မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ရရေးအတွက် ကူညီလုပ်ဆောင်သွားမည်ဟု ဂျပန် သတင်းထောက် ပြော

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်ရရေးအတွက် ကူညီလုပ်ဆောင်သွားမည်ဟု ဂျပန် သတင်းထောက် ပြော
Photo - AFP

မေ ၁၇

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်ကာ မိခင်နိုင်ငံသို့ ပြန်ရောက်သွားသည့် ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီက ၎င်းအနေဖြင့် အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ကူညီရန် ဂျပန်နိုင်ငံကနေတဆင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

မြန်မာနိုင်ငံရှိ အကျဥ်းထောင်ထဲတွင် သီတင်းပတ် လေးပတ်နီးပါးကြာ နေခဲ့ရသည့် ဂျပန်အလွတ်တန်း သတင်းထောက် ကီတာဇူမီက မေလ ၁၄ ရက်က ဂျပန်သို့ မပြန်ခင် ပြောဆိုခဲ့ရာတွင် ၎င်းအား ထိန်းသိမ်းထားခဲ့သည့် အကျဥ်းထောင်ထဲတွင် နိုင်ငံရေးအကျဥ်းသား အများအပြားမှာ ရက်စက်ပြင်းထန်စွာဖြင့် စစ်ဆေးမေးမြန်းမှုများ ခံထားရသည်ဟု ပြောခဲ့သည်။

ထောင်ထဲရှိ နိုင်ငံ‌ရေး အကျဥ်းသားများသည် မျက်စိပိတ်စည်းခံထားရလျက်ဖြင့် ထိုးကြိတ်ကန်ကျောက်နှိပ်စက်ခံရမှုများ၊ သေလုမြောပါးအထိ ညှင်းပန်းနှိပ်စက်ခံရမှုများ ရှိကြောင်းကို အကျဥ်းသားများက ၎င်းအား အသေးစိတ် ပြန်ပြောပြခဲ့ကြောင်း ကီတာဇူမီက ပြောသည်။ ထို့ပြင် အကျဥ်းသားများကို ရက်များနှင့်ချီ အစားအစာ မပေးဘဲ ထားသည့် အခြေအနေများ ရှိခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်က လက်ရှိအချိန်တွင် လူပေါင်း ၄,၀၀၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအနေဖြင့်ကမူ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဂျပန်နိုင်ငံကနေ ကူညီလုပ်ဆောင်သွားရန် ရှိကြောင်း ကီတာဇူမီက မေလ ၁၅ ရက် ညပိုင်း တိုကျိုမြို့ပြင်ပ ဟိုတယ်တစ်လုံးကနေ အွန်လိုင်းအင်တာဗျူးတစ်ခုကို ဖြေဆိုစဥ် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ဖြစ်စဥ်များကို ကမ္ဘာက သိစေရေးအတွက် ထုတ်ဖော်တင်ပြပေးရန် အကျဥ်းထောင်ထဲ၌ အကျဥ်းကျနေသူများက ၎င်းအား မေတ္တာရပ်ခံတောင်းဆိုထားခဲ့ကြောင်းလည်း ဂျပန် သတင်းထောက်က ပြောခဲ့သည်။

အသက် ၄၅ နှစ်ရှိ ကီတာဇူမီသည် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲများကို သတင်းယူရင်း ဧပြီ ၁၈ ရက်တွင် ဖမ်းဆီးခံရကာ ယင်းနောက် သတင်းမှားဖြန့်မှုဖြင့် တရားစွဲခံခဲ့ရသည်။

ထို့နောက်တွင် အာဏာသိမ်းစစ်အုပ်စုက ၎င်းအား ပြန်လွှတ်ပေးခဲ့ပြီး မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required