အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင် ပြောဆိုပေးကြရန် ကမ္ဘာကို တိုက်တွန်းခဲ့သည့် Miss Universe Myanmar အလှမယ် သူဇာ၀င့်လွင်

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင် ပြောဆိုပေးကြရန် ကမ္ဘာကို တိုက်တွန်းခဲ့သည့် Miss Universe Myanmar အလှမယ် သူဇာ၀င့်လွင်

မေ ၁၇

မြန်မာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ပြီး ပြောဆိုပေးကြရေးအတွက် ကမ္ဘာကို တိုက်တွန်းကြောင်း အလှမယ် သူဇာ၀င့်လွင်က မေလ ၁၆ ရက် Miss Universe ပြိုင်ပွဲအတွင်း ထုတ်ဖော်သွားခဲ့သည်။

“ကျွန်မတို့ ပြည်သူတွေဟာ နေ့တိုင်းပဲ စစ်တပ်က ပစ်ခတ်လို့ သေနေကြရတယ်” ဟု မယ်စကြ၀ဠာပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည့် အလှမယ် သူဇာ၀င့်လွင်က ပြိုင်ပွဲအတွက် စီစဉ်ထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ပြောခဲ့သည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြောဆိုပေးကြဖို့ ကျွန်မအနေနဲ့ အားလုံးကို တိုက်တွန်းချင်ပါတယ်၊ အာဏာသိမ်းပြီးနောက်ပိုင်း မယ်စကြ၀ဠာမြန်မာ တစ်‌ယောက်အနေနဲ့ ကျွန်မတတ်နိုင်သလောက် အသံထွက် ပြောဆိုပေးထားခဲ့ပါတယ်” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး စစ်တပ်က မတရားအာဏာသိမ်းခဲ့မှုအပေါ် ဆန့်ကျင်ကြောင်း ထုတ်ဖော်ခဲ့သည့် အကျော်အမော်များ၊ မင်းသားမင်းသမီးများ၊ ဆိုရှယ်မီဒီယာ influencer များ၊ အားကစားလောကမှ ပုဂ္ဂိုလ်များ စသည့် လူပုဂ္ဂိုလ်များထဲတွင် သူဇာ၀င့်လွင်လည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့၀င်များ၏ လက်ချက်ကြောင့် လူပေါင်း ၇၉၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် လူပေါင်း ၅,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျော်အမော်တစ်ချို့အပါအ၀င် လူ ၄,၀၀၀ ခန့်မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာ အလှမယ် သူဇာ၀င့်လွင်သည် Miss Universe ပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့်တွင် ပါ၀င်နိုင်ခဲ့ခြင်း မရှိသော်လည်း သူမသည် Best National Costume (အ‌ကောင်းဆုံးအမျိုးသား၀တ်စုံ) ဆု ရရှိခဲ့သည်။

ချင်းရိုးရာ ၀တ်စုံဖြင့် ယှဥ်ပြိုင်ခဲ့ပြီး သူမ၏ ၀တ်စုံနှင့် လျှောက်လှမ်းခဲ့စဥ်က သူမသည် “Pray for Myanmar” ဆိုသည့် ဆိုင်းပုဒ်တစ်ခုကိုလည်း ကိုင်ထားခဲ့သေးသည်။

မေလ ၁၆ ရက်တွင် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Seminole Hard Rock Hotel & Casino တွင် ကျင်းပသည့် ၆၉ ကြိမ်မြောက် မယ်စကြ၀ဠာပြိုင်ပွဲ၏ Miss Universe သရဖူဆုကို မက္ကဆီကို အလှမယ်က ရရှိသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly