သုံး၍ ဖြိုခွဲသည့်ပုံစံကို ဆက်လက်လုပ်ဆောင် နေဆဲ ဖြစ်ကာ မြို့ပေါ် စစ်ဒေါက်တိုင်ရုံးနှင့် ငွေရှာပေးနိုင်သည့်ရုံးများအား ဦးစားပေး ဖွင့်လှစ်နိုင်ရန် အာရုံထားလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required