အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက လစဥ်ကြေးယူပြီး ဖားကန့်က တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေကို ခွင့်ပြုနေ

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက လစဥ်ကြေးယူပြီး ဖားကန့်က တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေကို ခွင့်ပြုနေ

ဖားကန့်၊မေ-၁၇

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်က လုပ်ငန်းရှင်တချို့ရဲ့ တရားမဝင်ကျောက်စိမ်းတူးဖော်မှုတွေကို လစဉ်ကြေးယူပြီး တူးဖော်ခွင့်ပြုနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဖားကန့်မြို့နယ်၊ဖားကန့်ရတနာနယ်မြေမှာအာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်ခံစစ်တပ်နဲ့ရဲတပ်ဖွဲ့ဟာ ဒေသခံလုပ်ငန်းရှင်တချို့ရဲ့တရားမဝင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဧပြီလဒုတိယပတ်ကစပြီးလစဉ်ကြေးယူပြီး လုပ်ဆာင်ခွင့်ပြုနေတယ်လို့ဒေသခံတွေကပြောပါတယ် ။

စစ်ကောင်စီလက်အောက်ခံနယ်မြေခံတပ်မ ၃၃နဲ့ တိုက်ခိုက်ရေးရဲတပ်ရင်းတွေက ငွေကြေးအမြောက်အများ လစဉ်ကြေးသဘောမျိုးကောက်ခံပြီး ဒေသခံရေမဆေးလောပန်းတွေနဲ့ ကုမ္ပဏီလုပ်ငန်းရှင်အချို့ ရဲ့ စက်ယန္တယားအမြောက်အများအသုံးပြုပြီးတရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကိုဖားကန့်ရတနာမြေအနှံ့အပြားမှာ လုပ်ဆောင်ခွင့် ပြုနေတယ်လို့ဒေသခံတွေကပြောပါတယ်။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကိုမှော်စီစာ၊မှော်မောင်းလျံ၊မန၊ရှရော်ခ၊စပျစ်ခူး၊မမုံကျေးရွာနောက်ကျောနှင့်မက်လင်ချောင်ကျေးရွာအနီးကဒေသအခေါ် YTT ကုန်းတို့မှာ တရားမဝင်တူးဖော်နေကြပါတယ်။

လက်ရှိတရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ YTT ကုန်းဟာ NLD အစိုးရတက်လာပြီးစ ၂၀၁၆ခုနှစ် အစောပိုင်းက တန်ချိန် (၂၀၀)ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီးထွက်ရှိခဲ့တဲ့ နေရာဖြစ်ပြီး ၊ ၂၀၀ပေပတ်လည် တစ်ဧက လုပ်ကွက် တစ်ကွက်ကို အစိုးရဆီမှာ တရားဝင်ဈေးပြိုင်စနစ်နဲ့လုပ်ကွက်ဆွဲရင် သိန်းပေါင်း ၂သောင်းကနေ ၅သောင်းအထိ ပေါက်ဈေး ရှိတယ်လို့ ကုမ္ပဏီလုပ်ငန်းရှင်တဦးကပြောပါတယ် ။ 

အခုလို တရားမဝင်တူးဖော်နေမယ်ဆိုရင် နိုင်ငံတော်က ရရှိမဲ့အခွန်ဘဏ္ဍာငွေတွေ အများကြီးနစ်နာ နေတယ်လို့ ဌာနေတိုင်းရင်းသားတွေနဲ့ဒေသခံတွေကပြောဆိုနေကြပါတယ် ။

ဒီလိုတရားမဝင် တူးဖော်နေမှုတွေကို ကချင်လူမှုအဖွဲ့အစည်းတချို့နဲ့ ကချင်လက်နက်ကိုင်တပ်မတော် ကေအိုင်အေ တပ်ဖွဲ့ဝင်တွေကလည်း အကျိုးအမြတ်တွေ ခွဲဝေရရှိနေတယ်လို့လည်း အမည်မဖော်လိုသူဒေသခံတဦးက ပြောပါတယ် ။

တရားမဝင်ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေကို ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ည ၉ နာရီနောက်ပိုင်းမှာသာ စက်ယန္တယားအမြောက်အများနဲ့ ညစဉ်တူးဖော်နေတာလည်းဖြစ်ပါတယ် ။ 

မက်လင်ချောင်ကျေးရွာအနီးက YTT ကုန်းကတရားမဝင်ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကို မမုံကျေးရွာက လောပန်းတစ်ဦးနဲ့သူ့ရဲ့သားတို့က ဦးဆောင်လုပ်ကိုင်နေတာဖြစ်တယ်လို့ ရေမဆေးလောပန်းတဦးက ပြောဆိုပါတယ် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required