အာဆီယံနိုင်ငံများအနေဖြင့် နိုင်ငံရွှေ့ပြောင်းဝင်ရောက် သူများအပေါ် လူသားဆန်စွာ ဆက်ဆံရေးနှင့် ကြုံတွေ့ခဲ့ရသည့် ပင်လယ်တွင်းနှင့် တောတွင်းစခန်းများတွင် ရွှေ့ပြောင်းဒုက္ခသည် ရာပေါင်းများစွာ သေဆုံးခဲ့ခြင်းကဲ့သို့သော ဘေးဒုက္ခဆိုးများ ယခုနှစ်တွင် ထပ်မံမဖြစ်ပွားစေရန်အတွက် IOM အဖွဲ့ကြီးက တိုက်တွန်းသည်။
ဆီးရီးယားနှင့် အီရတ်တွင် စစ်ပွဲများမှ ထွက်ပြေးလာသည့် ဒုက္ခသည်များအရေးကို ဥရောပနိုင်ငံများက ကျားကုတ်ကျားခဲ ကိုင်တွယ်ဖြေရှင်းနေရသကဲ့သို့ အာဆီယံဒေသတွင်လည်း နှစ်စဉ် ကြုံတွေ့နေရသည့် ရွှေ့ပြောင်းသူများပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မေလအတွင်းက ဘန်ကောက်တွင် စည်းဝေးခဲ့ကြသည်။
ယင်းအစည်းအဝေးပွဲတက်ရောက်သည့် အစိုးရများထံ ရွှေ့ပြောင်းသူများရေးရာ နိုင်ငံတကာအဖွဲ့ကြီး IMO က အပြည့်အဝကူညီမှုများအတွက် တိုက်တွန်းထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က လူမှောင်ခိုဂိုဏ်းများကို ထိုင်းနိုင်ငံက နှိမ်နှင်းလာရာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် လှေစီးရွှေ့ပြောင်းသူ ၄၀၀၀ ကျော်ထက်မနည်း သောင်တင်ခဲ့သည်။
တစ်ချို့သော လှေများက ဘင်္ဂလားပင်လယ်အော်နှင့် အန်ဒါမန်ပင်လယ်အတွင်း သောင်တင်ပိတ်မိခဲ့ပြီး ရေနစ်သေဆုံးသူပေါင်းလည်း ရာပေါင်းများစွာရှိခဲ့သည်။
ရွှေ့ပြောင်းသူများ၏ ပင်လယ်ခရီးဖြတ်သန်းရာ လေးလရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာသည် လူမှောင်ခိုကူးသည့်လှေများ ဘင်္ဂလားပင်လယ်အော်အတွင်း အများဆုံး သွားလာရာ ကာလဖြစ်သည်။
"ရွှေ့ပြောင်းဝင်ရောက်သူများ ဘေးကင်းရေးနဲ့ ၎င်းတို့ကို လူသားချင်းစာနာစွာ ဆက်ဆံကြဖို့ ကျွန်တော်တို့ တိုက်တွန်းတောင်းဆိုပါတယ်။ ယာယီခိုလှုံရေးစခန်းတွေ၊ ဆေးဝါးစောင့်ရှောက်မှုတွေ၊ ရာဇဝတ်ဂိုဏ်းများ လက်ထဲ မရောက်သွားဖို့တွေအတွက် သက်ဆိုင်သူအားလုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အပြည့်အဝဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းပါတယ်။"ဟု အာရှပစိဖိတ်ရေးရာ IOM ပြောရေးဆိုခွင့်ရှိသူ ဂျိုးလိုရီက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref ; Bangkok Post