မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုမှုအပေါ် ကုလအထွေထွေညီလာခံက စဉ်းစားဆုံးဖြတ်မည်

မြန်မာကို လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုမှုအပေါ် ကုလအထွေထွေညီလာခံက စဉ်းစားဆုံးဖြတ်မည်
Photo - AFP

မေ ၁၇

မြန်မာ၏ အာဏာသိမ်းစစ်အုပ်စုကို လက်နက်များ ရောင်းချလွှဲပြောင်းပေးမှု “ချက်ချင်း ရပ်ဆိုင်းထားရေး” တောင်းဆိုသည့် မူကြမ်းဆုံးဖြတ်ချက်တစ်ရပ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မေလ ၁၈ ရက်၌ စဉ်းစားသွားမည်ဖြစ်ကြောင်း ကုလ တာ၀န်ရှိသူတစ်ဦးက မေလ ၁၆ ရက်တွင် ပြောသည်။

ကုလ အထွေထွေညီလာခံက ချမှတ်သည့် ဆုံးဖြတ်ချက်များသည် ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များလိုမျိုး မဖြစ်မနေ လိုက်နာစရာ မလိုသော်လည်း ယင်းတို့သည် အားကောင်းသော နိုင်ငံရေးအရ အရေးပါမှု ရှိနေမည် ဖြစ်သည်။

အများဆန္ဒဖြင့် အတည်ပြုချက်တစ်ရပ် မရယူနိုင်ပါက အထွေထွေညီလာခံရှိ အဖွဲ့၀င်နိုင်ငံ ၁၉၃ နိုင်ငံစလုံးက အစီအမံနှင့်ပတ်သက်ပြီး မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

ဥရောပသမဂ္ဂ၊ ဗြိတိန် နှင့်အမေရိကန်တို့မှ ပံ့ပိုးမှုနှင့်အတူ လက်ချင်စတိန်းက အဆိုပြုခဲ့သည့် ဆုံးဖြတ်ချက် အစီအမံကို မေလ ၁၈ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော မျက်နှာစုံညီ အစည်းအဝေးတွင် စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်သည်။

ထို မူကြမ်းဆုံးဖြတ်ချက်တွင် မြန်မာသို့ လက်နက်အားလုံး၊ ခဲယမ်းမီးကျောက်များနှင့် အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ‌ထောက်ပံ့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းကို ချက်ချင်း ရပ်ဆိုင်းရေး တောင်းဆိုမည် ဖြစ်သည်။
“အစည်းအဝေးကတော့ လူကိုယ်တိုင် တက်ရောက်စည်းဝေးကြမှာ ဖြစ်ပါတယ်” ဟု ကုလ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောသည်။

သီတင်းပတ်များကြာ ညှိနှိုင်းဆွေးနွေးထားခဲ့သည့် ထိုမူကြမ်းကို နိုင်ငံ ၄၈ နိုင်ငံက ပူးတွဲထောက်ပံ့ထားပြီး ယင်းတွင် တောင်ကိုရီးယားက တစ်ခုတည်းသော အာရှနိုင်ငံအဖြစ် ပါ၀င်နေသည်။

ထို့ပြင် ထိုမူကြမ်းဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၌ အရေးပေါ် အခြေအနေ ကြေညာမှု အဆုံးသတ်ရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုနည်းလမ်းမှန်သမျှ ချက်ချင်း ရပ်တန့်ရေး၊ သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးနှင့် အာဏာသိမ်းမှုနောက်ပိုင်း တစ်ဖက်သတ် မတရား ဖမ်းဆီးခံရပြီး တရားစွဲခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် အာဏာသိမ်းစစ်တပ်ကို တောင်းဆိုထားသည်။

မြန်မာကို လက်နက် ရောင်းချမှု ပိတ်ပင်ရေးအတွက် NGOs အဖွဲ့အစည်းများက တောင်းဆိုမှုများ လုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly